“လုံခြုံရေးကိုပဲဖူးရမလား၊ ဘုရားကိုပဲဖူးရမလား၊ ဘာကိုဖူးလို့ဖူးရမှန်းမသိဘူး”
“လုံခြုံရေးကိုပဲဖူးရမလား၊ ဘုရားကိုပဲဖူးရမလား၊ ဘာကိုဖူးလို့ဖူးရမှန်းမသိဘူး”
တနင်္သာရီဒေသမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တန်ဆောင်တိုင်ဘုရားပွဲကို ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုဂယက်တွေကြောင့် ၂၀၂၂ ခုနှစ်ကနေ စတင်ရပ်နားထားပြီးနောက် ဒေသတချို့မှာ မနှစ်ကစပြီးပြန်လည်ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ ဒေသတော်တော်များများမှာ မြို့ရွာရပ်ကွက်တွေထဲကို လှည့်လည်အပူဇော်ခံတာတွေလုပ်ဆောင်လာကြပါတယ်။ ဒေသရဲ့ရိုးရာဓလေ့ဖြစ်တဲ့ တန်ဆောင်ပွဲတော်တွေဟာ စစ်အာဏာမသိမ်းခင်ကနဲ့ ဘယ်လိုတွေကွာခြားသွားလဲ၊ ဒေသခံတွေရဲ့ တန်ဆောင်တိုင်ပွဲအေပါ်သဘောထားအမြင်တွေက ဘယ်လိုတွေရှိနေလဲဆိုတာကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံအစီအစဥ်ကနေ မေးမြန်းဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး
မေး - ကိုယ့်ရဲ့ဒေသမှာ စစ်အာဏာမသိမ်းခင်က တန်ဆောင်တိုင်ကာလနဲ့ အာဏာသိမ်းပြီးတန်ဆောင်တိုင်ကာလက ဘယ်လိုကွာသွားတယ်လို့ထင်လဲ။
ဖြေ - တန်ဆောင်တိုင်ကမစည်တော့ဘူး။ စစ်ရှောင်တွေနဲ့မြို့ပေါ်အရင်ရှိလူတွေနဲ့စည်နေတာလောက်ပဲ။ လုံခြုံရေးတွေကလည်း ကင်းအမြဲလှည့်နေတာ ဘုရားကြီးဆီ ဘုရားပို့ပြီးရင် ပြန်ပြေးလာတာချည်းပဲ။ ထားဝယ်မြို့ပေါ်မှာဘယ်သူမှလူစည်တဲ့နေရာသွားချင်တဲ့စိတ်မရှိကြတော့ဘူး စစ်ကြောင့်၊ အငတ်ဘေးကြောင့်၊ အဓိက က မင်းအောင်လှိုင်ကြောင့်။
မေး - အရင်က တန်ဆောင်တိုင်ဆို ဘာတွေလုပ်ဖြစ်လဲ။ အခုနှစ်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ - အရင်က မီးစက်တာဝန်ယူရတယ်ရွာမှာ။ ဒီနှစ်တော့ စိတ်လည်းမပါ လုပ်လည်းမလုပ်ချင်လို့ ဘာမှကိုမလုပ်ဘူး။
မေး - စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန်ဆောင်တိုင်ကျင်းပနေရတဲ့ ပုံစံအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - လုံခြုံရေးကိုပဲဖူးရမလား ဘုရားကိုပဲဖူးရမလား ဘာကိုဖူးလို့ဖူးရမှန်းမသိဘူး။ လမ်းဆုံလမ်းခွ အားလုံး လက်နက်ကိုင်စစ်သားတွေ နေရာစုံလိုက်ချထားတယ်။ ဘုရားလှည့်နေ့တုန်းကဆို ကမ်းနားလမ်းမှာ မော်တော်ပီကယ်ဖမ်းနေတယ်။ ဒီပုံနဲ့ ပွဲလမ်းကာလမှာ ဘယ်လိုလုပ်ပြီးသွားလာလို့ ရတော့မှာလဲ။
မေး - တန်ဆောင်တိုင်နဲ့ပတ်သက်ပြီးအမှတ်တရ ဒါမှမဟူတ် တခြားဖြည့်ပြောချင်တာရှိရင်ပြောပေးပါ
ဖြေ - ပြောဖို့တောင်မကောင်းဘူး။ (အရင်က) ကျွေးမွေးခန်းကရှယ် ဟိုးရွာကျွေး ဒီရွာကကျွေး ဟိုးစားစရာ ဒီစားစရာ အစုံ။ ထမင်းကြော်၊ ဆီကျက်ခေါက်ဆွဲ၊ လက်ဖက်ထမင်းနယ်၊ ငပိထမင်းနယ်၊ ဝက်ခေါက်ကြော်တွေအစုံကျွေးတာ။ အခုနှစ်က ရေသန့်၊ royal-d၊ စပွန်ဆာအအေး၊ ငါးမုန့်၊ အိုက်စခရင် ဒီဟာတွေပဲရှိတာ ဟိုးဖက်ခေတ်နဲ့ ဒီဘက်ခေတ်ကတော့ ရှယ်ကွာတယ်။ ကုန်ဈေးနှုန်းကြောင့်လည်းဖြစ်ချင်ဖြစ်မယ်၊ နေ့ဘက်ဖြစ်လို့လည်းပါမယ်။ စစ်အာဏာသိမ်းကာလဖြစ်လို့လည်းပါမယ်။ အမှတ်(၁)တို့ အမှတ်(၃)ကျောင်းတို့နားမှာဆို (အရင်က) ရှယ်ကျွေးတာ ဒီနှစ်က ပဒေဿာပင်လောက်ပဲလှူတော့တယ်။
ထိုင်းနိုင်ငံရောက် ကံပေါက်ဒေသခံအမျိုးသား
မေး - ကိုယ့်ရဲ့ဒေသမှာ စစ်အာဏာမသိမ်းခင်က တန်ဆောင်တိုင်ကာလနဲ့ အာဏာသိမ်းပြီးတန်ဆောင်တိုင်ကာလက ဘယ်လိုကွာသွားတယ်လို့ထင်လဲ။။
ဖြေ - အရင်ကဆို ဘုရားလှည်းပေါ်တင်ပြီး လှည့်တာ။ အရှေ့မှာ ယောက်ျားတစ်တန်း၊ အနောက်မှာ မိန်းမတစ်တန်း ယောဂီဝတ်တွေနဲ့ စီတန်းပြီးလှည့်ကြတာ။ ဘုရားလှည်းကလည်း လုပ်ရတာ တစ်ရက်နီးနီးလောက်ကြာတယ်။ ပြီးရင်ရပ်ကွက်တိုင်းမှာ အကျွေးအမွေးရှိတယ် စားမနိုင်အောင်ကိုကျွေးတာ။ အခုက ကားပေါ်တင်ပြီးလှည့်ကြတာ။ ယောဂီတွေကလည်း ကားနဲ့လိုက်ကြတယ်။ ဒါကလည်း ရိုးရာမပျောက်စေချင်လို့ ထိန်းသိမ်းပြီး အလွယ်လုပ်လိုက်တဲ့သဘောလောက်ပဲ ထင်တယ်။
မေး - အရင်က တန်ဆောင်တိုင်ဆို ဘာတွေလုပ်ဖြစ်လဲ။ အခုနှစ်ရော ဘာတွေလုပ်ဖြစ်လဲ
ဖြေ - ရပ်ကွက်ထဲက အကျွေးအမွေးမဏ္ဍပ်မှာ သွားလုပ်ကူတယ်။ ကိုယ့်ရပ်ကွက်မဏ္ဍပ်မှာ ကျွေးပြီးသွားရင် ဘုရားလှည့်လိုက်တယ် တစ်ညလုံးပေါက် လိုက်စားတယ်။ ဒီနှစ်တော့ ထိုင်းလွိုင်ကထုံ(ထိုင်းနိုင်ငံက တန်ဆောင်တိုင်မှာကျင်းပတဲ့ပွဲ) လိုက်ကြည့်ဖြစ်တယ်။ သူများနေရာက လွိုင်ကထုံပွဲလိုက်ကြည့်မှာ ကိုယ့်ဒေသက တန်ဆောင်တိုင်ကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။ တော်တော်ကွာတယ်။ နိုင်ငံသာကောင်းနေရင် ကျနော်တို့ ကံပေါက်နဲ့ ထားဝယ်က တန်ဆောင်တိုင်ဘုရားပွဲတွေကို ခရီးသွားတွေကို တော်တော်လေးဆွဲဆောင်နိုင်မှာ။
မေး - စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန်ဆောင်တိုင်ကျင်းပနေရတဲ့ ပုံစံအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဘယ်လိုမှမမြင်ဘူး။ လုပ်ချင်လို့လုပ်နေတဲ့ ပွဲတွေလောက်ပဲမြင်တယ်။ အနှစ်မရှိဘူး။ စည်ကားသာယာတာကိုပြချင်လို့ ဒီအတိုင်းဖန်တီးနေတာလောက်ပဲ။ ဦးဆောင်လုပ်နေတဲ့သူတွေက စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ဂေါပကတွေ၊ ဘုန်းကြီးတွေ ပါမှာပေါ့။
မေး - တန်ဆောင်တိုင်နဲ့ပတ်သက်ပြီးအမှတ်တရ ဒါမှမဟုတ် တခြားဖြည့်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ - အသက် ၁၂၊ ၁၃ နှစ်အရွယ် ယောက်ျားလေးတွေမှာ အလံလုတဲ့ရာဇဝင်ရှိတယ်။ လူပျိုပေါက်အရွယ်လည်းဖြစ်တော့ ကလေးတွေလို အနောက်ကနေမလိုက်ချင်ကြတော့ဘူး။ ဒါကြောင့် သူ့ထက်ငါအရင်သွားပြီး အလံလုကြတာ။ ဘုရားတစ်ဆူမှာ အလံက ရှစ်ခုရှိတယ်။ ပြီးရင် ညလုံးပေါက်ဘုရားလှည့်သွားရင် လမ်းဘေးမှာ ချီးပုံတက်နင်းမိတာလည်းရှိတယ်။ တော်တော်နံတာ။ တစ်ညလုံးပေါက်ဆိုတော့ ဘုရားလှည့်မှာပါတဲ့ တချို့တွေဆို နှစ်ယောက်တွဲတွဲပြီးအိပ်ပျော်နေကြတာ အရမ်းပျော်စရာကောင်းပြီး လွမ်းစရာလည်းကောင်းတယ်။ တခြားဖြည့်စွက်ပြောချင်တာကတော့ အဲလိုနေ့တွေကိုပြန်လိုချင်နေပြီ ဆိုတာပဲ။
ထိုင်းနိုင်ငံရောက် မြိတ်မြို့ခံအမျိုးသားတစ်ဦး
မေး - ကိုယ့်ရဲ့ဒေသမှာ စစ်အာဏာမသိမ်းခင်က တန်ဆောင်တိုင်ကာလနဲ့ အာဏာသိမ်းပြီးတန်ဆောင်တိုင်ကာလက ဘယ်လိုကွာသွားတယ်လို့ထင်လဲ။
ဖြေ - ဒီနှစ်တန်ဆောင်တိုင်မှာ လူငယ်တွေမရှိကြတော့ဘူးတဲ့။ ကျနော့်အဖေနဲ့ အမေက သူတို့မြေးမလေးကို လိုက်ပို့ရင်း ဘုရားပွဲရောက်သွားသေးတယ်။ အဖေပြောတာတော့ ဒီနှစ်တန်ဆောင်တိုင်မှာ လူငယ်တွေမရှိကြတော့ဘူးတဲ့။ ယောက်ျားငယ်ရော မိန်းမငယ်ရော။ ကျနော့်တူမအရွယ် ဆယ်နှစ်ဝန်းကျင်အရွယ်လေးတွေပဲ တွေ့ရတယ်ပြောတယ်။ အရင်ကတန်ဆောင်တိုင်တွေကတော့ ဘာပြောကောင်းမလဲ သူ့ခြေ ကိုယ့်ခြေထပ်နေတာလေ။ လမ်းတောင်မလျှောက်လိုက်ရဘူး။ လူတိုးရင်းနဲ့ပဲ ပြီးသွားတာ။
မေး - အရင်က တန်ဆောင်တိုင်ဆို ဘာတွေလုပ်ဖြစ်လဲ။ အခုနှစ်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ - အရင်ကဆို ကျူရှင်ပြေးပြေးပြီး တန်ဆောင်တိုင်သွားတာ။ အမေ့ပိုက်ဆံအိတ်ထဲကနှိုက်လာတဲ့ တစ်ထောင်တန်လေးတစ်ချပ်နဲ့ စားချင်တာအကုန်ပတ်ဝယ်စားတာပဲ။ အိမ်ကအမေသိပြီး ရိုက်ခံရတဲ့နှစ်တွေချည်းပဲ။ ကျနော့်အတွက်ရာဇဝင်လိုတောင်ဖြစ်နေပြီ။ ဒီနှစ်ကျ ထိုင်းမှာလေ။ ထိုင်းထွက်လာတာ ရှစ်လလောက်ရှိပြီ။ အလုပ်မရသေးလို့ အလုပ်ရှာနေရတယ်။
မေး - စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန်ဆောင်တိုင်ကျင်းပနေရတဲ့ ပုံစံအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ဒါကတော့ ရည်ရွယ်ချက်ရှိရှိကိုလုပ်နေတာ။ ကိုဗစ်တုန်းကလည်း ကပ်ဘေးကြောင့်မလုပ်ဖြစ်ဘူး။ အခုစစ်ဆိုတာလည်း ကပ်ဘေးတစ်ခုပဲ။ ဒါပေမယ့် စစ်တပ်က သူ့လက်အောက်မှာ ပွဲလမ်းသဘင်တွေနဲ့ စည်ကားသာယာနေတာကို ပြချင်လို့ သက်သက်ကိုလုပ်တာလို့ပဲမြင်တယ်။ ဒါပေမယ့် ဘုရားပွဲလုပ်တဲ့သူရော သွားတဲ့လူရောက စိုးရိမ်စိတ်တွေရှိနေမှာအမှန်ပဲ။ ဘာလို့ဆို ခေါင်းပေါ်ကနေ ဒရုံးဗုံးလည်းကျချင်ကျလာနိုင်တယ်လေ။
မေး - တန်ဆောင်တိုင်နဲ့ပတ်သက်ပြီးအမှတ်တရ ဒါမှမဟုတ် တခြားဖြည့်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ - ကျနော်က ငယ်ငယ်ကတည်းက အစ္စလာမ်တွေနဲ့ပေါင်းရပြီး သူတို့ရပ်ကွက်မှာပဲနေလာတော့ ပနံသင့်အောင်နေရတယ်။ လွတ်လွတ်လပ်လပ်မသွားရဘူး။ လွတ်လွတ်လပ်လပ်ဆိုတာက သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားမသွားရဘဲ တစ်ယောက်တည်းပဲ ကုပ်ကုပ်လေးသွားလာရတာမျိုး။ ကျနော်ကယောက်ျားလေးဆိုပေမယ့် အိမ်ကနဲနဲချုပ်ချယ်တဲ့အထဲပါတယ်။ ဒါပေမယ့် နှစ်တိုင်းခိုးသွားတယ်။ ဒါက ကျနော့်အတွက်အမှတ်တရပါပဲ။
ကော့သောင်းမြို့ခံအမျိုးသားတစ်ဦး
မေး - ကိုယ့်ရဲ့ဒေသမှာ စစ်အာဏာမသိမ်းခင်က တန်ဆောင်တိုင်ကာလနဲ့ အာဏာသိမ်းပြီးတန်ဆောင်တိုင်ကာလက ဘယ်လိုကွာသွားတယ်လို့ထင်လဲ။
ဖြေ - တော်တော်လေးစည်ကားလာတယ်ဗျ။ အကျွေးအမွေးတွေကလည်းပေါ ဘုရားတောင်ရှေ့ဆက်မတိုးနိုင်ဘူး။ ဒါပေမယ့် ဖလားကိုင်တဲ့လူတွေတော့ ကလေးတွေချည်းပဲ။ ၁၀နှစ်ကနေ ၁၅ နှစ်အရွယ်လေးတွေပဲတွေ့ရတယ်။ ပြီးရင် ဘုရားပွဲမှာ သေနတ်ကိုင်ထားတဲ့ စစ်တပ်တွေ ရှိလာတယ်။ သူတို့တော့ လုံခြုံရေးလို့ ပြောမှာပေါ့။ ကျနော်တို့အတွက် သူတို့ရှိနေတာကိုက ပိုမလုံခြုံဘူး။
မေး - အရင်က တန်ဆောင်တိုင်ဆို ဘာတွေလုပ်ဖြစ်လဲ။ အခုနှစ်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ - အရင်ကဆို တန်ဆောင်တိုင်ကာလမှာ နှစ်ရက်လောက်က ကျနော်အိမ်ပြန်မရောက်ဘူး။ တစ်ညက ဘုရားလှည့်လိုက်ပြီး လမ်းမှာပဲအိပ်တာ။ နောက်တစ်ရက်က မူးရူးပြီး သူငယ်ချင်းအိမ်တစ်အိမ်အိမ်မှာ အိပ်ပျော်သွားတာပဲ။ ဒီနှစ်က ပင်လယ်မှာလေ။ အဖေက အိမ်ပြန်မလာခိုင်းဘူး။ စစ်မှုထမ်းကိစ္စတွေနဲ့ ပင်လယ်မှာပဲနေတဲ့။ ပင်လယ်မှာဆိုပေမယ့်လည်း တန်ဆောင်တိုင်အကြောင်း တန်ဆောင်တိုင်ပုံတွေကတော့ လိုင်းပေါ်မှာတွေ့နေမြင်နေရတာပါပဲ။
မေး - စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန်ဆောင်တိုင်ကျင်းပနေရတဲ့ ပုံစံအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - တန်ဆောင်တိုင်ကတော့ ကျင်းပမြဲ ရိုးရာမို့ကျင်းပတာပဲပေါ့။ ခက်တာက ဘုးရားပွဲသမားတွေအတွက် အရမ်းအန္တရာယ်များတယ်။ စစ်တပ်ကလည်း ကင်းပုန်းတွေချထားတယ်ကြားတယ် ဘယ်နေရာတွေမှာဆိုတာတော့မသိဘူး။ ဒါဆို ဆွဲချင်ဆွဲခံရနိုင်တယ် ဒါကတပိုင်း။နောက်တစ်ခု ငါးသုံးလုံးတောင်တဝိုက်မှာ အလုအယက်အခြေအနေ တအားဆိုးနေတယ်။ လမ်းဘေးကနေ ဝုန်းခနဲ ထွက်လာပြီးလုတာလည်းရှိတယ်။ ပြီးရင်သူတို့က ဓား၊ ပုဆိန် အကုန်သုံးတာ။ ဒီငါးသုံးလုံးတောင်တဝိုက်က ကော့သောင်းမှာတော်တော်ပြောစရာဖြစ်နေပြီ။
မေး - တန်ဆောင်တိုင်နဲ့ပတ်သက်ပြီးအမှတ်တရ ဒါမှမဟုတ် တခြားဖြည့်ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ - တန်ဆောင်တိုင်ဆိုတာ ကျနော့်အတွက် ပျော်စရာကောင်းတယ်။ တစ်နှစ်မှာတစ်ခါပဲကြုံရတဲ့ ပွဲတော်တစ်ခု။ ကျနော့်အသက် ၂၆ နှစ်ရှိပြီး ငယ်ငယ်ကတည်းကစပြီး နှစ်တိုင်းရောက်တယ်။ မိသားစုနဲ့ရောက်တာလည်း ရှိတယ်။ သူငယ်ချင်းတွေနဲ့ ရောက်တာလည်းရှိတယ်။ ရောက်တိုင်းလည်း စားသောက် ပျော်ပါးစကားပြောကြတာပဲ။ ဒါကျနော့်အတွက်အမှတ်တရပဲ။ တခြားဖြည့်စွက်ချင်တာက အရင်လို စိုးရိမ်မှုကင်းကင်းနဲ့ ပွဲတော်ကိုသွားချင်လာချင်တယ်။
သရက်ချောင်းမြို့နယ်၊ ရငဲရွာခံ အမျိုးသမီးတစ်ဦး
မေး - ကိုယ့်ရဲ့ဒေသမှာ စစ်အာဏာမသိမ်းခင်က တန်ဆောင်တိုင်ကာလနဲ့ အာဏာသိမ်းပြီးတန်ဆောင်တိုင်ကာလက ဘယ်လိုကွာသွားတယ်လို့ထင်လဲ။
ဖြေ - ကျမတို့ရွာဘက်မှာ ကိုဗစ်ကာလကတည်းက အခုထိ တန်ဆောင်တိုင်ပွဲမလုပ်ဖြစ်ဘူး။ အဓိကတော့ ကနက်သီရိမှာလုပ်တာပေါ့။ နေရာကလည်းအကျယ်ကြီး။ ဒီနှစ်က ဘုရားပွဲလုပ်ဖို့ လူတွေလည်းမရှိတော့ဘူး။ အိမ်တွေလည်း တချို့ဆိုမရှိကြတော့ဘူး။ ကျမတို့လည်း အိမ်မှာမဟုတ်ဘူး။ ကိုယ့်အိမ်ကိုတောင် ခိုးခိုးပြီးပြန်နေရတာလေ။ ရွာတွေမှာလည်း လူမရှိ အိမ်ပျက်နဲ့ တော်တော်လေးခြောက်ကပ်ကပ်ဖြစ်နေကြပြီ။
မေး - အရင်က တန်ဆောင်တိုင်ဆို ဘာတွေလုပ်ဖြစ်လဲ။ အခုနှစ်ရော ဘာတွေလုပ်ဖြစ်လဲ။
ဖြေ - အရင်ကဆို ယောဂီဝတ်နဲ့ ပန်းအိုးကိုင်ပြီးလိုက်တဲ့နှစ်လည်းရှိတယ်။ အကျွေးအမွေးမှာ ဝင်ကူတဲ့နှစ်လည်းရှိတယ်။ နှစ်တိုင်းနှစ်တိုင်းတစ်နေရာရာမှာ အမြဲပါတယ် ဘယ်တော့မှမကျန်ခဲ့ဘူး။ ဒီနှစ်တော့ တခြားနေရာက တန်ဆောင်တိုင်ပုံလေးတွေကြည့်ပြီး ကိုယ့်ရပ်ကိုယ့်ရွာက တန်ဆောင်တိုင်ကိုလွမ်းရုံပဲတတ်နိုင်တော့တယ်။ ထားဝယ်ကိုတက်မယ်ဆိုတော့လည်း ပန်းတောသံတံတားဂိတ်မှာ သိပ်စိတ်မချရဘူးဆိုလို့ မတက်ဖြစ်ဘူး။
မေး - စစ်အာဏာသိမ်းပြီးနောက်ပိုင်း တန်ဆောင်တိုင်ကျင်းပနေရတဲ့ ပုံစံအပေါ် ဘယ်လိုမြင်လဲ။
ဖြေ - ရိုးရာကိုမပျက်မကွက်ထိန်းသိမ်းတာပဲရှိတော့မယ်ထင်ပါတယ်။ အရင်ကတန်ဆောင်တိုင်ကာလဆို ရင်ထဲမှာတောင် တမျိုးလေး အေးချမ်းနေတတ်တာ။ အခုက သွားပြီးလာပြီး မြန်မြန်ပြန်လာကြ အကျဉ်းချုံးလေးပဲ လုပ်ကြတယ်ဆိုတာမျိုးကြားရတော့ ရိုးရာမပျက်အောင် ပြေးပြေးလွှားလွှားလုပ်နေကြရတယ်လို့ပဲ မြင်တယ်။ ဒီလိုဆိုပျော်စရာမကောင်းတော့ဘူးပေါ့။
မေး - တန်ဆောင်တိုင်နဲ့ပတ်သက်ပြီးအမှတ်တရ ဒါမှမဟူတ် တခြားဖြည့်ပြောချင်တာရှိရင်ပြောပေးပါ
ဖြေ - တစ်ညလုံး ယောဂီဝတ်နဲ့ ပန်းအိုးကိုင်ပြီးလိုက်တဲ့ညတွေဆို ချမ်းလို့တုန်နေတဲ့အချိန်ကြီး မုန့်လက်သုပ်ပူပူလေး မုန့်ဟင်းခါးပူပူလေး ကြာဇံဟင်းခါးပူပူလေး စားလိုက်ရတဲ့အချိန်တွေ။ စကားနဲ့ပြောပြလို့မရဘဲ အဲဒီခံစားချက်တွေက တကယ်အမှတ်တရတွေပဲ။ တခြားကတော့ ပုံမှန်အတိုင်းကိုယ့်ဒေသမှာ ကိုယ့်ရိုးရာဓလေ့ကို ပြန်လုပ်ချင်တယ်။
The Tanintharyi Times
