ခြေဖနောင့်ကွဲခြင်းနဲ့ အိမ်တွင်းကုထုံး
ခြေဖနောင့်ကွဲခြင်းနဲ့ အိမ်တွင်းကုထုံး
လူအများစုက ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကို ဂရုစိုက်တတ်ကြပေမယ့် ခြေထောက်ရဲ့ ကျန်းမာရေးကိုကားဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ယခုလို ဆောင်းရာသီမှာ ခြေဖနောင့်ကွဲခြင်းဆိုတဲ့ ဝေဒနာကို အများစုခံစားကြရပါတယ်။အချို့က ခြေဖနောင့်ကွဲခြင်းကို တစ်နှစ်ပတ်လုံးခံစားကြရ သကဲ့သို့ အချို့က ဆောင်းရာသီမှသာ ခံစားတတ်ကြပါတယ်။
ခြေဖနောင့်ကွဲရတဲ့ အကြောင်းတွေ
- ဖိနပ်မပါဘဲလမ်းလျှောက်ခြင်း
-မတ်တပ်အရပ်များခြင်း
-လုပ်ငန်းခွင်မှာ ဖိနပ်မစီးဘဲ အလုပ်လုပ်ရခြင်း
-ရေဓာတ်ခမ်းခြောက်ခြင်း
-ကြပ်လွန်းတဲ့ ဖိနပ်တွေ စီးခြင်း
- ကွင်းထိုးဖိနပ်အစီးများခြင်း
- ရှုးဖိနပ်တွေ အစီးများခြင်း
- ဆီးချိုရောဂါအခံရှိခြင်း
- သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း
- အဝလွန်ခြင်း
- ကိုယ်ဝန်ဆောင်နေရခြင်း
- အရေပြားဓာတ်မတည့်ခြင်း
- ဗီတာမင်စီချို့တဲ့ခြင်း
- ရာသီဥတုအေးလွန်းခြင်း
ခြေဖနောင့်ကွဲခြင်းကို သက်သာစေဖို့ပြုလုပ်နိုင်တဲ့ အိမ်တွင်းကုထုံးတွေ
- ခြေဖနောင့်ကိုသန့်ရှင်းအောင်ထားရပါမယ်။ ညအိပ်ယာဝင်ခါနီးအချိန်မှာ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ဆေးကြောပြီးမှ အိပ်ယာဝင်သင့်ပါတယ်။
- ခြေဖနောင့်ကွဲတတ်သူတွေအနေနဲ့ ဖနောင့်ကို အသားအလှဆီလေးလိမ်းပေးနိုင်ပါတယ်။
- အသားအလှဆီမရှိတဲ့နေရာမှာ ပျားရည်လေးလိမ်းပေးနိုင်သလို၊ ထောပတ်လေးလည်းလိမ်းပေးနိုင်ပါတယ်။
- ဘာမှမရှိဘူးဆိုရင် ရှားစောင်းလပတ်အနှစ်လေးသုပ်လိမ်းပေးတာကလည်း ဖနောင့်ကွဲခြင်းကို သက်သာစေပါတယ်။
- ချေထားတဲ့ ငှက်ပျောသီးကို ခြေဖနောင့်မှာ လိမ်းပေးလို့လည်း ရပါတယ်။
- အုန်းဆီလိမ်းပေးတာကလည်း ခြေဖနောင့်ကွဲခြင်းကို သက်သာစေပါတယ်။
- ခြေဖနောင့်ကွဲတတ်သူတွေ အနေနဲ့ ရေများများသောက်ပေးသင့်ပါတယ်။
- သွပ်ဓာတ်ပါတဲ့ အစားအစာတွေနဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ်ပါတဲ့ အစားအစာတွေ စားပေးနိုင်တယ်။
(ငါးအဆီ၊ငါးမြင်းဗိုက်သား၊ဆန်လုံးညို၊ဒိန်ချဉ်)
ခြေဖနောင့်မကွဲအောင် ဘယ်လိုကာကွယ်ရမလဲ
- ကြပ်လွန်း၊ ချောင်လွန်းတဲ့ဖိနပ်တွေ စီးတာကိုရှောင်ကြဉ်ရပါမယ်။
- ခြေဗလာနဲ့ လမ်းလျှောက်တာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
- ခြေဖနောင့်ကို အားပြုပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းကို ရှောင်ကြဉ်ရပါမယ်။
- သက်တောင့်သက်သာဖြစ်စေတဲ့ ဖိနပ်ကိုစီးတာက ခြေဖနောင့်ကွဲခြင်းကို ကာကွယ်နိုင်ပါတယ်။
- ခြေဖနောင့်မှာရှိတဲ့ အသားမာတွေ ချေးတွန်းခဲနဲ့ဖယ်တဲ့အခါ အလွန်အမင်းကြမ်းကြမ်းတမ်းတမ်း ဖယ်ခြင်းကို ရှောင်ရှားရပါမယ်။
- ချမ်းအေးတဲ့ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တတ်တာကြောင့် ရေများများသောက်ပေးတာက ခြေဖနောင့်ကွဲခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

- ဆီးချိုရှိသူတွေအနေနဲ့ကတော့ ချေးတွန်းတဲ့အခါ ဒဏ်ရာမဖြစ်အောင် အင်မတန် ဂရုစိုက်ပေးသင့်ပါတယ်။
- အသားပတ်နေတဲ့ ခြေဖနောင့်ကို သွားဖဲ့ခြင်း၊သွားကုတ်ခြင်းတွေ ရှောင်ရှားခြင်းကလည်း ခြေဖနောင့်ကွဲခြင်းမှကာကွယ်နိုင်ပါတယ်။
- ခြေထောက်ကို အစိုဓာတ်ရှိအောင် အစိုဓာတ်ထိန်းတဲ့ ခရင်လ်တွေလိမ်းပေးနိုင်ပါတယ်။
အထက်ပါ အိမ်တွင်းနည်းတွေနဲ့ ပြုလုပ်ပြီးလို့မှ ခြေဖနောင့်ကွဲခြင်းမသက်သာဘူးဆိုရင်ဖြင့် နီးစပ်ရာ ဆေးပညာရှင်တွေထံ သွားရောက်ကုသသင့်ပါတယ်။
PKN
The Tanintharyi Times

