ထိုင်းရောက် တနင်္သာရီကရင်တွေရဲ့ နှစ်သစ်ကူးပွဲတော်
ထိုင်းရောက် တနင်္သာရီကရင်တွေရဲ့ နှစ်သစ်ကူးပွဲတော်
ထိုင်းနိုင်ငံရဲ့ နှင်းမစဲသေးတဲ့ နံနက်ခင်းအောက်က ကွင်းပြင်ကျယ်ပေါ်မှာ ကရင်လူမျိုး ၁၀၀၀ နီးပါး စုဝေးမတ်တပ်ရပ်နေကြပါပါတယ်။
သူတို့မျက်နှာမူထားတာကတော့ ပေ ၅၀ လောက်ကျယ်တဲ့ စင်မြင့်ကိုပါ။
စင်မြင့်ပေါ်မှာတော့ ကရင်လူမျိုး ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအပါအဝင် ကရင်အစုအဖွဲ့ခေါင်းဆောင်တွေ ထိုင်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် ထထပြီး ဟောကြပြောပါတယ်။
အဓိကကတော့ “ကရင်လူမျိုးတွေ စည်းလုံးကြ” ဖို့ ဟောကြ ပြောကြပါတယ်။
နေရာက ထိုင်းနိုင်ငံဆိုပေမယ့် ကွင်းပြင်တစ်ခုလုံးမှာ ထိုင်းနိုင်ငံအငွေ့အသက်ဆိုလို့ မီးဆိုင်းတိုင်အချို့သာ တွေ့ရပြီး အားလုံးက ကရင်ရိုးရာ၊ ကရင်စကားသံတွေသာ ဖုံးလွမ်းနေပါတယ်။
တစ်ယောက် ဟောပြီးတိုင်း ဖျော်ဖြေရေးအစီအစဉ်တစ်ခု ကြားညှပ်တင်ဆက်ပါတယ်။
နံနက်ခင်းဟာ ကရင်ရိုးရာတေးဂီတသံတွေ လွမ်းဝေနေပါတော့တယ်။
ကရင်အမျိုးသားအမျိုးသမီးတို့ရဲ့ ဒုံးယိမ်းအက က လွှင့်ဝှေ့လိုက်ကြတဲ့ ကရင်ပုဝါစတွေဟာ ထိုင်းနိုင်ငံလေထုထဲ တလူလူလွင့်နေပါတော့တယ်။
စင်အောက်က လူအုပ်ကြီးကလည်း သစ်လွင်တဲ့ ကရင်ရိုးရာဝတ်စုံကိုယ်စီနဲ့ ကရင်တေးသွားကို လိုက်ညည်းဆိုရင် စည်းချက်လက်ခုပ်တီးကာ ယိမ်းနွဲ့ရင်း နှစ်သစ်ကူးနံနက်ခင်းကို ဖြတ်ကျော်နေကြပါတယ်။
သူတို့အားလုံးဟာ သူတို့ တနောသရီလို့ ခေါ်ကြတဲ့ တနင်္သာရီတိုင်းက ဌာနီကရင်တိုင်းရင်းသားတွေပါ။
အချို့ကတော့ ထိုင်းနယ်စပ်တွေမှာ လာရောက်အထိုင်ချနေထိုင်တာ နှစ်ဆယ်ချီ ကြာမြင့်နေကြပါပြီ။
ယခုပွဲတော်ကျင်းပတဲ့ ထိုင်းနိုင်ငံ လတ်ချ်ဘူရီခရိုင်၊ စွန်ဖူးဒေသရဲ့ ထိုင်းမြန်မာနယ်စပ် ထိုင်းဘက်ခြမ်းမှာ ရွာငယ်လေးတွေ တည်ထောင်နေထိုင်နေကြတာပါ။
အဲလိုနေထိုင်သူအားလုံးဟာ တနင်္သာရီတိုင်းနဲ့တကွ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေကြောင့် စစ်ရှောင်ရင်း ရောက်လာသူတွေပဲ ဖြစ်ကြပါတယ်။
အချို့ကတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် အကြောင်းအမျိုးမျိုးနဲ့ ဆက်နေလို့ မဖြစ်နိုင်လို့ ထွက်ခွာလာကြသူတွေပါ။
“ရွာမှာလည်း နှစ်သစ်ကူးပွဲ ကျင်းပနေတယ်တဲ့။ အဖေ့ဆီက ဖုန်းလာတယ်။ အကျဉ်းရုံးပေါ့လေ” ဟု ထားဝယ်အရှေ့တောနယ်သား ကရင်အမျိုးသားတစ်ဦးက ပြောပါတယ်။
နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ဆိုရင် ထားဝယ်အရှေ့တောနယ်မှာ ကရင်ကျေးရွာတွေစုပေါင်းပြီး နှစ်သစ်ကူးပွဲတော်ကို တစ်နေရာတည်းမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။
ကျေးရွာပေါင်းစုံ ဘောလုံးပွဲကအစ အခြားပြပွဲပြိုင်ပွဲတွေနဲ့ ဝက်သားငရုပ်စိမ်းအစပ်ကရင်ချက် စတုဒီသာလို အကျွေးအမွေးတွေနဲ့ ဖွယ်ဖွယ်ရာရာ ကျင်းပကြတာပါ။
ရွာနီးစပ်ကရင်တွေသာမက ရပ်ဝေးရွာဝေးမှလည်း ရောက်လာကြတော့ ဖုန်အလိမ်းလိမ်းထနေတဲ့ ကားတန်းကြီးဟာ ပွဲကျင်းပတဲ့ ရွာလမ်းဘေးတစ်လျှောက်အပြည့်နီးပါပါပဲ။
ဒီနှစ်မှာတော့ လတ်တလော ဖြစ်ပွားတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေအရ အဲလို စုပေါင်းမကျင်းပနိုင်တော့ဘဲ ကိုယ့်ရွာမှာကိုယ် စတိသဘောသာ ကျင်းပနိုင်ကြတော့တယ်လို့ သိရပါတယ်။
ယခု ထိုင်းနိုင်ငံ၊ စွန်ဖူးဒေသမှာ ကျင်းပတဲ့ပွဲကတော့ တနင်္သာရီတိုင်းက ထိုင်းရောက်ကရင်တွေအားလုံး စုစည်းကျင်းပတဲ့ တစ်ခုတည်းသော နှစ်သစ်ကူးပွဲတော်အခမ်းအနားလို့ သိရပါတယ်။
စွန်ဖူးဒေသဟာ ထိုင်းနိုင်ငံနဲ့ မြိတ်ခရိုင်တို့ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး ပွဲတော်ကျင်းပတဲ့ ဝေဟင်ရွာ(ဒေသအခေါ်) ဟာ ပုလောနဲ့ အရှေ့အနောက် တန်းနေပါတယ်။
ပွဲတော် ကျင်းပတာဟာ ယခုနှစ်ဆို ဒုတိယနှစ်မြောက်ဖြစ်ပြီး ထိုင်းအာဏာပိုင်တို့ဆီမှာ တရားဝင်ခွင့်ပြုချက်တာင်းခံကျင်းပကြတာပါ။
ဟောပြောပွဲ ပြီးတဲ့အချိန်မှာတော့ ဖော့ဘူးနဲ့ ထည့်ထားတဲ့ ထမင်းနဲ့ ကြက်သားပေါင်း၊ ဝက်သားဟင်းချက်တွေ၊ ရေဘူးတွေ လိုသလောက် ပေးကြ၊ကျွေးကြပါတယ်။
ထမင်းဘူးတွေဟာ နီးစပ်ရွာ ၃ ရွာလောက်က အဖွဲ့သုံးဖွဲ့က တာဝန်ယူ ချက်ပြုတ်သယ်ဆောင်လာကြတာမို့ ဟင်းတွေ မတူပါဘူး။
ထမင်းကိုတော့ ပြခန်းငယ်လို၊ သစ်ပင်အောက်လို အရိပ်ရှိရာမှာ ဝိုင်းဖွဲ့စားသောက်ကြပါတယ်။
ပြခန်းငယ်ထဲမှာတော့ ကရင်လူမျိုးတို့ရဲ့ သမိုင်းကြောင်းကို ပုံတွေနဲ့ အကျဉ်းရုံး ပြသထားပါတယ်။ ပွဲတော်အမှတ်တရအင်္ကျီလည်း တစ်ထည် ဘတ် ၂၀၀ နဲ့ ရောင်းချပေးနေပါတယ်။
ထမင်းစားပြီးတာနဲ့ ဝက်ဆီတိုင်(ချောတိုင်) တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဂုံနီအိတ်စွပ်ပြေးပွဲ၊ ဘော်လီဘောပြိုင်ပွဲတွေ ဆက်တိုက်ကျင်းပကြပါတယ်။
Miss Karen Global 2024 ဆုရ ကရင်အလှမောင်၊ အလှမယ်တို့ကလည်း နှစ်သစ်ကူးပွဲလာသူတွေနဲ့ ဓာတ်ပုံတွဲရိုက်ခံနေကြပါတယ်။
နေမြင့်လာတော့ လူစုခွဲ ရပ်နားလိုက်ကြပြီး ညမှာ ဆက်ကဲဖို့ အားမွေးလိုက်ကြပါတယ်။
ပွဲတော်ညတွေမှာ လူငယ်ကြိုက်စတိတ်ရှိုးက အခမဲ့ပါ။ ကောင်းကောင်းတို့လို ကရင်အဆိုတော်တွေ လာဖျော်ဖြေကြတော့ ကရင်လူငယ်တွေဟာ အိမ်ပြန်နောက်ကျနေကြတာ ၅ ရက် ရှိနေကြပါပြီ။
နှစ်သစ်ကူးနေ့က ပြာသိုလဆန်း ၁ ရက်နေ့(ဇန်နဝါရီ ၁၁ ရက်နေ့)ဆိုပေမယ့် ပွဲတော်ကို ဇန်နဝါရီ ၇ ရက်နေ့ကစ ကျင်းပနေကြပါတယ်။
မြန်မာနိုင်ငံသားလူငယ်တို့ထုံးစံ စတိတ်ရှိုးက ကခုန်ရင်း ပေါ်ပေါက်လာတဲ့ ရန်ပွဲငယ် လေးတွေကလည်း စတိတ်စင် အနောက်ဘက်မှာ တိုးတိုးတိတ်တိတ်။
ဘယ်လိုပဲဖြစ်ဖြစ် တနင်္သာရီတိုင်းသား ကရင်လူမျိုးတို့ရဲ့ တေးသံတွေ၊ ဖားစည်သံတွေ ကရင်လူမျိုးတို့ အငွေ့အသက်တွေ ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ စွန်ဖူးဒေသမှာ ၅ ရက်တိုင်တိုင် ဝေ့လွင့်ပျံ့လွှမ်းနေခဲ့ပါတော့တယ်။
“ပျော်ပွဲရွှင်ပွဲဆို ကိုယ့်နိုင်ငံမှာ လုပ်ရတာကတော့ ပျော်စရာအကောင်းဆုံးပေါ့ဗျာ” လို့ အသက် ၅၀ အရွယ် ကရင်အမျိုးသားက ပြောပါတယ်။
