တခုတည်းသော နိုင်ငံရေးဦးဆောင်မှုနဲ့ တပ်မတော်တရပ်အဖြစ် ရည်မှန်းချက်ထားပြီး ကြိုးပမ်းသွားမယ်လို့ ထားဝယ်တော်လှန်ရေးတပ် ၃ ခု ကြေညာ
တခုတည်းသော နိုင်ငံရေးဦးဆောင်မှုနဲ့ တပ်မတော်တရပ်အဖြစ် ရည်မှန်းချက်ထားပြီး ကြိုးပမ်းသွားမယ်လို့ ထားဝယ်တော်လှန်ရေးတပ် ၃ ခု ကြေညာ
ထားဝယ်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ထားဝယ်ဒေသ လွတ်မြောက်ရေးတို့အတွက် တခုတည်းသော နိုင်ငံရေးဦးဆောင်မှုနဲ့ တပ်မတော်တရပ်အဖြစ် ရည်မှန်းချက်ထားပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး မဆုတ်မနစ် ကြိုးပမ်းသွားမယ်လို့ ထားဝယ်လက်နက်ကိုင်တော်လှန်ရေးတပ်သုံးခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မနေ့က ကျရောက်တဲ့ ၆ နှစ်မြောက် ထားဝယ်အမျိုးသားနေ့မှာ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - TPLF၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် - DNLA တို့က ထုတ်ပြန်ကြေညာခဲ့တာပါ။
“ကျနော်တို့ ၃ ဖွဲ့စလုံးက အခုတော်လှန်ရေးမှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်းချက်တူတဲ့သူတွေချင်း စုစည်းညီညွတ်မှ ပြည်သူတွေ လိုလားတဲ့ ပန်းတိုင်ကို မနှေးအမြန် ရောက်နိုင်မယ်လို့ ချွင်းချက်မရှိ ယုံကြည်ကြပါတယ်။ ထားဝယ်အတွက် တိကျရှင်းလင်းတဲ့ မူဝါဒ ရည်မှန်းချက်တွေနဲ့အတူ တခုတည်းသော နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအောက်မှာ သွားကြဖို့ ရည်မှန်းထားပြီးသားဖြစ်ပါတယ်” လို့ TPLF ရဲ့တပ်ရေးအရာရှိ ကိုဝေကပြောပါတယ်။
ထားဝယ်လူမျိုးတွေအနေနဲ့လည်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ တန်းတူ တက်ညီလက်ညီ ကြိုးပမ်းပါဝင်နိုင်ဖို့ အတွက် ထားဝယ်လူမျိုးတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ထားဝယ်ဒေသ လွတ်မြောက်ရေး အတွက် အမျိုးသားဒီမိုကရေစီတော်လှန်ရေးအနေနဲ့ တိုက်ပွဲဝင်ရမှာဟာ ထားဝယ်အမျိုးသားတစ်ရပ်လုံးရဲ့ သမိုင်းတာဝန်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလူမျိုးတွေနဲ့ပြည်သူလူထု တရပ်လုံးရဲ့ ပန်းတိုင်ဟာ အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒတို့ အမြစ်ပြတ် ချုပ်ငြိမ်းပြီး လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှု အပြည့်အဝရှိတဲ့ ပြည်ထောင်တွေ စုပေါင်းတည်ထောင်မယ့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်တယ်လို့ ရှုမြင်လက်ခံတယ်လို့လည်း ပူးပေါင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပထမဆုံးအကြိမ်ထားဝယ်အမျိုးသားညီလာခံကို ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့ပြီး ထားဝယ်အမျိုးသားညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့ အနေနဲ့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
