ကျေးရွာဝါဒ
ကျေးရွာဝါဒ
အောက်လမ်းဆရာဟာ ဘုရားပဲ
သူဖနောင့်တချက်အဆောင့်မှာ
တရွာလုံး အသက်အောင့်ထားရတယ်
သူရဲကောင်း မရှိတဲ့ရွာမှာ
သိုင်းဆရာဟာ သူရဲကောင်းပဲ
သူမို့လက်ခမောင်းတချက်ခတ်ရင်
တရွာလုံး နားရွက်မခတ်ရဲဘူး
ပညာရှင်မရှိတဲ့ရွာမှာ
တဆင့်ပြန်ပြောတတ်သူဟာ ပညာရှင်ပဲ
သူကိုးတဲ့ကျမ်းနဲ့ပေါက်ရင် တရွာလုံး
မီးဟုန်းဟုန်းတောက်စေရမယ်
မသင်္ကာစရာအဟောင်းအမြင်းနံ့တွေနဲ့ ရွာကလေး
ပိုးဟပ်ချေးနံ့ နံတဲ့ရွာကလေး
အိမ်ဦးခန်းမှာ သူတို့ “အဟမ်း” တွေနဲ့ ရွာကလေး
စုန်းမပါ ရွာမဖြစ်ဆိုသလို
သူတို့ သုံးယောက်နဲ့
ဖိုခနောက်ဆိုင် တည်ထားတဲ့ရွာကလေးဟာ
ခု- ကျိုက်ကျိုက်ဆူ ပွက်နေပြီဖြစ်တဲ့ ရွာကလေးပေါ့။
ကိုသန်းထွန်း
The Tanintharyi Times
