စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းကုမ္ပဏီတချို့ ပြန်လည်ဆုတ်ခွာ
စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းကုမ္ပဏီတချို့ ပြန်လည်ဆုတ်ခွာ
လွန်ခဲ့တဲ့ လေးနှစ်ကစလို့ အဆိုးဘက်ကိုပဲ ဦးတည်နေတဲ့ မြန်မာ့စီးပွားရေးကြောင့် ထိုင်းလုပ်ငန်းရှင်တွေ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေပြီလို့ ထိုင်းအခြေစိုက် သတင်းဌာန The Nation မှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ရောဂါစတင်ချိန်က စလို့ မြန်မာ့စီးပွားရေးက အကျဘက်ကို ဦးတည်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကတော့ ပြည်တွင်းပဋိပက္ခတွေ၊ စစ်ပွဲတွေ ကိုဖန်တီးခဲ့ပြီး အဆိုးဆုံးအခြေအနေကို ဆွဲခေါ်ခဲ့ပါတယ်။
ဘန်ကောက်အခြေစိုက် ဘိလပ်မြေစက်ရုံလုပ်ငန်းစုဖြစ်တဲ့ Siam Cement Group (SCG) ရဲ့ အမှုဆောင်ဒုဥက္ကဋ္ဌ Thammasak Sehaudom က လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံအတွင်းမှာ တည်ဆောက်ထားတဲ့ စက်ရုံနှစ်ရုံကို ရပ်ဆိုင်းထားပြီးသလို နောက်ထပ်တိုးချဲ့မယ့်အစီအစဥ်တွေကိုလည်း အကောင်အထည် မဖော်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
SCG ရဲ့ မြန်မာစက်ရုံနှစ်ရုံ မှာ ထိုင်းဘတ်ငွေ ၈ ဘီလီယံ မြှုပ်နှံထားတာဖြစ်ပြီး ပဋိပက္ခအတွင်း လုပ်ငန်းထဲက စက်ပစ္စည်းတချို့ပျောက်ဆုံးခဲ့တယ်လို့ ရှင်းပြထားပါတယ်။
“လတ်တလော လုပ်ငန်းပြန်စဖို့ အစီအစဥ် မရှိသေးပါဘူး။ အခြေအနေလည်း ပေးဦးမှာ မဟုတ်သေးဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဘိလပ်မြေစက်ရုံဆိုရင် တရုတ်စစ်တပ်က စောင့်ကြပ်ထားတယ်။ SCG အနေနဲ့တော့ အဲ့လို မစောင့်ကြပ်နိုင်ဘူး။ ဝန်ထမ်းတွေရဲ့ အသက်တွေကို အန္တရာယ်ကြားထဲ မစတေးချင်ဘူး” လို့ SCG ရဲ့ အမှုဆောင်ဒုဥက္ကဋ္ဌ Thammasak Sehaudom က ဆိုပါတယ်။
SCG ကုမ္ပဏီ ရဲ့ ဘိလပ်မြေစက်ရုံ တစ်ခုကိုတော့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာတည်ဆောက်ထားပြီး Mawlamyine Cement Limited (MCL) အမည်နဲ့လည်ပတ်နေတာဖြစ်ပါတယ်။
အဲ့ဒီဘိလပ်မြေစက်ရုံတည်ရှိရာ ကျိုက်မရောမြို့ နယ်မှာ ပြီးခဲ့တဲ့ လတွေအတွင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
နောက်ထပ် ထိုင်းနိုင်ငံသားပိုင် အဖျော်ယမကာကုမ္ပဏီတစ်ခုဖြစ်တဲ့ Osotspa Plc (OSP) ကလည်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ Myanmar Golden Eagle နဲ့ Myanmar Golden Glass တို့ကို ထိုင်းဘတ် ၁၃၆ သန်းနဲ့ ပြန်လည်ရောင်းချသွားမယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။
OSP ရဲ့ ဘဏ္ဍာရေးမှူးချုပ် Ratiporn Ratcharoen က မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲနှစ်ခုကို ပြန်လည်ရောင်းချခြင်းဟာ အဓိက လုပ်ငန်းခွဲတွေကို ပိုအာရုံစိုက်ဖို့အတွက် အဓိကမကျတဲ့လုပ်ငန်းခွဲတွေကို ရောင်းထုတ်လိုက်တာလို့ ဆိုပါတယ်။ ဒီလိုရောင်းချခြင်းဟာ မြန်မာမှာ ကျန်ရှိနေဦးမယ့် OSP ပိုင် အခြားအဖျော်ယမကာ လုပ်ငန်းတွေအပေါ်ကို သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း OSP ရောင်းချတဲ့ လုပ်ငန်းခွဲ နှစ်ခုက ဖန်ပုလင်းမျိုးစုံနဲ့ ဆက်စပ်ပရိဘောဂ ရောင်းချခြင်းကနေ နှစ်စဥ် ဘတ် သန်း ၈၀၀ ဝင်နေတာကြောင့် လုပ်ငန်းစုအတွက် ဒီဝင်ငွေတွေ ဆုံးရှုံးသွားမယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ဒါ့အပြင် ပလတ်စတစ်ကုန်စည်ထုတ်ပိုးရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ TPBI Public Company Limited ကလည်း လုပ်ငန်းလည်ပတ်မှု ခဏရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီခွဲ TPBI & Myanmar Star Company Limited နဲ့ ပတ်သက်တဲ့ အကောင့်တွေကို ပယ်ဖျက်သွားမယ်လို့ ထိုင်းစတော့အိတ်ချိန်း Stock Exchange of Thailand (SET) ထံ အကြောင်းကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာလည်း ပွဲစီစဥ်ရေးဝန်ဆောင်မှုလုပ်ငန်း ထိုင်းနိုင်ငံသားပိုင် TPBI Public Company Limited ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း ကုန်စည်ပြပွဲစီစဥ်ကျင်းပရေး လုပ်ငန်း GPI Myanmar Company Limited ကို ရပ်စဲကြောင်း ထိုင်းစတော့အိတ်ချိန်း Stock Exchange of Thailand (SET) ကို အကြောင်းကြားခဲ့ပါသေးတယ်။
နောက်ထပ် ထိုင်းအခြေစိုက် Index Creative Village ပိုင်ရှင်နဲ့ CEO ဖြစ်သူ Kriangkrai Kanjanapokin ကလည်း မြန်မာနိုင်ငံမှာ လေးနှစ်နီးပါးလည်ပတ်နေတဲ့ ပွဲစီစဥ်ရေးဝန်ဆောင်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်မှာ ပိတ်သိမ်းခဲ့ပါတယ်။
“လတ်တလောမှာတော့ မြန်မာ့ဈေးကွက်ကို ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ၁၀၀ ရာခိုင်နှုန်း ပုံမှန်အခြေအနေ ပြန်ရောက်ပြီးဆိုမှပဲ ပြန်လည် ရင်းနှီးမြှုပ်နှံတော့မယ်” လို့ သူက ဆိုပါတယ်။
မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ ထိုင်းကုမ္ပဏီအားလုံး ပြန်လည်ထွက်ခွာတာတော့မဟုတ်ပါဘူး။
အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Thai Beverage Plc က ပြီးခဲ့တဲ့ ကိုးလအတွင်း မြန်မာနိုင်ငံက အရက်လုပ်ငန်းခွဲကနေ ဝင်ငွေပိုတိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီက ၂၀၁၇ ခုနှစ်က မြန်မာရဲ့ အကြီးဆုံး ဝီစကီထုတ်လုပ်ရေး လုပ်ငန်းစု Grand Royal Group ဆီက ရှယ်ယာ ၇၅ ရာခိုင်နှုန်း ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Thai Bev ဟာ မြန်မာနိုင်ငံက ဘီယာစက်ရုံမှာ ဘတ်သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပါသေးတယ်။
ဒါ့အပြင် အသင့်စား ခေါက်ဆွဲခြောက် Mama တံဆိပ်ကို ထုတ်လုပ်တဲ့ Thai President Foods လုပ်ငန်းကလည်း မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဆဲပြီး ၎င်းပိုင် မန္တလေးက မားမားခေါက်ဆွဲခြောက်စက်ရုံဟာ ဝန်ထမ်း ၁၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။
Ref: The Nation
The Tanintharyi Times