ဖိုဝါဒကင်းစင်နယ်မြေသစ်ဆီသို့ သွားရာဝယ်
ဖိုဝါဒကင်းစင်နယ်မြေသစ်ဆီသို့ သွားရာဝယ်
“ မိန်းမဆိုရင် ခွေးထီးကိုတောင် ခြေနဲ့ မကန်ရဘူး”
ဒီစကားကို လွန်ခဲ့တဲ့ တစ်လလောက်ကမှ သင်တန်းတစ်ခုကနေ ကျွန်တော်စပြီး ကြားဖူးတာပါ။ ဘဝမှာ ပထမဆုံးကြားဖူးတဲ့ စကားမို့ ကျွန်တော့်အတွက်တော့ တကယ့်အထူးအဆန်းပါပဲ။
ပိုပြီး ထူးဆန်းအံ့ဩဖို့ ကောင်းတာက ဒီစကားကို အမေတစ်ယောက်က သူ့သမီးလေးကို ဆုံးမတဲ့ စကားပါတဲ့။ အဆုံးမ ခံရတဲ့ မိန်းကလေးက သူ့တွေ့အကြုံကို ဒီလို ဆက်ပြီးမျှဝေပါသေးတယ်။
“ အမေက ကျွန်မကို ဒီလိုပြောတော့လေ၊ ကျွန်မ တော်တော်အံ့ဩခဲ့ရတယ်။ အဲဒီစကားကို ကြားကြားချင်း ငါတို့ မိန်းကလေးတွေက ခွေးထက်တောင် နိမ့်ကျတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုပြီး ကျွန်မ သဘောပေါက်လိုက်တယ်။ အမေဆီကနေ ဒီစကားကြားရတုန်းက ကျွန်မ သုံးတန်းကျောင်းသူ၊ အဲဒီနေ့ကတည်းက ကျွန်မအလယ်တန်း၊ အထက်တန်း ရောက်တဲ့အထိ ခွေးကို ခြေနဲ့ မထိမိအောင်နေတဲ့အပြင် ကြောင်တွေကိုလည်း ကျွန်မ ခြေနဲ့ တို့တောင်မတို့တော့ဘူး။ ခွေးထက်တောင် နိမ့်တယ်ဆိုတော့ ငါတို့ မိန်းမတွေက ဘယ်နေရာမှာများ အသုံးဝင်သေးသလဲပေါ့။ ခွေးကို တွေ့မိတိုင်းမဟုတ်ပေမယ့် မကြာမကြာတော့ အဲဒီစကားကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားမှုမဲ့ခဲ့တယ်၊ ယုံကြည်မှုမဲ့ခဲ့တယ်။ နောက်ပိုင်း စာအုပ်စာပေတွေဖတ်ရင်းမှ အမေက ကျွန်မဆီကို ခပ်ညံ့ညံ့အတွေးတစ်ခု ထည့်ပေးလိုက်တယ်ဆိုတာကို သဘောပေါက်လာတယ်”
စကားလုံးတွေမှာ ပြင်းအားရှိတယ်ဆိုတာကို တခြားသူတွေ လက်ခံသလား၊ လက်မခံသလားတော့ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ ရာနှုန်းပြည့် လက်ခံပါတယ်။ စကားလုံးတွေဟာ လူတစ်ယောက်ကို ဟိုးအောက်ဆုံးရောက်အောင် ဆွဲချနိုင်သလို၊ ဟိုးအပေါ်ဆုံးရောက်အောင်လည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ယုံကြည်အားကိုးထိုက်သူ တစ်ယောက်ယောက်ဆီကလာတဲ့ စကားလုံးတွေက လူတစ်ယောက်အပေါ် ပိုမိုလွှမ်းမိုး ချုပ်ကိုင်ခြယ်လှယ်နိုင်စွမ်း ရှိပါတယ်။
အပေါ်မှာ ပြောပြထားတဲ့ အမေတစ်ယောက်ရဲ့ ဆုံးမတဲ့ စကားကို သက်သေအနေနဲ့ ကြည့်ရင် သိသာပါတယ်။ မိန်ကလေးခမျာ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ယုံကြည်မှုတွေမဲ့ပြီး နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ရရှာတယ်လေ။
၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာရော ၊ အဲဒီကာလမတိုင်ခင်ကရော လူမှုအကျိုးဆောင် အဖွဲ့အစည်းတော်တော်များများက အမျိုးသမီးအခွင့်အရေးအတွက်၊ ဖိုဝါဒပပျောက်ရေးအတွက် အများကြီး ကြိုးစားဆောင်ရွက်နေတာကို မီဒီယာတွေကနေဆင့် မကြာမကြာတွေ့ရပါတယ်။ များသောအားဖြင့်အမျိုးသားတွေက ဘယ်လိုဘယ်ဝါတွေ ပြုမှုခဲ့၊ ပြုမူနေ၊ ပြုမှုလတ္တံ့ ဆိုပြီး အတိတ်ဖြစ်ရပ်တွေကို နမူနာထောက်ပြ၊ ပစ္စုပ္ပန်ဖြစ်ရပ်တွေကို ဖော်ထုတ်ရင်း၊ အနာဂါတ်မှာ ဒီလိုတွေဆက်ဖြစ်လာနိုင်ပုံနဲ့ ဒီလိုတွေ ဆက်မဖြစ်သင့်တော့ဘူးဆိုတာကို ထောက်ပြဆွေးနွေးပြောဆိုတာမျိုးတွေ၊ အမျိုးသမီးတွေကလည်း ဘယ်လိုလုပ်နိုင်စွမ်းတွေရှိလဲဆိုတာ ချပြတာမျိုးတွေ လုပ်လေ့လုပ်ထရှိတာကို ကျွန်တော် သတိထားမိပါတယ်။ အဲဒါက ဝမ်းသာစရာအခြေအနေတစ်ခုပါ။
ဒီနည်းလမ်းက အခြေအနေအတိုင်းအတာ တစ်ခုအထိ ထိရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်ကိုယ်တိုင်ကလည်း ဖိုဝါဒကြီးစိုးမှုကို မလိုလားတဲ့ သူမို့ပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အားလုံးက လူသားတွေချည်းမို့လို့ လူ့ဂုဏ်သိက္ခာတွေဟာ အားလုံးနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော်လက်ခံထားပါတယ်။
အဖွဲ့အစည်းတချို့ရဲ့ ကြိုးစားမှုတွေကြောင့် တချို့နေရာတွေမှာ ဖိုဝါဒကြီးစိုးမှုတွေ တဖြည်းဖြည်းလျော့လာပြီး ပြောင်းလဲမှုတချို့ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ တချို့နေရာတွေမှာကျ အပြောင်းအလဲတော့ ဖြစ်သွားပါရဲ့။ ဒါပေမဲ့ တည်မြဲတဲ့ ပြောင်းလဲမှုမျိုးမဟုတ်ဘဲ၊ ယာယီပြောင်းလဲမှုမျိုးတွေကိုသာ တွေ့ရပါတယ်။ ဘာကြောင့် ယာယီပြောင်းလဲမှုဆို တာကြီးက ရှိလာရပါသလဲ။
ကျွန်တော့်တစ်ကိုယ်စာ အမြင်အရပြောရရင်တော့ အမျိုးသမီးထုတွေကြားမှာ ဖိုဝါဒကို သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးပံ့ပိုးနေကြတဲ့ အမျိုးသမီးတချို့ရှိနေလို့ပါပဲ။
သွယ်ဝိုက်အားပေးတယ်ဆိုတာက ဒီလိုပါ။
“ မိန်းမဆိုရင် ခွေးထီးကိုတောင် ခြေနဲ့ မကန်ရဘူး”ဆိုတဲ့ စကားကို အဖေဖြစ်သူ အမျိုးသားက သူ့သမီးကို ပြောတာမျိုးဆိုရင် “နင်တို့မိန်းမတွေက ခွေးလောက်တောင် အဖြစ်မရှိဘူး၊ ငါတို့ ယောက်ျားတွေနဲ့ မတူဘူး” ဆိုတဲ့ သဘောနဲ့ ချိုးနှိမ်ပြပြီး ဖိုဝါဒကို ကိုယ်တိုင်တိုက်ရိုက် တည်ဆောက်လိုက်တာမျိုးပါ။
“ မိန်းမဆိုရင် ခွေးထီးကိုတောင် ခြေနဲ့ မကန်ရဘူး”ဆိုတဲ့ စကားကို အမေဖြစ်သူ အမျိုးသမီးက သူ့သမီးကို ပြောတာမျိုးဆိုရင် “ သမီးရယ် အမေတို့ မိန်းမတွေဆိုတာ ဘုန်းကံနိမ့်တယ်ကွယ်။ အဲဒီတော့ ခွေးကိုလည်း ခြေနဲ့ မကန်ရဘူး။ ငါတို့က ယောက်ျားတွေအောက်မပြောနဲ့ ခွေးတွေအောက်တောင် အနေအထား မဟန်ဘူး”ဆိုတဲ့ သဘောနဲ့ အမေဖြစ်သူအမျိုးသမီးကိုယ်တိုင်က သဘောတူ လက်ခံပြီးဖိုဝါဒကို သွယ်ဝိုက် ပံ့ပိုးပေးလိုက်တာမျိုးပါ။
ဒီတော့ တချို့သော အမျိုးသမီးတွေ၊ တချို့သော လူမှုအကျိုးဆောင်အဖွဲ့တွေရဲ့ အမျိုးသမီးအခွင့်အရေး၊ ဖိုဝါဒပပျောက်ရေးအတွက် ကြိုးစားအားထုတ်မှုတွေဟာ တဖြည်းဖြည်းအရာထင်လာတယ်ဆိုပေမယ့် အမျိုးသမီးအချင်းချင်း ဖိနှိပ်မှုတွေ၊ အမျိုးသမီးအချင်းချင်း ခွဲခြားမှုတွေ၊ ငါတို့က အားနည်းတယ် နိမ့်ကျတယ်ဆိုပြီး လက်ခံထားတဲ့ အမျိုးသမီးတွေ၊ ဖိုဝါဒကိုတိုက်ရိုက်အားပေးနေတဲ့ အမျိုးသမီးတွေ၊ သွယ်ဝိုက်ပံ့ပိုးပေးနေတဲ့ အမျိုးသမီးတွေလည်း ရှိနေသေးတော့ ထင်လာသမျှအရာတွေဟာ မျှော်မှန်းထားတဲ့ ပစ်မှတ်အထိ မသွားနိုင်တာမျိုး၊ လမ်းတစ်ဝက်မှာပဲ အောက်ကို ပြန်ထိုးကျသွားတာမျိုး၊ ယာယီပြောင်းလဲမှုမျိုးစတဲ့ အောင်မြင်မှုမဟုတ်သေးတဲ့ အခြေအနေလေးတွေမှာပဲ တဝဲလည်လည်ဖြစ်နေကြတာပါ။
မကြာသေးမီက ကျွန်တော့်တို့အိမ်ကို အစ်ကိုကြီးရဲ့သူငယ်ချင်း ကိုမိုးတို့ မိသားစုလေးယောက် အလည်ရောက်လာပါတယ်။ ကိုမိုးရယ်၊ သူ့ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်ပါ။ ဟိုအကြောင်းဒီအကြောင်းပြော၊ ကလေးတွေရဲ့ အနာဂတ်အကြောင်းပြောရင်း ကိုမိုးရဲ့ ဇနီးက စကားတစ်ခွန်းပြောလာပါတယ်။
“ ငါတော့ ငါ့သမီး နှစ်ယောက်စလုံးကို သေချာမှာထားတယ်။ ယောက်ျားယူရင် တကယ့်ကိုမှ ကိုယ့်အနာဂတ်ကို အထောက်ပံ့ပေးမယ့် ပညာတတ်၊ ငွေချမ်းသာတဲ့လူတွေကို ရှာယူကြ။ အဲဒီလို လူမျိုးတွေကို ရှာယူထားမှ ကိုယ်က အားကိုးလို့ရမှာ မှီခိုလို့ရမှာ ဆိုပြီး ဦးနှောက်ထဲ စွဲနေအောင်ကို မှာထားတယ်”
ဒီစကားကို ပြောတဲ့ ကိုမိုးရဲ့ အမျိုးသမီးဆိုတာကလည်း ပညာတတ်ဘွဲ့ရ အမျိုးသမီးတစ်ယောက်ပါပဲ။
“ ငါ့ သမီးတွေက သူတို့ အနာဂတ်အတွက် သူတို့ဘာသာ မတည်ဆောက်နိုင်အောင် ဘာတွေများ ချို့ယွင်းနေလို့လဲ။ သူတို့ကိုအခုလည်း ပညာတတ်အောင် သင်ပေးနေတယ်၊ ငွေရှာတတ်အောင် သင်ပေးနေတယ်၊ ငါ အဲဒါတွေ သင်ပေးနေတာက တခြားယောက်ျားတစ်ယောက်အပေါ် မှီခိုနေစရာလိုသေးလို့လား။ မင်းကိုယ်တိုင်က ငါ့သမီးတွေ စိတ်ထဲ သိမ်ငယ်စိတ်တွေ ရိုက်ထည့်ပေးနေတာ။ ပြောပါလားကွာ ငါ့သမီးတွေလည်း ဘာတွေ ဘာတွေရအောင်ကြိုးစားနိုင်တယ်၊ ယောက်ျားတွေကိုလည်း ဘယ်လိုဘယ်လို ဦးဆောင်နိုင်တဲ့ အကြောင်းတွေ။ ငါတို့ ယောက်ျားတွေတောင်မှ မိန်းမတွေကို ဆွဲခေါ်သေးတယ်၊ မင်းတို့ကအချင်းချင်းတွေ သိမ်ငယ်စိတ်တွေ ပေးနေတာ”
ကိုမိုးက ဒီလိုထပြောတော့ သူ့ဇနီးဆီက ဘာမှ ပြန်ပြောသံထွက်မလာခဲ့။ ကလေးနှစ်ယောက်ကတော့ သူ့အမေနံဘေး ထိုင်နေရာကနေ သူ့အဖေရှိရာ ရွေ့ထိုင်လိုက်တာ တွေ့ရပါတယ်။
ကျွန်တော်ကတော့ ကိုမိုးတို့ ဇနီးမောင်နှံကို စိတ်ထဲကနေ အမျိုးအစားခွဲကြည့်ဖြစ်ပါတယ်။ ကိုမိုးက ဖိုဝါဒကြီးစိုးမှုကို ဖြေလျော့ချနေပြီး ပပျောက်အောင် ကြိုးစားနေသူ အမျိုးသားတစ်ယောက်၊ သူ့ဇနီးကတော့ ဖိုဝါဒကို သွယ်ဝိုက်သော နည်းဖြင့် အားပေးနေသူ အမျိုးသမီးတစ်ယောက်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကိုမိုးရဲ့ ဇနီးလို ဖိုဝါဒကို သွယ်ဝိုက်အားပေးနေတဲ့ အမျိုးသမီးတွေ မျက်လုံးပစ်မလွဲ အများကြီးရှိပါတယ်။
“ နင့်မယားကို အိမ်အလုပ်တွေပဲ ခိုင်း၊ ငွေပေးမကိုင်နဲ့ ၊ ငွေကိုင်ရများရင် နင့်ကို နွားလုပ်လိုက်လိမ့်မယ်၊ မယားနဲ့နွား မသနားကြေးတဲ့ သားရေး” ဆိုပြီး ပြောတတ်တဲ့ အမေများ။
“ မောင်လေးရယ် နင့်မိန်းမက ဘယ်လိုကြီးလဲ။ ရပ်ကွက်ထဲကကိစ္စတွေမှာ ဟိုကိစ္စလည်းသူပါ၊ ဒီကိစ္စလည်းသူပါနဲ့။ သူ့ကိုယ်သူယောက်ျားမျာ ထင်နေသလားဟေ၊ ကြည့်လည်းလုပ်၊ ဦးကျိုးအောင်လုပ်ထားဦး”ဆိုပြီး ပြောတတ်တဲ့ အစ်မများ။
“ အသင်းတာဝန်ကျတဲ့နေ့ရောက်ရင် မိန်းကလေးတွေက ကျောင်းကို စောစောလာပြီး အိမ်သာလာဆေးထား၊ ယောကျ်ားလေးတွေအလံတင်တာတွေ လုပ်ထား” ဆိုတဲ့ ဆရာမများ။
ဒီလို မအစုဝင် အမျိုးသမီးတွေရဲ့ လုပ်ရပ်တွေ ကြားရ မြင်ရ တွေ့ရပြန်တော့လည်း ဝမ်းနည်းစရာ။
တော်လှန်ရေး ကာလမှာ အာဏာရှင်ကို ရရာနည်းနဲ့ တော်လှန်နေတဲ့ အမျိုးသမီးတွေ နယ်ပယ်တိုင်းမှာ လက်ညှိုးထိုး မလွဲပါဘူး။ သူတို့ လုပ်နိုင်စွမ်းကို ချပြကြတယ်၊ သူတို့ရဲ့ ရဲရင့်ပြတ်သားမှုကို ထုတ်ပြကြတယ်၊ နိုင်ငံ့အတွက် လွတ်လပ်ရေးကို အရယူတဲ့အချိန်မှာ ကျားမဆိုတာ ခွဲခြားနေဖို့ မလိုဘူး ၊ ဒီနိုင်ငံမှာနေ ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး အမှန်တရားဘက်မှာ ရပ်တည်ရဲတဲ့ လူသားတွေ၊ နိုင်ငံသားတွေ အနေနဲ့ ဖြတ်သန်းကြတယ်။
အမျိုးသမီးတချို့ အသက်တွေ ပေးကြတယ်၊ တချို့အမျိုးသမီးတွေ ကိုယ်လက်အင်္ဂါတွေပေးကြတယ်၊ တချို့ကျတော့ အသက်ပမာတန်ဖိုးထား ချစ်ကြင်ရတဲ့ လင်ယောက်ျား၊ သားသမီးတွေကို ရင်းလိုက်ကြရတယ်။ ဒါတွေဟာ အာဏာရှင်တွေကို တော်လှန်ရုံသက်သက်ရယ်လို့ ထင်ပါသလား။ ကျွန်တော်တော့ မထင်ပါ။
ကျဆုံးလေပြီသော အမျိုးသမီးရဲဘော်များ၏ အသက်များ၊ အဘက်ဘက်ကနေ တော်လှန်နေဆဲဖြစ်သော အမျိုးသမီးရဲဘော်များ၏ သွေးစက်များ ချွေးစက်များ၊ ပြန်လည်အစားမရနိုင်တော့သော အမျိုးသမီးရဲဘော်များ၏ ကိုယ်လက်အင်္ဂါ ခန္ဓာအစိတ်အပိုင်းများ စသဖြင့် စသဖြင့် တော်လှန်ရေးကာလအတွင်းအမျိုးသမီးတို့၏ စွန့်လွှတ်မှု အစုစုသည် တော်လှန်ရေးကာလအလွန်မှာ အာဏာရှင်စနစ်ဆိုးနဲ့အတူ ဖိုဝါဒကြီးစိုးမှုကိုပါ ချေမှုန်းမျိုးသုဉ်းပစ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ကြတယ်ဆိုတာသိသာမြင်သာ ထင်ရှားသေချာ လွန်းလှပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှုတွေနဲ့ ထိုက်တန်စွာပဲ တော်လှန်ရေးကာလအလွန်မှာ ဖိုဝါဒကြီးစိုးမှုကြီးက တကယ်ရော ပပျောက် သွားနိုင်ပါသလား၊ တကယ်ရော အဆုံးသတ်သွားနိုင်ပါသလား။
“ဖိုဝါဒကို အဆုံးမသတ်နိုင်ဘူးဆိုလို့ရှိရင် ကျွန်မတို့ပြောနေတဲ့ တကယ့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ တကယ့်ငြိမ်းချမ်းရေးတရားမျှတရေးကို အာမခံနိုင်တဲ့၊ တန်းတူညီမျှရေးကိုအာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရရှိဖို့ဆိုတာအရမ်းအလှမ်းဝေးတယ်” ဒီစကားက အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ နာင်းမို့မို့ က အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
နာင်းမို့မို့ရဲ့ စကားလုံးတွေအရ ဆိုရင် ဒီနေ့ခေတ် ဓမ္မဘက်တော်သားတွေအားလုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ရရှိရေး၊ အလှမ်းဝေးရေးမှာ ဖိုဝါဒရဲ့အခန်းဟာ ပြင်းအားဘယ်လောက်ရှိလဲ ဆိုတာ သိသာမြင်သာပါတယ်။
ဖိုဝါဒမျိုးသုဉ်းဖို့ အမျိုးသမီးတချို့က စွန့်လွှတ်မြှုပ်နှံမှုတွေလုပ်နေကြတဲ့အချိန်၊ ဖိုဝါဒကို စွန့်လွှတ်ဖို့ အမျိုးသား တချို့ သိမြင်လက်ခံမှုတွေ ရှိလာကြတဲ့အချိန်မှာ တချို့တချို့သော အမေ၊အစ်မ၊ညီမ၊ဆရာမစတဲ့ မအစုဝင် အမျိုးသမီးထုတွေက ဖိုဝါဒကိုတိတ်တဆိတ် သွယ်ဝိုက်ပံ့ပိုးမှုတွေမျိုးသာ ဆက်ပြီးလုပ်နေခဲ့မယ်ဆိုရင် အာဏာရှင်လက်သစ်လေးတွေ၊ ဖိုဝါဒချစ်သူလက်သစ်လေးတွေ တလူလူထလာကြဦးမှာပဲ။
ကျွန်တော်တို့ရဲ့ လက်ရှိတော်လှန်ရေးဟာ တကယ့်ကိုမှ အရင်းအနှီးကြီးလွန်းလှပါတယ်။ ကြီးလွန်းလှတဲ့ ဒီအရင်းအနှီးတွေထဲကနေ သေးသေးလေးပဲဖြစ်နေပါစေဦး ၊ ကျွန်တော်တို့ အားလုံး အမြတ်တစ်ခုခုကို ရအောင် ယူထုတ်တတ်ဖို့လိုပါတယ်။ မရလိုက်ဘူးဆိုရင်တော့ စွန့်လွှတ်မြှုပ်နှံမှု ပြုကြသူတွေအတွက် ဝမ်းနည်းစရာ ၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဝမ်းနည်းစရာပဲ မဟုတ်လားပါလားဗျ။
ဒါကြောင့်မို့ အမျိုးသမီးအစုဝင် အမျိုးသမီးတွေကိုယ်တိုင်က ဖိုဝါဒကို သွယ်ဝိုက်ပံ့ပိုးပျိုးထောင်ပေးနေတာမျိုးကို ဒီနေ့ ဒီအချိန် ဒီနေရာမှာပဲ ရပ်တန့်လိုက်ရင်း တကယ့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၊ တကယ့်ငြိမ်းချမ်းရေး တရားမျှတရေးကို အာမခံနိုင်တဲ့၊ တန်းတူညီမျှရေးကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီ၊ ဖိုဝါဒကင်းစင် နယ်မြေသစ် ဆီကို လက်တွဲရင်း အတူတူချီတက်ဖို့ အချိန်တန်ပါပြီ။
ဒီခရီးလမ်းမှာ အမျိုးသားတစ်ပိုင်း၊ အမျိုးသမီးတစ်စိတ်မှပင် မကျန်ရစ်စေရ။
ဘရိုင်ယံရိန်း
မှတ်ချက်။ ။ နာင်းမို့မို့၏ စကားများကို Myanmar Peace Monitor Website တွင်ရေးသားဖော်ပြထားသော အင်တာဗျူးအစီအစဉ်မှ ကိုးကားထားပါသည်။
The Tanintharyi Times
