မြန်မာ့နွေဦးတော်လှန်ရေးအတွက် မိုင်ပေါင်းရှစ်ထောင်ခရီးနှင်ခဲ့သူ
မြန်မာ့နွေဦးတော်လှန်ရေးအတွက် မိုင်ပေါင်းရှစ်ထောင်ခရီးနှင်ခဲ့သူ
လွန်ခဲ့တဲ့ ၉ လက အာဇာ့ဒ် (အမည်လွှဲ) ဟာ အမေရိကန်တောင်ပိုင်းဒေသက သူ့မိသားစုကို နှုတ်ဆက်ပြီး မိုင် ၈၀၀၀ ကျော် ခရီးကို ထွက်လာခဲ့ပါတယ်။ သူဦးတည်ခဲ့တဲ့ နေရာကတော့ အရှေ့တောင်အာရှ တစ်နေရာက အကြမ်းတမ်းဆုံး၊ အခိုင်မာဆုံး စစ်တပ်တစ်ခုကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ တောင်ပေါ်ဒေသတစ်ခု။ အဲဒီမှာ ကဗျာဆရာတွေ၊ ဆရာဝန်တွေ၊ တက်တူးပညာရှင်တွေ၊ အင်ဂျီနီယာတွေဟာ လက်နက်ကိုင်ပြီး ဒီစစ်တပ်ကို တော်လှန်နေကြတာ။
အမေရိကန်သံနဲ့ အင်္ဂလိပ်စကားပြော အသက် ၂၄ နှစ်အရွယ် အမေရိကန်နိုင်ငံသား တော်လှန်လူငယ် Azad ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေနဲ့ အတူတိုက်ပွဲဝင်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာ ဘာကြောင့်ပါလဲ။
သေနတ်ကိုင်ဖို့ တစ်ခါမျှ စိတ်ကူးမယဥ်ဖူးခဲ့တဲ့ လူတွေဆီမှာတွေ့ရတဲ့ အာဏာရှင်ဆန့်ကျင်ရေးသတ္တိက သူ့ကို အခုလို တော်လှန်ရေးမှာ ပါဝင်ဖို့ စိတ်အားထက်သန်စေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်းတပ်ဖွဲ့တွေထက်တောင် မြန်မာ့တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အနိုင်ရရေး သန္နိဌာန်က တစ်နေ့ထက်တစ်နေ့ ပိုမိုခိုင်မာအားကောင်းလာတာကို မြေအောက်လှုပ်ရှားမှုတွေကတဆင့် သူတွေ့လာတယ်။
“ဒီလူတွေဟာ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေကြတာဗျ။ သူတို့ရဲ့ အန္တိမ ရည်မှန်းချက်က စစ်ပွဲတွေ အဆုံးသတ်တဲ့နေ့ကို ရောက်တဲ့အခါ ကိုယ့်အိမ်ကိုယ်ပြန်ပြီး ပုံမှန်ဘဝထဲ ပြန်လည်နေထိုင်ရေးသာ ဖြစ်တယ်” လို့ ချင်းပြည်အခြေစိုက်တော်လှန်ရေး စခန်းတစ်ခုမှာ Azad က The Telegraph ကို ပြောပါတယ်။
“ကျွန်တော်ဒီမှာရောက်နေတယ်ဆိုတာ စစ်တိုက်ဖို့ စိတ်အားထက်သန်လွန်းလို့ မဟုတ်ပါဘူး။ အဲ့သလိုပဲ ပဋိပက္ခတွေကို လိုလားသူ၊ စွန့်စားသွားလာရေး ခရီးသည်တစ်ဦး စတဲ့အချက်တွေကြောင့် ဒီနေရာကို ရောက်နေတာမဟုတ်ပါဘူး” လို့ ကြက်ကလေးတွေရဲ့ ကတော်ကတော် အော်သံတွေကြားကနေ ကော်ဖီတစ်ကျိုက် မော့သောက်ရင်း Azad က ဆိုပါတယ်။
“ဒီနေရာကို ကျွန်တော်ရောက်လာတာက သူတို့ရဲ့ တိုက်ပွဲကို ကူညီအားဖြည့်ချင်ရုံမဟုတ်ဘဲ ကျွန်တော်တိုက်ကိုတိုက်ရမယ့် တိုက်ပွဲလို့လည်း ယူဆထားလို့ပါ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝှမ်းက လူအားလုံးက ဒီကနေ့မှာ ဒီမိုကရေစီအတွက်၊ လွတ်လပ်မှုအတွက်၊ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေကြရတာပဲလေ။ ဒီတိုက်ပွဲတွေနဲ့ အခု မြန်မာပြည်ကတိုက်ပွဲတွေနဲ့က အပြန်အလှန်ချိတ်ဆက်နေတာ” လို့ သူက ထပ်လောင်းပြောပါတယ်။
အခုဆိုရင် မြန်မာ့ပြည်တွင်းစစ်တွေမှာ ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းနေတဲ့ စစ်အုပ်စုကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို ဝင်ရောက်ပူးပေါင်းတဲ့ နိုင်ငံခြားသားအရေအတွက် သိပ်မများပေမယ့် တဖြည်းဖြည်းပိုတိုးလာနေပါတယ်။ Azad က သူတို့အထဲက တစ်ယောက်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက အခုအချိန်ထိ အနည်းဆုံး အရပ်သား (၅၃၅၀) ဦး သေဆုံးခဲ့ပြီး ၃ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတွေမှာ ထုတ်ပြန်ထားပါတယ်။
အခုအခါမှာတော့ စစ်အုပ်စုဘက်ကနေ မထင်မှတ်ထားတဲ့ အဆုံးအရှုံးတွေ ကြုံရပြီး အလွန်အကျွံ ရက်စက်ရမ်းကားမှုတွေ တိုးမြင့်လာသလို နိုင်ငံခြားသား တော်လှန်ရေးသမားတွေကလည်း “ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး” (Anti-Fascist Internationalist Front - AIF) ဆိုတဲ့ အဖွဲ့ငယ်ကို ပထမဆုံးအကြိမ် ဖွဲ့စည်းလိုက်ပါတယ်။
AIF ရဲ့ ပူးတွဲတည်ထောင်သူ Azad က “ဒီအချိန်က မဟာဗျူဟာမြောက် စတင်ရမယ့် အချိန်ပါပဲ။ အရင်က မရှိခဲ့တဲ့ ပေါင်းစည်းမှုကောင်းတွေ အခုရှိလာတယ်။ တော်လှန်ရေးအောင်ပွဲနဲ့ ပြင်ပကဝင်လာသူတွေရဲ့ ထောက်ပံ့ပို့ဆောင်နိုင်စွမ်းက အပြန်အလှန် ဆက်စပ်မှုရှိနေတယ်။ ဒီ့မတိုင်ခင် အရင်ချိန်ကတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ အလားအလာနည်းခဲ့တယ်” လို့ ရှင်းပြပါတယ်။
Azad က သူ့အနေနဲ့ စစ်ရေးဆိုင်ရာ စနစ်တကျ လေ့ကျင့်မှုအတွေ့အကြုံတွေမရှိခဲ့ပေမဲ့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့တွေနဲ့အတူ လေးနှစ်ကြာ တိုက်ပွဲဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ့ကနေမှ အမေရိကန်က မိသားစုဆီ အလည်ပြန်ရောက်ပြီး နှစ်လအကြာ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ ချင်းပြည်ကို ရောက်လာခဲ့တာပါ။ အဲဒီ့ကတည်းက ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သလို တိုက်ခိုက်ရေးသင်တန်းတွေ အထူးသဖြင့် စနိုက်ပါစွမ်းရည်မြှင့် သင်တန်းတွေ ပေးပါတယ်။
မြန်မာ့စစ်ပွဲတွေမှာ နိုင်ငံခြားသားတွေ ဝင်ရောက်တိုက်ပေးတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်တာကြောင့် Azad အနေနဲ့ AIF ဟာ အင်တာနယ်ရှင်နယ်ဝါဒ တနည်းအားဖြင့် နိုင်ငံတကာအယူအမြင်အတွေးအခေါ်ရှိသူတွေကို အကူအညီ ပိုပေးနိုင်ရေး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ယူကရိန်း တို့ ဆီးရီးယားတို့နဲ့ မတူတာက မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အရေအတွက် အနည်းငယ်သာ ရှိနေပါသေးတယ်။
လက်ရှိ ပါဝင်ဆောင်ရွက်နေကြတဲ့ AIF အဖွဲ့ဝင်အရေအတွက် အတိအကျကိုတော့ လုံခြုံရေးအရ Azad က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဒါပေမဲ့ ကြာသပတေးနေ့က စတင်တဲ့ ရန်ပုံငွေပွဲမှာတော့ ၂၄ နာရီအတွင် အမေရိကန်ဒေါ်လာ ၁၀၀၀ (ယူရို ၇၈၅) ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
AIF မစတင်ခင်က မြန်မာ့စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်သူ နိုင်ငံခြားသာ တစ်ဒါဇင်ခန့်ရှိပြီး အသက် ၃၀ ဝန်းကျင်အရွယ် ဗြိတိသျှ ခြေလျင်တပ်သားဟောင်းတစ်ဦးလည်း ဒီအထဲမှာ ပါဝင်တယ်လို့ Nikkei Asia က ဖော်ပြခဲ့ပါတယ်။
“မြန်မာနဲ့ ယူကရိန်းက နိုင်ငံရေးစိန်ခေါ်ချက်နှစ်ခုက လုံးဝကွဲပြားနေတယ်” လို့ သူက ပြောပါတယ်။
ဆက်လက်ပြီး “မြန်မာမှာက စစ်တိုက်နေကြရတာက ပြည်သူလူထု။ ယူကရိန်းမှာက ပြည်သူတွေလည်း ပါဝင်ကောင်း ပါဝင်နိုင်ပေမဲ့ စစ်တပ်မှာ ပါတဲ့သူအများစုက အစိုးရအဆင့် နိုင်ငံတော်အဆင့်ရှိတဲ့ ယူကရိန်းစစ်တပ် အဖွဲ့ဝင်တွေက တိုက်နေတာ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ယူကရိန်းရဲ့ တွန်းလှန်ကာကွယ်မှုတွေကိုလည်း ထောက်ခံပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေလည်း ယူကရိန်းစစ်ပွဲမှာ ဝင်တိုက်နေတာပဲ။ ဒါပေမဲ့ ယူကရိန်းစစ်ကို ကျွန်တော့်တစ်ကိုယ်ရည်စာအရ စိတ်ရောကိုယ်ပါ တွဲဖက်ပြီး ခံစားရတာမျိုး မဖြစ်ဖူးဘူး” လို့ သူက ဆိုပါတယ်။
၁၉၈၉ ခုနှစ်အထိ ဗမာ လို့ လူအများသိကြတဲ့ မြန်မာနိုင်ငံကတော့ ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ဆီက လွတ်လပ်ရေးရကတည်းက ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အုပ်ချုပ်ရေး၊ ပြည်တွင်းစစ်နဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုတွေအောက်မှာ ဆယ်စုနှစ်များစွာ ရုန်းကန်ရင်ဆိုင်ခဲ့ကြရတယ်။
အခုနောက်ဆုံး ပဋိပက္ခကတော့ နေအိမ်အကျယ်ချုပ် ၁၅ နှစ်တာ ကျခံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်နေရာကနေ အာဏာသိမ်းပြီး ဖယ်ချလိုက်တဲ့ စစ်တပ်ကြောင့် ပြည်သူလူထု တရပ်လုံး ဆန့်ကျင်ဆန္ဒပြရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
၂၀၁၀ မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တဖြည်းဖြည်း ရွေ့သွားဖို့ လုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၅ နှစ်မှာ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်မှာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ အရပ်သားတွေအကြား အာဏာခွဲဝေမှုကာလဟာ ၆ နှစ်သာ ခံခဲ့ပါတယ်။
အခုနောက်ဆုံး ရှုပ်ထွေး ရှည်လျားတဲ့ ပြည်တွင်းစစ်ရဲ့ အရေးကြီးဆုံး အဆင့်သစ်တစ်ခုကို ဝင်ရောက်နေပြီ ဖြစ်ပြီး စစ်အုပ်စုဘက်ကတော့ ဆုံးရှုံးသွားတဲ့ နယ်မြေပိုင်စိုးမှုကို အသည်းအသန်ပြန်ရယူဖြို့ အစွမ်းကုန် ရက်ရက်စက်စက် ရမ်းကားလို့ နေပါတယ်။
လူသားချင်းစာနာမှုအကူညီပေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Free Burma Ranger (FBR) ရဲ့ ခေါင်းဆောင် David Eubank က “ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲပဲ။ ပြီးတော့ နှစ်ပေါင်း ၃၁ နှစ်အတွင်း ကြုံရတဲ့ အကြမ်းတမ်းဆုံး တိုက်ပွဲလည်း ဟုတ်တယ်။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုက ကျွန်တော်တို့တစ်ခါမှ မမြင်ဖူးတဲ့ အရှိန်အဟုန်မျိုးနဲ့ လာနေတာ” လို့ ဆိုပါတယ်။
ဆက်လက်ပြီး မြန်မာစစ်တပ်ကို တိုက်လေယာဥ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ အဝေးပစ်ဒုံးကျည်စနစ်တွေ ထောက်ပံ့ပေးနေတာက ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်ပြီး စနစ်တကျ သတ်ဖြတ်နေတဲ့ စစ်တပ်တစ်ခုဖြစ်ကြောင်းနဲ့ အရပ်သားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို အထူးပစ်မှတ်ထား တိုက်ခိုက်တဲ့ အင်မတန်ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်တပ်ဖြစ်ကြောင်း Eubank က ဖြည့်စွက် ပြောပြထားပါတယ်။
သူက The Telegraph ကို အခုလို ပြောပါတယ်။ “အရင်တုန်းကတော့ ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကို ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက် တစတစ မြင်ခဲ့ရတာပေါ့။ အခုကျတော့ ဒါတွေအားလုံး တစ်စုတစည်းထဲ မြင်နေရပြီလို့ ပြောရမှာပဲ”။
စစ်ရာဇဝတ်မှု စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မေလကနေ သြဂုတ်လအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၈၂၀) ကြိမ် ပြုလုပ်ခဲ့ပြီး ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစလို့ စောင့်ကြည့်လေ့လာမှုတွေအရ ပြီးခဲ့တဲ့ သြဂုတ်လဟာ လေကြောင်းတိုက်ခိုက်မှုအများဆုံးလ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း စစ်အုပ်စုဟာ ရုရှားနိုင်ငံက ထောက်ပံ့လေ့ကျင့်ပေးထားတဲ့ ဒရုန်းတွေနဲ့ နည်းစနစ်တွေကို အသုံးပြုပြီး စစ်မြေပြင်မှာ ထိုးစစ်အရှိန်မြှင့်နေပါတယ်။
ပဋိပက္ခနယ်မြေအတွင်း အချက်အလက်စုဆောင်းတဲ့ NGO တစ်ခုဖြစ်တဲ့ ACLED ရဲ့ လေ့လာဆန်းစစ်ချက်မှာ စစ်တပ်ဟာ ဒရုန်းအသုံးပြုဗုံးကြဲတိုက်ခိုက်မှုကို ၂၀၂၂ ခုနှစ်မှာ (၁၅) ကြိမ်၊ ၂၀၂၃ ခုနှစ်မှာ (၂၄) ကြိမ်၊ ၂၀၂၄ ခုနှစ်မှာ (၁၃၈) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီး Mr. Eubank က “ဒါကသတင်းဆိုးပဲ။ သတင်းကောင်းကတော့ အရင်ကထက် ပိုပြီး စုဖွဲ့မှုအားကောင်းလာတယ်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ မျိုးနွယ်စုအရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်သဘောထားရေးရာ အားလုံးမှာ အရင်က မမြင်ဖူးခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ တွေ့မြင်နေရတယ်” လို့ သုံးသပ်ပါတယ်။
နှစ်ပေါင်းများစွာ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတွေကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်စုကို တွန်းလှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အကြားမှာ ခိုင်မာအားကောင်းတဲ့ စုဖွဲ့မှုအားက တဖြည်းဖြည်း ပိုမိုရုပ်လုံးပေါ်လာတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေးလို အရွေ့တွေဟာ ဒီ မဟာမိတ်အစုအဖွဲ့တွေရဲ့ ညီညွတ်မှုကို ဖော်ပြခဲ့တာပဲ။
ဆက်လက်ပြီး တော်လှန်ရေးအင်အားစုတွေက ယေဘုယျ နယ်မြေ သုံးပုံနှစ်ပုံခန့်ကို ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်တာကြောင့် “တဖြည်းဖြည်းချင်း သူတို့အနိုင်ရလာတာပဲ” လို့ Mr. Eubank က ဆိုပါတယ်။
တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေထဲမှာ မြို့ကြီးပြကြီးနဲ့ စက်မှုဇုန်တွေ မပါဝင်ပေမယ့် မကြာသေးခင်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးကိုသိမ်းယူမှုဟာလည်း မြန်မာ့သမိုင်းမှာ တိုင်းစစ်ဌာနချုပ် အခြေစိုက်မြို့တစ်မြို့ကို ပထမဆုံးသိမ်းယူမှု ဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သလို နေပြည်တော်တံခါးပေါက်တစ်ခုအဖြစ် စဥ်းစားခဲ့ကြတဲ့ မန္တလေးမြို့နဲ့ ပတ်သက်ပြီး တချိန်က တိုက်ပွဲ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ ထင်ခဲ့ကြပေမယ့် အခုဆိုရင် ဖြစ်နိုင်ချေရှိတယ်လို့ အားလုံးလက်ခံကြတဲ့အခြေအနေကို ရောက်နေပါပြီ။
Crisis Group ရဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ Richard Horsey က “မန္တလေးဟာ တော်လှန်ရေးအင်အားစုတွေအတွက် ထူးထူးခြားခြား ခက်ခဲတဲ့ ပစ်မှတ်တစ်ခုပဲ။ ဒါပေမဲ့ မန္တလေးဟာ နောက်ထပ် ပစ်မှတ်တစ်ခုလည်း ဖြစ်နိုင်ချေရှိတယ်လို့ ပြောနေကြပြီဆိုကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပဋိပက္ခအခင်းအကျင်းတွေ ဘယ်လောက်ပြောင်းလဲသွားပြီဆိုတာကို မီးမောင်းထိုးပြနေတယ်” လို့ ရှင်းပြပါတယ်။
ဆက်လက်ပြီး “အခုအချိန်မှာတော့ မြန်မာစစ်တပ်အတွက် အခြေအနေတွေက တော်တော်မကောင်းပါဘူး။ ပြီးခဲ့တဲ့ ၁၂ လအတွင်း အရှုံးတွေ ဆက်တိုက်ပေါ်လာသလို တဖြည်းဖြည်း ရှုံးနိမ့်မှု ပမာဏက ပိုပိုကြီးလာတယ်” လို့ ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ ဧပြီလကတည်းက အတင်းအကျပ် စစ်မှုထမ်းခဲ့ရသူတွေ အပါအဝင် အောက်ခြေစစ်သားကနေ ရာထူးမြင့်တပ်မှူးတွေ ဗိုလ်မှူးတွေအထိ စစ်အုပ်စုအတွင်းမှာ စိတ်ဓာတ်ရေးရာ ကျဆင်းမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေ ပိုမိုများပြားလာတဲ့ လက္ခဏာရပ်တွေ မကြုံစဖူး မြင်တွေ့လာရတယ်လို့ သူက ဆိုပါတယ်။
“ပြီးတော့လည်း စစ်တပ်အကြီးတန်း ဗိုလ်မှူးတွေကို တာဝန်ပျက်ကွက်မှု၊ အမိန့်မနာခံမှု၊ အမိန့်မထုတ်ပြန်မှု စတဲ့အချက်တွေနဲ့ တရားစွဲအပြစ်ပေးတာမျိုးဟာ အရင်ကမကြုံဖူးတဲ့ အဖြစ်မျိုးပဲ” လို့ သူက ထပ်လောင်းဆိုပါတယ်။
ဒါဟာ တချိန်က ကြောက်စရာကောင်းလောက်အောင် ခိုင်မာအားကောင်းတယ်လို့ ပြောစမှတ်ပြုရတဲ့ စစ်တပ်ရဲ့ အလယ်ဗဟိုကနေ လှိုက်စားပုပ်ပွနေပြီဆိုတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ ပြီးတော့ စစ်တပ်ရဲ့ စွမ်းဆောင်နိုင်မှုတင်မကဘဲ သစ္စာစောင့်သိမှု အပိုင်းမှာပါ ယိုင်နဲ့ နေကြောင်းပြနေတာလို့ Horsey က ဆိုပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံကြောင့် လာမယ့်ကာလတိုအတွင်းမှာတော့ စစ်အုပ်စုအနေနဲ့ ပြုတ်ကျဖို့ အလားအလာမရှိသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အပတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့တာကြောင့်ပါ။
စူပါပါဝါ တရုတ်ဟာ စစ်ဆင်ရေး ၁၀၂၇ ကို ကနဦးတုန်းက ရပ်တန့်ဖို့ မကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စစ်အုပ်စုရဲ့ အရှိန်အဟုန်နဲ့ ယိုယွင်းလာမှုကို ပေကျင်းအစိုးရ ထိတ်လန့်လာခဲ့ပါတယ်။
တရုတ်အစိုးရက မြန်မာစစ်တပ်ဟာ တိုင်းပြည်ငြိမ်သက်ရေးအတွက် အကောင်းဆုံး အာမခံပေးနိုင်မယ့်သူလို့ ယူဆနေဆဲဖြစ်သလို အနောက်အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ NUG ရဲ့ ထိန်းချုပ်နိုင်မှုတွေကို မလိုလားကြောင်း ပြသလာပါတယ်။
“မြန်မာ့အရေးမှာ တရုတ်ရဲ့ နိုင်ငံရေးရပ်တည်ချက် လပိုင်းအတွင်း ပြောင်းလဲသွားတာဟာ သိပ်ကို အရေးကြီးတဲ့ အခြေအနေပဲ။ ဒီအခင်းအကျင်းက အနာဂတ်အလားအလာကို ပုံဖော်သွားနိုင်တယ်” လို့ Horsey က သုံးသပ်ပါတယ်။
“တရုတ်က စစ်အစိုးရကို စေတနာအပြည့်နဲ့ ထောက်ခံနေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ စစ်အစိုးရ ပြုတ်ကျရင် နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို သူတို့ စိတ်ပူတယ်” လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ တိုးလာခြင်းက ကောင်းတဲ့ဘက်ကတွေးရင် တော်လှန်ရေးအတွက် စိတ်ဓာတ်မြှင့်တင်ပေးနိုင်တာမျိုး ရှိနိုင်ပေမဲ့ ဘာသာစကားအခက်အခဲနဲ့ အတွေ့အကြုံအားနည်းမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေအတွက် အဟန့်အတားတချို့လည်း ဖြစ်သွားနိုင်ပါတယ်။
“နိုင်ငံခြားသားတိုက်ခိုက်ရေးသမားအရေအတွက်က တော်တော်နည်းပါသေးတယ်။ နိုင်ငံတကာတပ်ဖွဲ့အဆင့် မဟုတ်သေးပါဘူး။ ဒါက စပိန်ပြည်တွင်းစစ်လည်းမဟုတ်သလို ယူကရိန်းစစ်ပွဲနဲ့တောင် မတူပါဘူး” လို့ Horsey က ဆိုပါတယ်။
“တကယ်လို့ ခင်ဗျားက တော်လှန်ရေးသမားအသစ်တစ်ဦးဆိုရင် လက်နက်အသုံးပြုနည်းကို သင်ပေးဖို့ အမေရိကန်သားလည်း မလိုသလို ဥရောပသားတစ်ဦးလည်း မလိုအပ်ပါဘူး။ မြန်မာနိုင်ငံသားတွေထဲမှာ ဒါကိုသိတဲ့လူတွေ အများကြီးရှိတယ်” လို့ သူက ဆိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက Eubank ရဲ့ FBR အပါအဝင် နိုင်ငံခြားသားရော ဒေသခံ စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အခြားလုပ်ငန်းဆောင်တာတွေကိုပါ အလေးအနက်ထား လုပ်ကိုင်ခဲ့ကြပါတယ်။
FBR ဟာ စစ်ဘေးရှောင်ရပ်ရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားအကူအညီတွေပေးအပ်ဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ လုံခြုံရေးနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့အတွက် လက်နက်တွေ ကိုင်ဆောင်ရတယ်လို့ Eubank က ပြောပါတယ်။
“လာရောက်ကူညီပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော်တို့ ကျေးဇူးအထူးတင်ရှိပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရှေ့တန်းစစ်မျက်နှာမှာ ပါဝင်ချင်သူတွေအတွက်တော့ ဒါဟာ ပုဂ္ဂိုလ်ရေးဆုံးဖြတ်ချက်ပါပဲ။ ပြီးတော့ သိပ်ကို အန္တရာယ်များတဲ့ အချက်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ တိုက်ခိုက်တဲ့အလုပ်မှာ မပါပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ချင်းပြည်နယ်ကို ရောက်ရှိနေတဲ့ Azad ကတော့ လတ်တလော ထွက်ခွာဖို့ အစီအစဥ် မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ရင်ဆိုင်နေရတဲ့ သူ့ရန်သူတွေဟာ ဆီးရီးယားမှာ တွေ့ခဲ့ရတဲ့ ရန်သူတွေထက် အဆပေါင်းများစွာ ရက်စက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ တော်လှန်ရေးအင်အားစုတွေဟာ အနိုင်ရမယ်လို့ သူယုံကြည်ကြောင်း Azad က ပြောပါတယ်။
“အခု ကျွန်တော့် ရန်သူက တကယ့်ကို လူမဆန်ဘဲ ရက်ရက်စက်စက် ညှဥ်းပန်းနှိပ်စက်ခြင်းနဲ့ အသားကျနေကြတယ်။ နေ့တိုင်းလိုလို ဆိုးရွားတဲ့ ပြစ်မှုတွေ ကျူးလွန်နေတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေက ဘယ်လောက် ညံ့ဖျင်းလဲဆိုတာ ကျွန်တော့် အတွေ့အကြုံအရတော့ သူတို့ရည်မှန်းချက်အတိုင်း ဖြစ်လာအောင် ဒီကနေ့အထိ မလုပ်ဆောင်နိုင်သေးဘူး” လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က အရှေ့တောင်အာရှရဲ့ အင်အားအကြီးဆုံး စစ်တပ်တွေထဲမှာ ပါဝင်တယ်လို့ သုံးသပ်ခဲ့ကြတဲ့ စစ်ကောင်စီတပ်ဟာ အခုအချိန်မှာတော့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတာ အမှန်ပဲလို့ သူက ထပ်လောင်း ပြောပါတယ်။
“ပြည်သူလူထုက တွန်းလှန်လိုစိတ် ရှိနေသရွေ့ အာဏာရှင်စနစ်၊ အာဏာရှင်ခေတ်က ကျရှုံးဖို့ အလားအလာရှိနေမှာပဲ”
“ကျွန်တော်တော့ ဒီအတိုင်းပဲ ယုံကြည်ပြီး ရှေ့ဆက်နေတယ်။ လာမယ့်နှစ် ဒီလိုအချိန်ဆိုရင် ကျွန်တော်လည်း ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ အေးအေးလူလူ လက်ဖက်ရည်ဆိုင်ထိုင်ရင် ထိုင်နေမှာပေါ့”
( ဗြိတိန်သတင်းစာ The Telegraph မှာ နိုဝင်ဘာ ၁၃ ရက်နေ့က Sarah Newey ရေးသားခဲ့တဲ့ “Why I left the US Deep South to fight in Myanmar’s brutal civil war” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထား ပါတယ်။)
The Tanintharyi Times
