သာသနာပြု မင်းကို မစော်ကားသင့်ပါ
သာသနာပြု မင်းကို မစော်ကားသင့်ပါ
နိုင်ငံတစ်နိုင်ငံရဲ အကြီးဆုံး ဥသျှောင်တစ်ယောက်ကို ဝိုင်းပြီး စော်ကားနေကြတာ မြင်နေရ ကြားနေရတာ များလာတော့ ထရေးလိုက်တဲ့ စာပါ။ အခုက သူ့လူကိုယ့်ဖက်သား အားလုံးကပါ ဝိုင်းပြီး စော်ကားနေကြတော့ ပိုခံပြင်းတာပါ။ သူ့ကို ဘာလုပ်လုပ် အကောင်းမြင်တဲ့ အုပ်စုတွေ လက်အောက်ငယ်သားတွေကပါ ဝိုင်းစော်ကားနေကြတာ မြင်လာရတော့ မဖြစ်မနေကို ရေးလိုက်ရတဲ့ စာပါ။
သာသနာပြုဆုံး၊ အလှူအတန်း အရက်ရောဆုံး ဝေဿန္တရာမင်းကြီးနဲ့ အပြိုင် ရှိတာဆိုလို့ သူပဲရှိတာပါ။ အုပ်ချုပ်နေတဲ့ကာလ အတွင်း ဘုရားတည်၊ သင်္ကန်းကပ်၊ နေရာတကာ အလှူကြီးတွေပေးနေတာကို လူတွေ မမြင်ကြတာများလား။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ ဘုရားဖူးခရီး အသွားများဆုံးလည်း သူပါပဲ။ ပြည်သူတွေ လမ်းခရီးအကြောင်းပြ၊ ဝင်ငွေထွက်ငွေ မမျှတဖြစ်နေတာကိုအကြောင်းပြပြီး ခရီးမသွားဘဲ နေကြပေမယ့် သူမှာတော့ နိုင်ငံအနှံ့ ဘုရားဖူးခရီး သွားနေတာကို နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတွေကလည်း နေတိုင်းနီပါး ထုတ်လွှင့်နေပါတယ်။ သူ့လိုမျိုး နိုင်ငံသူ နိုင်ငံသားတွေ ဘုရားဖူးခရီးတွေသွားကြပြီး ကုသိုလ်ယူ သာသနာပြုနိုင်ကြစေဖို့ ရည်ရွယ်တာဖြစ်နိုင်ပါတယ်။
သူတစ်ယောက်တည်း သာသနာပြုပြီး နေရုံမက ပြည်သူတွေကိုပါ ဘုရားတရားနဲ့ နေစေချင် လာဟန်တူပါတယ်။ သာနာပြု မင်းတစ်ယောက်က နိုင်ငံသူ နိုင်ငံသားတွေကို ဘုရားတရားနဲ့ နေစေချင်တဲ့ စေတနာတွေ ပေါ့။
သူအုပ်ချုပ်တာ ၃ နှစ်ပြည့်လာတာနဲ့ အမျှ တစ်ယောက်မကျန် ဘုရားမတတဲ့သူ မရှိဖြစ်လာကြတယ်။ လက်နက်ကြီး အသံကြားရရင်လည်း ဘုရားတပြီးပြေးကြ။ ရွာထဲကို စစ်ကြောင်းထိုးလာရင်လည်း ဘုရားတပြီးပြေး။ အိမ်တွေ မီးရှို့ခံရရင်လည်း ဘုရားတပြီး ဆုတောင်း။ လမ်းသွားရင်လည်း ဂိတ်တွေကို တွေ့ရင် ဘုရားတပြီးသွားရ။ စျေးထဲသွားလည်း ကုန်းစျေးနှုန်းတွေကလည်း ဘုရားတပြီး အံဩရ။ အကုန်ကုန်ပြောရရင် အဲဒါတွေက ပြည်သူတိုင်းကို အချိန်တိုင်း နေ့ရက်တိုင်းနီးပါး ဘုရားတရား မမေ့ဖို့ အခု နိုင်ငံဥသျှောင် သာသနာပြုမင်းကြီးရဲ့ စေတနာတွေပါပဲ။
သူ့ရဲ အောက်လက်ငယ်သားတွေနဲ့ မိသားစုတွေကိုဆို မမြဲခြင်းတရားတွေကို လက်တွေ့ကျတဲ့နည်းနဲ့ ပြလိုက်။ အသက်သွေးချွေးတွေ ပေးဆပ်လို့ ဂုဏ်ပြုဆုတွေပေးလိုက် လုပ်နေရသေးတယ်။ ဘ၀ဆိုတာ အနိမ့်လိုက် အမြင့်လိုက် သဘောတွေ၊ မမြဲခြင်းသဘောတွေကို လက်တွေကျကျ ပြောပြနေတာတွေ လုပ်နေရသေး။
သူ့တပည့် အရင်းတွေကို ဘုရားလောင်း ဂေါတမတုန်းကလိုမျိုး သူအို၊ သူနာ၊ သူသေ ဆိုတာတွေကို လက်တွေကျကျ မြင်စေပြီး ရက်တိုတိုနဲ့ သံဝေဂတရားတွေကို ရစေချင်တဲ့ ဆန္ဒကိုလည်း အကောင်ထည်ဖော်နေရသေး။
ဒီကြားထဲ ဘုန်းကြီးပျံ၊ ခရစ်တော်မွေးနေ့ ပါမကျန် သူမပါရင် မပြီးဘူး။ ကုသိုလ်ပြုနေရတာတွေက ဘုန်းကြီးတွေကို ကထိန်သင်္ကန်းမှ အစ ဘုန်းကြီး ပျံလွန်တော်မူရင် အလောင်းထမ်းပေးတဲ့ အထိ အစဆုံး ကုသိုလ်တွေ ယူနေတာ။
ရွှေထီးတော်တင် ဌာပနာသွင်း အနေကဇာတင်၊ ပူဖောင်းလွတ်ပြီး ကုသိုလ်တွေယူ။ နောက်ဆုံး နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဘုရားတည်ပြီး ယတြာချေတာအဆုံး ထိပေါ့။
ဇာတ်တော်ထဲက အလှူအတန်းရက်ရောဆုံးလို့ တင်စားကြတဲ့ ဝေဿန္တရာမင်းကြီးကို သမိုင်းဖျောက်ချင်တာလား၊ စံချိန်ကျော်ချင်တာလားတော့ မသိပါဘူး။ သူ့မှာရှိတဲ့ လက်အောက်ငယ်သားတွေ လက်နက်ရိက္ခာတွေ၊ နယ်မြေတွေ မြို့တွေ ကိုပါ မကျန် အလှူကြီးပေးနေတာကို နည်းနည်းလေးမှ နှမြောတွန့်တိုတဲ့ ပုံမပေါ်လှ။ အခုဆိုရင် မြို့ပေါင်း ၃၀ ကျော်နဲ့ လက်အောင်ငယ်သား ထောင်ချီ၊ လက်နက်ရိက္ခာ သိန်းသန်းဖိုးမက(ဂုဏ်ပြုမှတ်တမ်းလွှာတစ်ပြားတစ်ချပ်မှမရဘဲ) လှူတာမျိုးက မြန်မာနိုင်ငံက ဥသျောင်တွေထဲ သူသည်သာ စံချိန်တင်ပြီး ထင်ပါတယ်။
ဇာတ်တော်ကြီး ဆယ်ဘွဲ့နဲ့ သမိုင်းတွေကို အသစ်ပြန်ရေးလို့ ရကြေးဆိုရင် ဘုရားလောင်း ဝေဿန္တရာမင်းကြီးကို ကျော်ပြီး လက်ရှိ နိုင်ငံဥသျောင်ကိုပဲ အလှူအတန်း အရက်အရောဆုံး သာသနာပြုမင်းလိုပဲ တင်စားပြီး ဖော်ပြစေချင်ပါတယ်။ အခုလိုမျိုး ရေးပြ ဖော်ပြမှ အလှူတန်း ရက်ရောပြီး သာသနာပြုမင်းကြီးရဲ့ စေတနာ မေတ္တာတွေကိုလည်း ပြည်သူ ပြည်သားတွေ နားလည် လာပြီး စော်ကားနေတာတွေလည်း ပျောက်လာမှာပါ။
လက်ရှိ သာသနာပြုမင်းကို ယုံကြည်လို့ ရတာတစ်ခုက ဒီထက်မက ပြည်သူ့တွေ ပျော်ရွင်ဖို့ မြို့ကြီး မြို့ငယ်ပါမကျန် လှူဒါန်းပြီး ဘုရားတွေသွားကာ ရေစက်ချ သာဓု ဆက်ခေါ်နေအုံးမယ်ဆိုတာပါပဲ။
အဲတာကြောင့် ပြည်သူတွေ အနေနဲ့ သာသနာပြုမင်းကြီးရဲ့ အလှူတွေအတွက် သာဓုခေါ်ပေးကြပါ။ သာသနာပြု မင်းကို မစော်ကားသင့်ပါဘူး။
သာပျော်
The Tanintharyi Times
