နိုင်ငံတောင်ဘက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်

နိုင်ငံတောင်ဘက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်နဲ့ ပူးပေါင်းတပ်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းကာလ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက် ဖော်ဆောင်လာနိုင်တဲ့ အနေအထားဟာ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းရေးကို လိုလားတဲ့ ပြည်သူတွေအဖို့ အားသစ်လောင်းပေးလိုက်တဲ့ နေ့ရက်တွေ တဖန်ပြန်ဖြစ်စေခဲ့ပါတယ်။

မြန်မာပြည်မြောက်ပိုင်း စစ်ရေးလှုပ်ရှားမှု အခြေအနေတွေကို နားစွင့်ရင်း မြန်မာပြည်တောင်ဘက်ပိုင်းက ပြည်သူတွေလည်း မြို့သိမ်းတိုက်ပွဲ မျှော်လင့်ချက်နဲ့အတူ ရတက်မအေးတဲ့ စစ်ဘေးဒုက္ခအရေးတွေကို တွေးတောပြောဆိုလာကြတာကို ကြားနေရပါတယ်။

မြန်မာပြည်မြောက်ဘက်ပိုင်းက ရက္ခိုင့်တပ် AA၊ တအာင်း (ပလောင်) တပ် TNLA ၊ ကိုးကန့်တပ် MMDAA ၊ ဗမာတပ် BPLA စတဲ့ လူမျိုးမတူပေမယ့် အတူတူ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့အတိုင်းပင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ထားဝယ်၊ ကရင်၊ မွန်၊ ဗမာ တို့ရဲ့ ပူးပေါင်းတပ်တွေ ရှိပါတယ်။

တောင်ဘက် ပူးပေါင်းတပ်ဟာ မွန်ပြည်နယ် ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ – ၆၁၊ ခလရ -၁၀၆၊ ခြေမြန်တပ်ရင်း ခမရ – ၅၉၁၊ ခမရ – ၅၈၃၊ ခမရ – ၅၈၈၊ ခမရ – ၅၈၇၊ အမြှောက်တပ် အမတ ၃၁၆ တွေကို အထိနာစေတဲ့ တော်လှန်ရေးတပ်ဖွဲ့လို့ သုံးသပ်ပြောဆိုသူတွေ ရှိပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက ရေး – ထားဝယ်ကားလမ်းပေါ်ရှိ တံတားကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

ဒါဟာ ပူးပေါင်းတပ်ဖွဲ့တွေထဲက မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း (တောင်ပိုင်းစစ်ဌာန) ၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF ၊ ABSDF တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီညက မီးသင်္ဂြိုဟ်ပွဲ ဆင်နွှဲသလိုပေါ့ဗျာ၊ ရေးမြို့နယ်မှာ ရှိတဲ့ သင်္ချိုင်းတွေအားလုံးမှာ မီးသင်္ဂြိုဟ်ပွဲတွေ ဆင်နွှဲလိုက်ရတယ်” လို့ အဆိုပါ တိုက်ပွဲအပြီးမှာ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်မြောက်များစွာကို သိမ်းဆည်းရမိပြီး အောင်ပွဲခံသတင်းဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့လာတဲ့အခါမှာတော့ တောင်ပိုင်းဒေသ ပြည်သူတွေဟာ ပူးပေါင်းတပ်ဖွဲ့အပေါ်ကို ပိုပြီး အာရုံစိုက်လာကြပါတယ်။

ရေးကာကွယ်ရေးတပ် YDF၊ Ye Air Force (Stealth Fighter) YAF၊ ရေးပျောက်ကြားတပ်ဖွဲ့ YGF၊ ABSDF တပ်ရင်း ၁၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ KNLA တပ်ရင်း ၂၇၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF၊ ထားဝယ်ခရိုင် PDF အမှတ် ၂ တပ်ရင်း T-5၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ MSRO စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးအရ ပူးပေါင်းနေကြတာ ဖြစ်ပါတယ်။

လူမျိုးအခြေပြု တပ်ဖွဲ့၊ ဒေသအခြေပြု တပ်ဖွဲ့၊ လူမျိုးမတူ ဘာသာစကားမတူတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဟာ မွန် – တနင်္သာရီ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေထဲမှာ အထူးခြားဆုံး အခင်းအကျင်းတစ်ခုအဖြစ် ရှုမြင်သူတွေလည်း ရှိပါတယ်။

ဗမာလူမျိုး၊ ကရင်လူမျိုး၊ ထားဝယ်လူမျိုး၊ မွန်လူမျိုး စတဲ့ လူမျိုးစုတွေကို အခြေပြုထားတဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ဒေသအခြေပြုတဲ့ လူမျိုးပေါင်းစုံ ပါဝင်သော တော်လှန်ရေး တပ်ဖွဲ့တို့က စစ်အာဏာရှင် ဘုံရန်သူကို အတူတကွ တိုက်ခိုက်သွားဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

ရေးမြို့ တံတားကြီးဂိတ် တိုက်ပွဲ ဖော်ဆောင်ခဲ့သလိုပဲ ခြေမြန်တပ်ရင်းတွေကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်တာ၊ SF-Z ဒရုန်းလေယာဉ်နဲ့ ဗုံးကျဲတာ စတဲ့ စစ်ကောင်စီ တပ်စခန်း နှစ်နေရာ (သို့မဟုတ်) ၃ နေရာ တို့ကို တချိန်တည်း ပြိုင်တူတိုက်ခိုက်နိုင်လာခြင်းဟာ ပူးပေါင်းတပ်ဖွဲ့ဖြစ်နေခြင်းရဲ့ အကျိုးရလဒ်လို့ ဆိုကြပါတယ်။

ပူးပေါင်းစစ်ဆင်ရေးရဲ့ အားသာချက်ဟာ စစ်လက်နက်ပစ္စည်းတွေကို ပူးပေါင်းသုံးစွဲခြင်းက အဓိက အခြေခံကျတဲ့အချက်ဖြစ်တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF၊ တပ်ရေးအရာရှိ ကိုဝေက ပြောပါတယ်။

“အဓိကက စစ်ရေးပူးပေါင်းမှုကိုပဲ ကျနော်တို့ အားပြုတယ်၊ တပ်ရဲ့ စကခလိုနေရာမျိုးတွေ အထူးသဖြင့် တပ်ရင်းလိုနေရာမျိုးတွေကို မြေပြင်ကနေ လက်ရှိအနေအထားမှာ ချဉ်းကပ်ပြီးတော့ စစ်ဆင်ရေးလုပ်ဖို့ဆိုရင် ကျွန်တော်တို့မှာ မပြည့်စုံမှုတွေ အများကြီးရှိတာပေါ့နော်၊ ဒါကြောင့်မို့လို့ ပူးပေါင်းပြီးတော့ ဝေဟင်ကနေပြီးတော့ စစ်ဆင်ရေးကို တတ်နိုင်တဲ့နည်းနဲ့ ပူးပေါင်းလုပ်ဆောင်နေကြတာပါ “ လို့ ကိုဝေက ဆိုပါတယ်။

စစ်ဆင်ရေးတော်တော်များများမှာ ဝေဟင်ကနေ ဒရုန်းလေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေကို ပိုတွေ့မြင်ရပြီး ပူးပေါင်းတပ်ဖွဲ့ထဲမှာပါတဲ့ Ye Air Force ဟာ ဒရုန်းတပ်ဖွဲ့ပါ။

လူမျိုးမတူ ဘာသာစကားမတူတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ စစ်ရေးပိုင်းမှာတော့ အဖွဲ့တူတာ မတူတာထက် အမိန့် နာခံခြင်း စစ်သည်တော်ကျင့်ဝတ်အတိုင်း လိုက်နာကျင့်သုံးနေခြင်းကသာ အရေးကြီးတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။

MSRF တပ်စခန်း ပတ်ဝန်းကျင်မှာ တခြားပူးပေါင်းတပ်ဖွဲ့တချို့က အတူတူ တပ်စခန်း ချထားတာ ရှိပြီး တပ်ဖွဲ့ဝင်အချင်းချင်းကြားက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုလည်း ရှိကြတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးတွေတိုင်းမှာ အနည်းဆုံး တပ်ဖွဲ့ ၄ ဖွဲ့လောက်က ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်နေကြတာကို တွေ့ရပြီး ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF အနေနဲ့ဆိုရင်တော့ “ စစ်ရေးမဟာမိတ်အဆင့်အထိ မရောက်သေးသော်ငြားလည်း စစ်ရေးပူးပေါင်းတပ်ဖွဲ့အနေနဲ့တော့ ခိုင်ခိုင်မာမာ ပူးပေါင်းလာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ “ လို့ တပ်ရေးအရာရှိ ကိုဝေက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ မင်းသိုက်ချမ်းကတော့ လူမျိုးမတူ ဒေသမတူတဲ့ ဒီပူးပေါင်းတပ်ဖွဲ့ဟာ စစ်အာဏာရှင် ချေမှုန်းရေးမှာသာမက နောင်အနာဂတ် နိုင်ငံရေး၊ လူမျိုးစုရေးရာ ဆွေးနွေးတဲ့အခါမှာလည်း အပေးအယူ မျှတလိမ့်မယ်လို့ ပြောပါတယ်။

“တော်လှန်ရေးအချိန်အခါမှာ PDF တွေချည်း တော်လှန်နေရရင် ကရင်တွေချည်း တော်လှန်နေရရင် အခွင့်အရေးရလာတဲ့အခါ မွန်တွေလည်း ခံစားခွင့် တစိတ်တပိုင်း ယူမယ်ဆိုတာမျိုးက ဘောင်မဝင်ဘူးပေါ့နော်၊ အခုလို တိုက်ပွဲအတူတူဖော်ဆောင်မယ်၊ တော်လှန်ရေးအသီးအပွင့်ကို အကျိုးခံစားခွင့်ရတဲ့အခါ အတူတူခံစားကြမယ် ဒါက ကောင်းတဲ့လက္ခဏာရပ်ပါပဲ “ လို့ သုံးသပ်ပါတယ်။

ဒီပူးပေါင်းတပ်ထဲမှာ ဗမာဘာသာစကားကို ဘုံဘာသာစကားအဖြစ် ပြောဆိုကြပေမယ့် ဘာသာစကားမတူတဲ့ စိန်ခေါ်မှုဟာ ပူးပေါင်းစစ်ဆင်ရေးကို ထိခိုက်စေလောက်တဲ့အထိ မဖြစ်သလို စစ်အာဏာရှင်ကို တိုက်နေရတာကြောင့် တခြား ဘယ်အရာကမှ အခက်အခဲ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

“စစ်ရေးရည်မှန်းချက်ကို ဦးစားပေးတဲ့အချိန်မှာ မတူကွဲပြားမှုဟာ အများကြီး ညှိနှိုင်းရမယ့် အချက်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ မတူကွဲပြားတာတွေကို နောက်မှာ ခဏချန်ထားပြီးတော့ စစ်ဆင်ရေးအောင်မြင်ဖို့ကိုပဲ ဦးစားပေးလိုက်တဲ့အချိန်ကျတော့ အခက်အခဲက များများစားစား မရှိပါဘူး ခင်ဗျ“ လို့ TPLF တပ်အရာရှိ ကိုဝေ ပြောပါတယ်။

ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ စစ်ဆင်ရေးအပြင် နိုင်ငံရေးသင်တန်း၊ ဆေးတပ်သားသင်တန်းတွေကိုပါ တဖွဲ့ကနေ တဖွဲ့ဆီ သွားရောက်သင်ယူနေတာတွေ ရှိပါတယ်။

ဒေါနစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး စောဒါးကိုကတော့ ဘာသာစကား အဓိပ္ပာယ်ကောက်လွဲမှုရဲ့ ဖြစ်စဉ်တခုကို ပြောခဲ့ဖူးပါတယ်။

“ဘာသာစကားမတူတဲ့ ညီအကိုတွေလည်း ပါလာတယ်၊ တယောက်နဲ့တယောက်ပြောတာ နားလည်တာလည်း ရှိသလို နားမလည်တာလည်း ရှိတယ်၊ ရဲဘော်တွေအတွက် ငါတို့ကို ဂေါ်ပီထုပ် ၁၀ ထုပ် ဝယ်လာပေး ဆိုတော့ သူတို့ ဘာဝယ်လာသလဲဆို SUPER ကော်ဖီမစ်ထုပ်တွေ ဝယ်လာတယ်၊ ဟိုကလည်း ချက်ဖို့ ပြုတ်ဖို့ စောင့်နေတယ်၊ ပါလာတော့ စူပါကော်ဖီထုပ်တွေ၊ အဲမှာ တိုင်ပတ်ရော “ လို့ စောဒါးကိုက ရီမောရင်း ပြောဆိုခဲ့ပြီး ဒါဟာ မကြာမီ အိမ်ပြန်ကြရတဲ့အခါ လက်ဖက်ရည်ဆိုင်ထိုင် တော်ကီပွားစရာ ပေးဆပ်မှုဟာသတွေ အဖြစ် သူက စိတ်ကူးပုံဖော်ထားပါတယ်။

ဗမာ၊ ထားဝယ်၊ မွန်၊ ကရင် စတဲ့ လူမျိုးကြား၊ မွန် ကရင် တနင်္သာရီ နယ်မြေဒေသကြားမှာ လူမျိုးရေးအရ နယ်မြေစိုးမိုးမှုအရ တပ်အင်အားကြီးသူက တပ်အင်အားနည်းသူတို့ရဲ့ နယ်မြေအပိုင်းအခြားကို လွှမ်းမိုးချယ်လှယ်သွားနိုင်မလား ဆိုတဲ့ ပြောဆိုမှုမျိုးတွေလည်း ရှိပါတယ်။

ဒီလို ပြောဆိုမှုတွေအပေါ် မွန်လူမျိုးအခြေပြု မွန်တော်လှန်ရေးတပ်ရဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ ဒီတိုင်းပြည်ကို ဘယ်သူတွေက အုပ်ချုပ်နေသလဲဆိုတာ မမေ့ဖို့ သတိပေးခဲ့ပြီး “ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အခွင့်အရေး အခုထိ ဆုံးရှုံးနေရတုန်းပဲ၊ ကျွန်တော်တို့ ခေတ်သစ်တော်လှန်ရေးသမားတွေဟာ ဘောင်မထားဘူး၊ စစ်ကောင်စီကို တိုက်သွားမယ်၊ ဒါကိုလည်း ရဲဘော်တွေကို ချပြထားတယ် “ လို့ ပြောဆိုပါတယ်။

မတူကွဲပြားမှုတွေက ဒီနေ့ဒီအချိန်မှာ ပိုပြီး လှပတဲ့ စုံလင်ကွဲပြားမှုဖြစ်တဲ့ အနေအထားကို ရောက်လာပြီလို့ TPLF တပ်ရေးအရာရှိ ကိုဝေက ပြောပေမယ့် တဖက်မှာတော့ ပူးပေါင်းတပ်တွေအတွက် အနီးကပ် အန္တရာယ်ဖြစ်နိုင်ချေ အချက်တချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူ မင်းသိုက်ချမ်းက ထောက်ပြပါတယ်။

နယ်မြေစိုးမိုးမှု ရလာချိန် အုပ်ချုပ်ရေး ယန္တရားဖော်ဆောင်လာနိုင်ချိန် တပ်အချင်းချင်းကြားမှာ အခွန်ကောက်ခံမှု ကိစ္စကို အခြေတည်တဲ့ ပဋိပက္ခဖြစ်ပွားလာမှုကို မင်းသိုက်ချမ်းက ထောက်ပြပါတယ်။

မင်းသိုက်ချမ်းက “ အခုပူးပေါင်းအဖွဲ့က ဘာပြဿနာမှာ မဖြစ်ဘူး၊ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်၊ ဒါပေမယ့် နယ်မြေစိုးမိုးမှုတွေ ရလာပြီး အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်လာနိုင်ပြီဆိုတဲ့ အခြေအနေရောက်လာတဲ့အခါ အရေးကြီးတာက အကောက်အခွန်ကိစ္စတွေ ဖော်ဆောင်လာနိုင်တဲ့အခါ ငွေကြေးဟာ စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်စေတယ်၊ စစ်ကိုင်းဘက်ကလည်း ဒီလိုအလားသဏ္ဍာန်တူတဲ့ ပဋိပက္ခပုံစံပါပဲ၊ ဒါက ပိုနီးကပ်တဲ့ အန္တရာယ် ဖြစ်နိုင်တယ် “ လို့ ပြောပါတယ်။

စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းနေတဲ့ တပြိုက်နက်မှာပင် ပူးပေါင်းတပ်တွေ အချင်းချင်းကြား ဘယ်လိုမျိုး ကတိကဝတ်တွေ ခိုင်ခိုင်မာမာ ချမှတ်ထားရမလဲ ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုဟာ နောင်အနာဂတ်မှာ ပဋိပက္ခမဖြစ်ပွားစေရေး လုပ်ဆောင်ရမယ့်အရာ ဖြစ်တယ်လို့ သုံးသပ်ထောက်ပြသူတွေလည်းရှိပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှာ ကွပ်ကဲနေကြတဲ့ ခေါင်းဆောင်ဆိုသူတွေဟာ နေရာ လိုချင်တာ၊ ထင်ပေါ်ကျော်ဇောမှု လိုချင်တာ၊ အောင်မြင်ကျော်ကြားမှု လိုချင်တာမျိုး မဟုတ်ဘဲ တဦးချင်းစီရဲ့ အပြန်အလှန် လေးစားယုံကြည်မှု စိတ်စေတနာကသာ ပူးပေါင်းတပ်ဖွဲ့ရဲ့ ရေရှည်ရပ်တည်နိုင်မှု အဖြေဖြစ်တယ်လို့လည်း ရှုမြင်သူတွေ ရှိပါတယ်။

တောင်ပိုင်းက မွန်၊ ကရင်၊ ထားဝယ်၊ ဗမာ ပူးပေါင်းတပ်ဖွဲ့တွေကတော့ ပူးပေါင်းစစ်ဆင်ရေးတွေနဲ့ ပြင်ဆင်မှုတွေကို အတူတကွဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ကွန်းဟဒေ့

The Tanintharyi Times