ဗောက်ထခြင်းနဲ့ အိမ်တွင်းကုထုံး

ဗောက်ထခြင်းနဲ့ အိမ်တွင်းကုထုံး

ဆောင်းကာလရောက်တာနဲ့ ဦးရေပြားပေါ်မှာ ဗောက်တွေက နေရာယူလာတတ်ကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြားမှာကပ်နေတဲ့ အဖြူရောင်အဖတ်လေးတွေ ဖြစ်ပါတယ်။

▪️ဗောက်ဖြစ်စေတဲ့ အကြောင်းတွေ

- အဆီပြန်တတ်တဲ့ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဗောက်ပိုထတတ်

- ဦးရေပြားခြောက်သွေ့စေတဲ့ ဆောင်းရာသီနဲ့ကြုံတွေ့ခြင်း

- ခေါင်းလျှော်ရည်နဲ့ မတည့်ခြင်း

- ဆံပင်ပုံမှန် မဖြီးခြင်း

- လေဖြတ်ရောဂါ၊ နှလုံးရောဂါအခံရှိခြင်း

- စားသောက်မှု ပုံစံ မှားယွင်းနေခြင်း (ဇင့်နဲ့ဗီတာမင်ဓာတ်ပါဝင်တဲ့ အစားအစာစားတာနည်းပါးနေခြင်း)

- စိတ်ဖိစီးမှုများခြင်း

- အသက်အရွယ်အလိုက် ဟော်မုန်းနည်းပါးလာခြင်း

▪️ဗောက်ထတဲ့အခါ လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးတွေ

ဗောက်ထလွယ်သူတွေ အနေနဲ့ မကြာခဏခေါင်းလျှော်ပေးသင့်ပါတယ်။

ဦးရေပြားကို နေရောင်ခြည်နဲ့ထိတွေ့ပေးခြင်းကလည်း ဗောက်ထခြင်းကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုများကို လျော့ချပေးခြင်းကလည်း ဗောက်ထခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။

ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ထောလပတ်ရွက်ကို အုန်းဆီစစ်နဲ့ကျိုချက်ပြီး ခေါင်းမလျှော်ခင် လိမ်းပေးပါက ဗောက်ထခြင်းကိုသက်သာစေပါတယ်။

ဦးရေပြားအဆီပြန်ခြင်းကို သက်သာစေဖို့ ကင်ပွန်းသီးနဲ့ ခေါင်းလျှော်ပေးနိုင်ပါတယ်။

လက်ဖက်ဆီနဲ့ ဦးရေပြားကိုလိမ်းပေးတာကလည်း ဗောက်ထခြင်းကိုသက်သာစေပါတယ်။

ခေါင်းမလျှော်မီ သံပုရာသီးနဲ့ဦးရေပြားကို ပွတ်ပေးတာကလည်း ဗောက်ထခြင်းကို နည်းပါးစေပါတယ်။

အုန်းဆီစစ်စစ်ကို ခေါင်းမလျှော်မီလိမ်းပေးတာကလည်း ဗောက်ကိုပါးစေပါတယ်။

ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ ဟင်းနုနယ်ရွက်၊ ပဲနီလေး၊ သစ်ကြားသီး၊ နေကြာစေ့၊ ကြက်ဥ၊ ဒိန်ချဉ်၊ ဆိတ်သား၊အမဲသားတို့ကိုစားပေးနိုင်ပါတယ်။

ပျားရည်ကို ဆံပင်မှာလိမ်းပေးခြင်းဖြင့်လည်း ဦးရေပြားအဆီပြန်ခြင်းကို သက်သာစေပါတယ်။

▪️ဦးရေပြားကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းကြမလဲ

ဦးရေပြားကျန်းမာရေးအတွက် နွေပူပူအပြင်သွားမယ်ဆိုလည်း ဦးထုပ်ဆောင်းခြင်း၊ထီးဆောင်းခြင်းများနဲ့ အကာအကွယ်ယူပြီးမှသွားသင့်ပါတယ်။

ခေါင်းလျှော်တဲ့အခါ တွေ့ရာခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ရေနွေးဖြူသောက်ပေးခြင်းကလည်း ဦးရေပြားရှိအပေါက်လေးတွေကို ပွင့်စေတာကြောင့် မကြာခဏ သောက်ပေးသင့်ပါတယ်။

ဦးရေပြားကျန်းမာရေးအတွက် မိမိတို့အသုံးအဆောင်တွေ ဖြစ်တဲ့ ခေါင်းဘီး၊ခေါင်းသုတ်ပုဝါတွေကို သန့်သန့် ရှင်းရှင်းထားရပါမယ်။

ခေါင်းကိုတစ်နေ့ နှစ်ကြိမ် ဖီးခြင်းကလည်း ဦးရေပြားကျန်းမာရေးကိုစောင့်ရှောက်ပြီးသား ဖြစ်မှာပါ။

ဦးရေပြားအတွက် ဝါ၊စိမ်း၊နီရှိတဲ့ သစ်သီးဝလံတွေ၊ဇင့်နဲ့ဗီတာမင်အီးပါတဲ့ အစားအစာတွေ၊ပရိုတင်းဓာတ် ၊သွပ်ဓာတ်၊ဖက်တီးအက်ဆစ်များတဲ့ အစားအစာတွေစားသင့်ပါတယ်။

▪️ဗောက်ထခြင်းက စိုးရိမ်စရာလား

ဗောက်ထခြင်းက စိုးရိမ်စရာ မဟုတ်သော်ငြား ဦးရေပြားခြောက်လွန်းရာမှ ဖြစ်တတ်တဲ့ ဦးရေပြားနီမြန်းခြင်း၊ ယောက်ယမ်းခြင်းတို့ဖြစ်လာရင် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေကိုသွားပြသင့်ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)