သဲဝဲစားခြင်းနဲ့ အိမ်တွင်းကုထုံး

သဲဝဲစားခြင်းနဲ့ အိမ်တွင်းကုထုံး

မိုးများတဲ့ ကာလမှာ သဲဝဲစားခြင်းဝေဒနာကို ခံစား ရနိုင်ပါတယ်။

သဲဝဲစားခြင်းဆိုတာက ခြေထောက်နဲ့ ခြေဖဝါးတွေမှာဖြစ်ပေါ်တတ်တဲ့ မှိုစွဲရောဂါတစ်မျိုး ဖြစ်ပါတယ်။သဲဝဲစားခြင်းက တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။

◉ သဲဝဲစားခြင်း အဖြစ်များသူတွေကတော့

– ခြေထောက်မှာချွေးထွက်များတဲ့သူ

– ရေထဲမှာအချိန်ကြာကြာ အလုပ်လုပ်ရတဲ့ ရေကူးသမား၊ ငါးဖမ်းသမား၊ လယ်သမားတွေ

– ရှုးဖိနပ်နဲ့ခြေအိတ်တွေကို အချိန်ပြည့်ဝတ်ဆင်ထားရသူ

– အများသုံးရေကူးကန်တွေမှာ အမြဲကူးသူ

– ခြေဆီအထွက်များပြီး လေဝင်လေထွက်မကောင်းတဲ့ ဖိနပ်တွေ စီးလေ့ရှိသူ

– ခြေထောက်သန့်ရှင်းမှု နည်းပါးသူ

– ရေစိုနေတဲ့ ဖိနပ်ကို အချိန်ကြာကြာစီးထားသူ

– မိုးရေထဲကနေ ပြန်လာပြီး ခြေထောက်ကိုရေစင်အောင်မဆေးဘဲ နေသူတွေဖြစ်ပါတယ်။

◉ သဲဝဲစားခြင်း လက္ခဏာတွေကတော့

– ခြေချောင်းတွေကြားမှာ ပူပြီး မခံမရပ်နိုင်ယားယံနေခြင်း၊ နီရဲနေခြင်း

– ခြေဖဝါးမှာ ယားပြီးအရေကြည်အိတ်ထခြင်း

– ခြေသည်းတွေ အရောင်ပြောင်းခြင်း

– ဝတ်ထားတဲ့ ခြေအိတ်၊ စီးထားတဲ့ ဖိနပ်တွေ ချွတ်လိုက်တဲ့အခါ ပိုပြီးယားယံလာသလို ခံစားရခြင်း

– ခြေထောက်အရေပြားတွေမှာ အကြေးခွံ့ထပြီး အဖတ်ကွာကျခြင်း

– ယားယံသည့်နေရာကို ပွတ်ကြည့်ရင် ကြမ်းနေတဲ့ ခံစားမှုမျိုးရှိခြင်းတို့ ဖြစ်ပါတယ်။

◉ သဲဝဲစားခြင်းကို အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင်ပြုလုပ်မယ်ဆိုရင်

မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ကြက်သွန်ဖြူ(၅)မွှာကို ထောင်းပြီး သဲဝဲစားတဲ့ နေရာမှာ အုံပေးခြင်းက သက်သာစေပါမယ်။ကြက်သွန်ဖြူမှာ ပိုးသတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

သဲဝဲစားတဲ့ လူနာတွေအနေနဲ့ မိမိတို့လက်တစ်ကမ်းမှာရှိတဲ့ အိမ်သုံးဆားကို ရေနွေးကြက် နွေးနွေးလေးမှာထည့်ကာ ခြေထောက်ကိုစိမ်ပေးခြင်း(၁၅မိနစ်ခန့်)ကလည်း သက်သာစေမှာ ဖြစ်ပါတယ်။

သဲဝဲစားတဲ့ လူနာတွေအနေနဲ့ အကောင်းဆုံးကတော့ မိမိတို့ခြေထောက်တွေ စိုစွတ်နေရင် ရေသန့်သန့် နဲ့ ပြောင်အောင်ဆေးပြီး ခြောက်သွေ့အောင် သုတ်ထားဖို့ လိုပါတယ်။

အနီးအနားမှာ အရက်ပြန်ရှိတယ်ဆိုရင်လည်း မိမိတို့သဲဝဲစားတဲ့ နေရာကို အရက်ပြန်နဲ့သုတ်ပေးနိုင်ပါတယ်။

ငှက်ပျောဖူးမှာကပ်နေတဲ့ အဖက်တွေကို သုံးပြီးလည်း သဲဝဲစားခြင်းကို သက်သာအောင်လုပ်လို့ရပါတယ်။ ငှက်ပျောဖူးဖက်တွေကိုယူပြီး ပြာချလိုက်ပါ။ရလာတဲ့ ပြာကို အုန်းဆီးနဲ့ လိမ်းပေးခြင်းက သဲဝဲစားတာကို သက်သာစေနိုင်ပါတယ်။တကယ်လို့ အုန်းဆီမရှိဘူးဆိုရင်လည်း ပြာချည့်သပ်သပ် လိမ်းပေးလို့ ရပါတယ်။

အာလူးရှိတဲ့ နေရတွေမှာ အာလူးကိုအသုံးပြုပြီး သဲဝဲစားခြင်းကို သက်သာအောင် ပြုလုပ်ပေးလို့ရပါတယ်။ အာလူးကိုခြမ်းပြီး သဲဝဲဖြစ်တဲ့နေရာကို ပွတ်ပေး(ဆယ်မိနစ်ခန့်)ခြင်းက သက်သာစေပါတယ်။

◉ သဲဝဲစားခြင်းမှ ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကတော့

– မလိုအပ်ဘဲ မိုးရွာနေချိန်မှာ အပြင်မထွက်ပါနဲ့

– မိုးရွာထဲကပြန်လာပြီးတိုင်း ခြေထောက်ကိုရေသန့်သန့်နဲ့ ပြောင်စင်အောင်ဆေးပြီးခြောက်သွေ့အောင် လုပ်ပေးပါ။

– ခြေအိတ်ဝတ်သူတွေအနေနဲ့ ခြေအိတ်ကိုမကြာမကြာလဲပေးဖို့ လိုအပ်သလို၊ သန့်သန့်ရှင်းရှင်းလျှော်ပေး ဖို့လည်း လိုပါတယ်။

– တင်းကြပ်လွန်းတဲ့ ဖိနပ်တွေစီးတာ၊ပိတ်လှောင်နေတဲ့ ဖိနပ်တွေ စီးခြင်းကနေလည်း ရှောင်ကြဉ်ရပါမယ်။

– အများသုံးရေချိုးခန်း၊အိမ်သာတွေသွားတဲ့အခါ ဖိနပ်မပါဘဲခြေဗလာနဲ့ မသွားမိပါစေနဲ့။

– မိမိတို့စီးမယ့် ရှုးဖိနပ်တွေကို ခြောက်သွေ့အောင်ပြုလုပ်ပြီးမှ စီးသင့်ပါတယ်။

– ဖိနပ်တွေ အနံ့ဆိုးထွက်တာ သက်သာစေဖို့ ဖိနပ်ထဲကို ပေါင်ဒါမှုန့်တွေ ဖြူးထားသင့်ပါတယ်။ ပေါင်ဒါမှုန့် မရှိတဲ့အရပ်မှာဆိုရင် ဖိနပ်ကို မကြာမကြာနေပြခြင်း ပြုလုပ်ပေးသင့်ပါတယ်။

– ရေများတဲ့နေရာကို သွားရမယ့်သူတွေကတော့ လည်ရှည်ဖိနပ်ကို စီးထားသင့်ပါတယ်။

– ရေစိုနေတဲ့ ခြေအိတ်ကို အချိန်ကြာကြာဝတ်ဆင်တာမျိုးလည်း ရှောင်ကြဉ်သင့်ပါတယ်။

– သဲတွေ၊ရွှံ့တွေ ထူနဲ့နေရာဆီ သွားပြီးပြန်လာရင် ခြေချောင်းတွေကိုအသေအချာဆေးကြောပေးဖို့ လိုပါတယ်။

– သဲဝဲစားခြင်း ခံစားနေရသူတွေအနေနဲ့ ခြေထောက်ကို ကုတ်ထားတဲ့လက်ကို အသေအချာဆေးကြော ပေးဖို့လိုပါတယ်။

– သဲဝဲစားခြင်းက ကူးစက်နိုင်တာမို့ အခြားသူရဲ့ခြေအိတ်၊ ဖိနပ်တွေကို ငှါးစီးတာမျိုးမပြုလုပ်သင့်ပါဘူး။

– အရေကြီးဆုံးကတော့ အမြဲတစေ ခြေထောက်စိုကြီးနဲ့ မနေမိပါစေနဲ့။

◉ သဲဝဲစားခြင်းဆိုတာ အသေအချာမကုသရင် အရေပြားတွေကွဲအက်ပြီး ပိုးဝင်နိုင်တာမို့ သဲဝဲစားခြင်း မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းက သင့်ခြေထောက်ကျန်းမာရေးကို စောင့်ရှောက်ပေးရာရောက်ပါတယ်။

PKN

The Tanintharyi Times