မိုးကုတ်မြို့က TNLA တပ်စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေ

မိုးကုတ်မြို့က TNLA တပ်စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေ

■ ဟိုင်ဂင် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို စစ်ကောင်စီက အကြိမ်ကြိမ်ချိုးဖောက်နေတယ်လို့ TNLA ပြော

မိုးကုတ်မြို့နယ် က တအာင်းတပ်မတော် TNLA အခြေစိုက်ရာနေရာကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း TNLA ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်က ဇန်နဝါရီ ၂၁ ရက်နေ့ ည ၈ နာရီအချိန် စစ်တင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက် (၃)လက် သိမ်းဆည်းရမိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တပ်တွေဟာ မိုးကုတ်မြို့ နဲ့ မိုးမိတ်ကြား က တအာင်းတပ်မတော် TNLA ရှိရာနေရာ ကို လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

စစ်ကောင်စီဟာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ “ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု” ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက် လုပ်ဆောင်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရယူပြီး နောက်ပိုင်းရက်တွေကစတင်ပြီး တအာင်းတပ်မတော် TNLA ကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လည်းဆိုပါတယ်။

ဇန်နဝါရီ လ ၁၃ ရက်နေ့မှာ ကျောက်မဲမြို့ မှာ ရှိတဲ့ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်း စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းက အင်အားအလုံးအရင်း နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံ အရပ်သားတွေ ကို ထိခိုက်မှာ နဲ့ အဆုံးအရှုံး များမှာကို စိုးရိမ်တာကြောင့် TNLA အခြေချတပ်စွဲ ထားတဲ့ ငြိမ်းချမ်းရေး ကုန်းကနေယာယီ နောက်ဆုတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီ တပ်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိတဲ့နေ့စလို့ ဒီကနေ့ ဇန်နဝါရီ ၂၂ ထိ တအာင်းတပ်မတော် PSLF/TNLA တပ်တွေ ရှိတဲ့ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိုးမြို့နယ်‌တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခြင်း ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ “ဟိုင်ဂင် သဘောတူညီမှု”ကြောင့်သာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေကို မတိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို မလိုက်နာရင် သတ်မှတ်ထားတဲ့အတိုင်း စစ်ဆင်ရေးပစ်မှတ်တွေ နဲ့ မြိုသိမ်းတိုက်ပွဲတွေကို ဆက်အကောင်အထည်ဖော်နေလိမ့်မယ် လို့ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times