အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

မန္တလေး နန်းတွင်းမှာအခြေစိုက်ထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းရုံးကို တော်လှန်ရေးတပ်တွေ က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၇ ဦး သေဆုံးကြောင်း Brave Warriors for Myanmar BWM က မနေ့က ထုတ်ပြန်ပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၃ ဦးနဲ့ တပ်သား ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ BWM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ပွိုင့်နေရာ ၅ ခုမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ခဲ့ပြီး လပခ တိုင်းရုံးကို ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ခဲ့ကာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးနဲ့ အရာရှိတွေ တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့တို့က စက်တင်ဘာ ၃ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာပါ။

လပခထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ BWM က ထုတ်ပြန်ထားတာပါ။

အခုပစ်ခတ်တိုက်ခိုက်မှုမှာ ရှမ်း-မန်း ဒေသရဲ့ ဒရုန်းနဲ့ ကင်းထောက်တိုက်ခိုက်မှုတွေကို အဓိက ထိန်းချုပ်လုပ်ဆောင်နေတဲ့ Drone control station အကြီးတခု ထိခိုက်ပျက်စီးသွားသလို စစ် ဆေးရုံနဲ့ စစ်မြေပြင် ဆေးတပ်ရင်းကို ထိခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နန်းမြို့ရိုးအပြင်ဘက်မှာရှိတဲ့ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း ထပရ ၁၂၁ ကိုလည်း ရှော့တိုက်ဒုံး ၂ လုံး ထိမှန်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခု စစ်ဆင်ရေး လုပ်ဆောင်ခဲ့ချိန်အတွင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ရှမ်း-မန်းဗျူဟာကို ကွပ်ကဲဖို့ လပခရုံးထိုင်နေချိန် ဖြစ်ပြီး တော်လှန်ရေးဘက်က ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေထဲက ၂ လုံးဟာ ဒုချုပ် စိုးဝင်း နေထိုင်ရာ နေရာနဲ့ မီတာ ၄၀ အကွာမှာ ပေါက်ကွဲခဲ့တာကြောင့် ဒုချုပ်ဟာ အဲဒီနေ့မနက်မှာပင် နေပြည်တော်ကို လေယာဉ်နဲ့ ပြန်သွားတယ်လို့လည်း တော်လှန်ရေးဘက်က သတင်းရရှိထားကြောင်း ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်ကနေ တန်ပြန်ခုခံနေတဲ့ စစ်စခန်းတွေကို အဓိက ကွပ်ကဲနေတဲ့ စစ်တိုင်းဌာနချုပ် ၂ ခုထဲက ၁ ခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တို့ သိမ်းပိုက်ရရှိလိုက်ပြီ ဖြစ်တာကြောင့် ကျန်ရှိနေတဲ့ လပခလည်း ပြိုလဲသွားအောင် အခုလို ပစ်ခတ်တိုက်ခိုက်တာလို့ BWM ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း တကြိမ် တိုက်ခိုက်ခဲ့ပြီး အခု ဒုတိယအကြိမ် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တာ ဖြစ်ပါတယ်။

Brave Warriors for Myanmar BWM အဖွဲ့ဟာ တခြားတော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၂ ကြိမ်၊ တောင်ငူလေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦးလေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

The Tanintharyi Times