မြန်မာပြည်တွင်းစစ်ကနေ တရုတ် ဘာတွေလိုချင်နေသလဲ
မြန်မာပြည်တွင်းစစ်ကနေ တရုတ် ဘာတွေလိုချင်နေသလဲ
တရုတ်ဦးဆောင်မှုနဲ့ ဒေသတွင်းအပစ်အခတ်ရပ်စဲရေးက မြန်မာပြည််တွင်း ပဋိပက္ခကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်မှာ မဟုတ်။
တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုကြောင့် ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီ အကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှု အကြိမ်အကြိမ်ပြုလုပ်ခဲ့ကြပေမဲ့ နာရီပိုင်းအကြာမှာပဲ အဆိုပါ သဘောတူညီမှုတွေ ပျက်ပြယ်သွားတတ်တာ ပုံမှန်လို ဖြစ်လာပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ်ကနေ မိုင် ၂၅၀ ဝေးကွာတဲ့ တရုတ်နိုင်ငံကူးမင်းမြို့မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါတယ်။
ဒီသဘောတူညီချက်အရ တရုတ်ပြည်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် တစ်ခုတည်းအတွက်သာ ဖြစ်တာကြောင့် ရှမ်းပြည်နယ်မှာ ရှိတဲ့ တရုတ်အကျိုးစီးပွားတွေနဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးအတွက်သာ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီက အဆိုပါ သဘောတူညီချက်ကို အဲဒီ့နေ့မှာတင် ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ သောကြာနဲ့ စနေ နှစ်ရက်စလုံးမှာ ရှမ်းပြည်မြောက်ပိုင်းကို နေရာအနှံ့ဖြန့်ကျက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းမီဒီယာတွေက ဖော်ပြလာပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့တို့အကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးမှ ပေါ်ပေါက်ခဲ့တာ ဖြစ်ပေမဲ့ မရှေးမနှောင်းမှာပဲ သဘောတူညီမှု ပျက်ပြယ်ကြောင်း နှစ်ဖက်ကြေညာချက်တွေ ထုတ်ပြန်တတ်တာကြောင့် လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူမှုကလည်း အကောင်အထည်ဖော်ဖို့ မရှိနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားတစ်ခုတည်းကြောင့်ပဲ ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေရတာ” လို့ US Institute of Peace ရဲ့ Burma Program ဒါရိုက်တာ Jason Tower က Vox သတင်းဌာနကို ပြောပါတယ်။
ဆက်လက်ပြီး “တကယ်တော့ ဒီသဘောတူညီချက်က အစကတည်းက ပျက်ပြယ်နေပြီးသားပဲ။ ဒီမှာပါဝင်ကြတဲ့ အဖွဲ့အစည်းအားလုံးက ဒီအပေါ်မှာ စိတ်ပါဝင်စားမှုရှိကြောင်း လုံးဝ မပြကြဘူးလေ။ သူတို့ရဲ့ တွေ့ဆုံမှုတွေမှာ (အပစ်ခတ်ရပ်စဲရေး) အခြေအနေတွေနဲ့ပတ်သက်ပြီး အလေးအနက်ထား ဆွေးနွေးတဲ့ပုံစံ မတွေ့ရဘူး” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတစ်စုံတရာ မတွေ့ရသေးပါဘူး။
အပစ်အခတ်ရပ်စဲရေးက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ နဲ့သာ ဆွေးနွေးနေတာဖြစ်သလို နေရာ ဒေသတစ်ခုတည်းကို ဦးတည် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
“ဒီအပေါ်မှာ သူတို့ကို တော်လှန်ရေးသစ္စာဖောက်တွေလို့ အခြားသူတွေကလည်း ထင်ကြမှာ မဟုတ်ပါဘူး။ အဲဒီ့အစား တရုတ်နိုင်ငံအပေါ် စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ပိုမြင်လာရတယ်။ ဘာလို့လဲဆိုတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” နဲ့ “နိုင်ငံရေးမှာ စစ်တပ် ဝင်မစွက်ဖက်ရေး” ဆိုတဲ့ တော်လှန်ရေး ရည်မှန်းချက်တွေမှာ တရုတ်က အတားအဆီးကြီး တစ်ခု ဖြစ်နေတယ်လို့ လူတွေမြင်သာလာကြပြီလေ” လို့ Jason Tower က ပြောပါတယ်။
နောက်ကြောင်းပြန်ဖို့ အနေအထား လုံးဝမရှိနိုင်
မြန်မာနိုင်ငံဟာ သမိုင်းတလျှောက် ရှည်ကြာတဲ့ ပြည်တွင်းစစ်နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရွေးကောက်ပွဲတွေ ပေါ်ပေါ်က်ခဲ့ပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကအနိုင်ရခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ လွှတ်တော်သစ် စတင်မယ့်နေ့မှာတော့ စစ်တပ်အာဏာသိမ်းခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော NLD ပါတီဝင်တွေကို ဖမ်းဆီးခဲ့ပြီး တပ်မတော်အရာရှိဟောင်း ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် သတ်မှတ်ကာ နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်များစွာ ကတည်းက လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေ တည်ရှိခဲ့ကြပါတယ်။
မြန်မာဟာ လူမျိုးစု စုံလင်ကွဲပြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေကတော့ စစ်တပ်နဲ့ အစိုးရအဖွဲ့အပါအဝင် လူမှုအသိုက်အဝန်းမှာ အခွင့်ထူးခံနေရာ ပိုပိုသာသာ ရရှိစမြဲ ဖြစ်ပါတယ်။
သမိုင်းတလျှောက် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့လက်အောက်မှာ ဖြစ်စေ စစ်အာဏာရှင်စနစ်အောက်မှာဖြစ်စေ ရှမ်း၊ ကရင်၊ ရခိုင် စတဲ့ လူမျိုးစုငယ်တွေဟာ ခွဲခြားဆက်ဆံမှုမျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲ့အချိန်ကတည်းက သူတို့ဒေသ၊ သူတို့ လူမျိုးစုတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေဖွဲ့စည်းကာ တန်ပြန်တိုက်ခိုက် တော်လှန်နေခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ တော်လှန်ပုန်ကန်မှုတွေ စတင်စေခဲ့ပါတယ်။ အစပိုင်းမှာ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ဆန့်ကျင်ခဲ့ကြပေမဲ့ စစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ စတင်ခဲ့တာကြောင့် ပြည်သူတွေဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်မှုအသွင် ပြောင်းလဲခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ထိုအချိန်ကစတင်ပြီး လက်နက်ကြီးအမျိုးမျိုးနဲ့ ပြင်းထန်ရက်စက်တဲ့ ဖြိုခွင်းမှုတွေကို တရစပ် လုပ်ဆောင်ခဲ့ပါတယ်။ လက်နက်မဲ့ အရပ်သားတွေကိုပါ အမြောက်ကြီး၊ မြှေမြှုပ်မိုင်း၊ ဒုံးကျည်စတဲ့ အားပြင်း လက်နက်တွေကို သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အရပ်သား ၆၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ Peace Research Institute Oslo က ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် အခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ပြည်သူ ၂ သန်းနီးပါး ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂက ကြေညာထားပါတယ်။
စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း စစ်ဘေးရှောင် အရေအတွက် ပိုတိုးလာတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေး ၁၀၂၇ ဟာ လပေါင်းများစွာ အစီအစဥ်တကျ ပြင်ဆင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ သုံးသပ်နိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်ခဲ့ပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ထိရောက်တဲ့ ခြေလှမ်းအနေနဲ့ သုံးသပ်ကြပါတယ်။
“တော်လှန်ရေးတပ်အားစုတွေအကြား ပူပေါင်းဆောင်ရွက်မှု အနေအထားကို အတိအကျ မသိရပေမဲ့ ဒီစစ်ဆင်ရေးရဲ့ ထိရောက်မှု အတိုင်းအတာနဲ့ စီမံခန့်ခွဲမှု အနေအထားတွေကို သုံးသပ်ရမယ်ဆိုရင် အရင်ကထက် ပိုခရီးရောက်ခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ်” လို့ ထိုင်းနိုင်ငံအခြေစိုက် လေ့လာသုံးသပ်သူ David Mathieson က ဆိုပါတယ်။
ဆက်လက်ပြီး ၂၀၀၉ ခုနှစ်ကတည်းက မဟာမိတ်ဖွဲ့ခဲ့တဲ့ ညီနောင်သုံးဖွဲ့ရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်မှုကို အဓိက မြင်ရတဲ့အပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) လိုအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်တာ တွေ့ရကြောင်း Mathieson က ပြောပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ တရုတ်ရဲ့ အခန်းကဏ္ဍက ဘာလဲ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အထင်အရှားလုပ်ကိုင်နေကြတဲ့ တရားမဝင် ငွေကြေးလိမ်လည်မှုလုပ်ငန်းဟာ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေကို တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်လာတာ တွေ့ရပါတယ်။
ဒီတရားမဝင် လုပ်ငန်းတွေကို တရုတ်ရာဇဝတ်ဂိုဏ်းတွေက ဦးစီးနေပြီး အလုပ်သမားတွေအဖြစ် တရုတ်နိုင်ငံသားတွေကို သွေးဆောင်ဖြားယောင်း ခေါ်ယူစေခိုင်းနေတာ ဖြစ်ပါတယ်။ တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ကို ဝင်ငွေမြင့်အလုပ်တွေ ရမယ်လို့ လိမ်လည်ပြောဆိုကာ လူကုန်ကူးပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေကို အလုပ်သမားအဖြစ် ရောင်းစားနေတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကို ရောင်စားခံရသူ တရုတ်အလုပ်သမားတွေအနေနဲ့ နယ်စပ်ဒေသအခြေစိုက် ငွေကြေးလိမ်လည်ရေး လုပ်ငန်းတွေအတွက် cryptocurrency အပါအဝင် အယုံသွင်း လိမ်လည်မှုမျိုးစုံလုပ်ကာ အလုပ်ရှင်တွေအတွက် ပိုက်ဆံရှာပေးကြရပါတယ်။ အဆိုပါ ငွေကြေးလိမ်လည်ရေးလုပ်ငန်းတွေကို အရေးယူကာ တရားခံတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးဖို့ မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်အုပ်စုကို တရုတ်အစိုးရက အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်ဟာ တော်လှန်ရေးလှုပ်ရှားမှုအတွက် အချက်အချာနေရာတစ်ခုဖြစ်နေပါတယ်။ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် လက်နက်၊ ဆေးဝါး၊ နဲ့ ငွေကြေး လမ်းကြောင်းတွေမှာ အရေးပါတဲ့ ဒေသဖြစ်တယ်လို့ Tower က ရှင်းပြပါတယ်။
ဒါ့အပြင် “ရှမ်းပြည်မြောက်ပိုင်းကို ထိန်းချုပ်နိုင်မယ်ဆိုရင် နယ်မြေစိုးမိုးမှု အသာစီးပိုရဖို့ သေချာသလောက်ပဲ” လို့ မြန်မာနိုင်ငံသား လေ့လာသုံးသပ်သူ ကိုသီဟဝင့်အောင်က ဆိုပါတယ်။
လားရှိုးနဲ့ မူဆယ်တို့လို တရုတ်နဲ့ ကုန်သွယ်မှုမှာ ဗျူဟာမြောက် အချက်အချာကျတဲ့ နေရာတွေကိုတော့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ဝိုင်းရံပိတ်ဆို့ ထားတယ်လို့ သူက ဆက်ပြောပါတယ်။ တရုတ်နိုင်ငံအတွက် မြန်မာက မဟာဗျူဟာမြောက်အရေးပါသလို ရှမ်းပြည်ကလည်း အလားတူ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေပါတယ်။ ဒါ့ကြောင့် တရုတ်ဟာ ရှမ်းပြည်မှာ ရှိတဲ့ တရုတ်အကျိုးစီးပွားတွေ မထိခိုက်ရေး ပြီးခဲ့တဲ့ နှစ်နှစ်လုံး စစ်ကောင်စီနဲ့ အလုပ်လုပ်ခဲ့တယ်လို့ Tower က ပြောပါတယ်။
“[တရုတ်] က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်နေတယ်။ ဒီပိုက်လိုင်းတွေက တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်တွေအတွက် သဘာဝဓာတ်ငွေ့ရဖို့ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်နေတယ်။ မကြာသေးခင်အချိန်ကအထိ ဒီပိုက်လိုင်းတွေရဲ့ လုံခြုံရေးကို စစ်ကောင်စီ အဓိကတာဝန်ယူပေးနေတာပဲ” လို့ Jason Tower က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကုန်သွယ်ရေး ထွက်ပေါက်လည်း ဖြစ်နေပါတယ်။
တရုတ်နိုင်ငံကနေ အခြားဒေသတွင်း အာရှနိုင်ငံတွေနဲ့ အာဖရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ စတဲ့ ဒေသတွေကို အိန္ဒိယသမုဒ္ဒရာကတဆင့် အလွယ်တကူ ကုန်သွယ်နိုင်ရေးအတွက် အရေးကြီးတဲ့ မလက္ကာရေလက်ကြားကို ဝင်ရောက်နိုင်ဖို့ မြန်မာက အချက်အချာ ကျတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
“တရုတ်နိုင်ငံရဲ့ စွမ်းအင် ရယူမှု အခန်းကဏ္ဍမှာ ဒီအချက်က အထူးအရေးကြီးတဲ့ အချက်ဖြစ်တယ်” လို့ နိုင်ငံတကာငြိမ်းချမ်းရေးအတွက် Carnegie Endowment for International Peace ရဲ့ Indian Ocean Program ဒါရိုက်တာ Darshana Baruah က ဆိုပါတယ်။
တရုတ်နိုင်ငံကို ရေနံစိမ်းရောင်းချမှု အများဆုံး ၁၀ ဦးထဲက ၉ ဦးဟာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းအသုံးပြုနေတယ်လို့ Baruah က ရဲ့ အင်ဒို-ပစိဖိတ် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီရှေ့မှာ ဧပြီလ တင်ပြခဲ့ပါတယ်။
တရုတ်ဟာ EAOs ၊ စစ်ကောင်စီ နှစ်ဖက်စလုံးနဲ့ လက်တွဲဆောင်ရွက်နေပေမဲ့ သူတို့အကျိုးစီးပွားကာကွယ်နိုင်ရေး စစ်ကောင်စီအပေါ် ပိုမို မျှော်လင့်ထားတယ်လို့ Jason Tower က သုံးသပ်ပါတယ်။ စီးပွားရေးအရ အရည်အချင်းမရှိတဲ့အပြင် ရာဇဝတ်မှုတွေ ကျူးလွန်နေဆဲ ဖြစ်ပေမဲ့ တရုတ်အကျိုးစီးပွားတွေကာကွယ်ပေးနိုင်ရေး စစ်ကောင်စီအပေါ် တရုတ်က ပိုယုံကြည်ကြောင်း ပြနေတယ်လို့ ဆိုပါတယ်။
“တရုတ်ရဲ့ ဦးတည်ချက်က စစ်ကောင်စီအနေနဲ့ သူ့အပေါ် အလွန်အကျူးမှီခိုနေရတဲ့ အခြေအနေကို ဖော်ဆောင်နိုင်ရေး ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဓိက ကတော့ အိန္ဒိယသမုဒ္ဒရာမှာ ရှိတဲ့ အကျိုးစီးပွားတွေ မြှင့်တင်ဖို့ နဲ့ နယ်စပ်ဒေသက ရင်းနှီးမြှုပ်နှံမှုကို လုံခြုံမှုပေးနိုင်မှာ သေချာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တရုတ်က ရေရှည်လက်တွဲလုပ်ဆောင်ဖို့ ကြိုးစားလိမ့်မယ်” လို့ Jason Tower က သုံးသပ်ပြောကြားပါတယ်။
ဆက်လက်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အတွက် တရုတ်က ဆက်လက် ဦးဆောင် ညှိနှိုင်းနေမှာ ဖြစ်ပေမဲ့ ဒီသဘောတူညီချက်တွေက ကြာရှည်ခံမှာ မဟုတ်သလို မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ လည်း ပြီးဆုံးဖို့ အလားအလာ နည်းပါးကြောင်း ကိုသီဟဝင့်အောင်က မှတ်ချက်ပြုပါတယ်။
“စစ်အာဏာရှင်စနစ်အာဏာတည်နေသရွေ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဟာ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်မရဘူးဆိုတာ လူမျိုးစုလက်နက်ကိုင်အဖွဲ့ (EAO) တွေ က ကောင်းကောင်းသိပါတယ်”လို့ သူက ဆိုပါတယ်။
