ဗြိတိန်နဲ့ EU နိုင်ငံတချို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန်ဆောင်ဖို့ စစ်ကောင်စီစာထုတ်

ဗြိတိန်နဲ့ EU နိုင်ငံတချို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ငွေခွန်ဆောင်ဖို့ စစ်ကောင်စီစာထုတ်

ပုံစာ- ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မြန်မာတွေ ဆန္ဒပြနေပုံ

ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံနေတဲ့ စစ်ကောင်စီဟာ ဗြိတိန်နဲ့ EU နိုင်ငံတချို့က မြန်မာတွေ ဝင်ငွေဆောင်ဖို့ စာထုတ်ပြီး သတိပေးလိုက်ပါတယ်။

စစ်ကောင်စီဟာ စင်ကာပူနဲ့ ထိုင်းမှာရှိတဲ့ မြန်မာလုပ်သားတွေ ဝင်ငွေခွန်ဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အောင်တိုဘာလ မတိုင်ခင်ကတည်းက ထုတ် ပြန်ချက်တွေ မကြာခဏထုတ်ပြီး သတိပေးနေတာပါ။ ဗြိတိန်နဲ့ EU နိုင်ငံတွေ ဖြစ်တဲ့ ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေအခွန်ဆောင်ဖို့ကိစ္စကိုတော့ ဒီကနေ့မှာ စာထုတ်ပြီး ထပ်သတိပေးလာတာပဲ ဖြစ်ပါတယ်။

မြန်မာနဲ့ ဗြိတိန်တို့အကြား အခွန်နှစ်ထပ် ကျသင့်မှု မရှိစေရေး သဘောတူစာချုပ် Double Taxatuin Agreement အရ ဗြိတိန်မှာ ဝင်ငွေခွဆောင်ထားတဲ့ အထောက်အထား ပြသနိုင် ရင်တော့ မြန်မာကို ဝင်ငွေခွန် ထပ်ပေးဖို့ မလိုပါဘူး။ ဒါပေမဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထားမပြနိုင်ရင်၊ ဝင်ငွေခွန်ဆောင်ရမယ့်လစာဝင်ငွေအောက် လျော့နည်းနေရင် လစာရဲ့ ၂ ရာခိုင်နှုန်းကို လစဉ် ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဆွီဒင်၊ ဒိန်းမတ်နဲ့ အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဆင့်မြင့်ကုမ္ပဏီဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျွမ်းကျင်ပညာသည် စတဲ့ အဆင့်မြင့်ကျွမ်းကျင်လုပ်သား၊ သူနာပြု၊ ယာဉ်မောင်း၊ စားဖိုမှူး၊ စားပွဲထိုး၊ အရောင်းဝန်ထမ်း စတဲ့ ကျွမ်းကျင်လုပ်သား၊ အိမ်ထောင်မှုအထောက်အပံ့၊ သန့်ရှင်းရေး စတဲ့ အလုပ်အမျိုးအစားအလိုက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ပျက်စီး၊ ပျောက်ဆုံးလို့ နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားချိန်နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) လျှောက်တာ၊ ကောင်စစ်ဆိုင်ရာကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထား ပြဖို့လိုပြီး မပြနိုင်ရင် ဆောင်ရွက်ပေးမှု မဟုတ်ဘူးလို့လည်း စစ် ကောင်စီရဲ့ ကြေညာချက်မှာ သတိပေးထားပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာကတည်းက ပြည်ပရောက်နိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန်စည်းကြပ် ကောက်ခံဖို့အတွက် အခွန်ကောက်ဥပဒေကို ပြင်ဆင်လိုက်တဲ့ ဥပဒေတရပ် ပြဌာန်းလိုက်တာပါ။ အဆိုပါ ပြဌာန်းချက်ကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ ကိစ္စ၊ နေထိုင်ခွင့်ဗီဇာလျှောက်တဲ့ကိစ္စ၊ မြန်မာပြည်ကို ပြန်လာဖို့ စတာတွေအပေါ် အကြပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကောက်ခံတဲ့ အခွန်ငွေတွေဟာ မြန်မာပြည်တွင်းရှိ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့နေရာမှာ ကျည်ဆံဖိုးတွေ လေယာဉ်ဆီတွေအဖြစ် စီးဆင်းနေတဲ့ သွေးစွန်းငွေတွေ ဖြစ်တဲ့အတွက် ကန့်ကွက်ခဲ့ကြပါတယ်။

တနိုင်ငံချင်းအလိုက် သွေးစွန်းခွန်တွေ မစီးဆင်းနိုင်ဖို့ မိမိတို့ ပါဝင်နိုင်တဲ့ နည်းလမ်းပေါင်းစုံကနေ ပါဝင်ပေးကြဖို့ကိုလည်း ပြည်တွင်းရှိ အာဏာရှင်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို မေတ္တာရပ်ခံတိုက်တွန်းတာတွေတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times