တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ ၅ ဦး သေဆုံး
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ ၅ ဦး သေဆုံး
တောင်ငူမြို့ရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း Brave Warriors for Myanmar BWM အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့ မနက် ၃ နာရီကျော်မှာ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခဲ့ပြီး ရှော့တိုက်ဒုံး ၄ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ BWM အဖွဲ့က ထုတ်ပြန်ထားတာပါ။
အခု စစ်ဆင်ရေးဟာ BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့၊ စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့် တပခ စခန်းရုံး ခေါင်မိုးပွင့်ပြီး တပ်ရေးဗိုလ်ကြီး ၁ ဦး ဒဏ်ရာရကာ အခြားအဆင့် ၃ ဦး သေဆုံးခဲ့ရသလို ကင်းတဲပွင့်ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ် အရာရှိတွေ နေတဲ့ နေအိမ်လိုင်းခန်းလည်း ထိမှန်သွားတာကြောင့် အရာရှိ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရသလို နောက်ထပ်ထိခိုက်မှုတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တိုင်းစစ်ဌာနချုပ်တခု ဖြစ်သလို လတ်တလောမှာ စစ်ကောင်စီရဲ့ ဒရုန်း အစင်း ၁၀၀ ဟာလည်း တပခထဲကို ရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
BWM နဲ့ မဟာမိတ်တပ်တွေဟာ တိုင်းစစ်ဌာနချုပ်တွေကို လေတပ်စခန်းတွေလိုပဲ အထူးပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော့ အခု ပထမဆုံးအကြိမ် ဝင်ရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။
Brave Warriors for Myanmar BWM အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာလည်း မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒုချုပ်ရဲ့ ကိုယ်ရေးအရာရှိ အပါအဝင် စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့ပါတယ်။
အခု ၂၀၂၄ ခုနှစ်ထဲမှာပင် နေပြည်တော် အေလာလေတပ်စခန်း၊ တံတားဦးလေတပ်စခန်း၊ တောင်ငူလေတပ်စခန်းတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ကာ စစ်ဆင်ရေးတွေ ဖော်ဆောင်နေပြီး အခု တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်မှုဟာ ၂၃ ခုမြောက် စစ်ဆင်ရေး ဖြစ်တယ်လို့ Brave Warriors for Myanmar BWM က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
