“သားသမီးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းပေးတက်ချင်ပါတယ်”

“သားသမီးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းပေးတက်ချင်ပါတယ်”

နှစ်တစ်နှစ်ရဲ့ ကျောင်းဖွင့်ရာသီရောက်လို့လာပါပြီ။ ကျောင်းသားမိဘ တော်တော်များများဟာ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအတွက် လက်လှမ်းမီရာကျောင်းတွေဖြစ်တဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ စာသင်ကျောင်းတွေ၊ NUG က ဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်း၊ မြေပြင်ကျောင်း၊ ပုဂ္ဂလိကကျောင်း စသဖြင့် ကျောင်းတွေကို ရွေးချယ်အပ်နှံရတဲ့ ကာလလည်းဖြစ်ပါတယ်။

အခုလိုကာလမျိုးမှာ စာသင်ကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေတွေကြားထဲက ကျောင်းပို့ထားရတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး မိဘတွေမှာ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေပါသလဲ။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာ တနင်္သာရီတိုင်းထဲက ကျောင်းသားမိဘတစ်ချို့ရဲ့အသံကို စုစည်းဖော်ပြလိုက်ပါတယ်။

တောင်ပိုင်းသားတို့အသံ

▪️တနင်္သာရီမြို့နယ်၊ဇဝဲ‌ကျေးရွာအုပ်စုက အလယ်တန်းကျောင်သားတစ်ဦးရဲ့ ဖခင်

မေး – အခုက ကျောင်းဖွင့်နေပြီဆိုတော့ ကိုယ့်ကလေးတွေကို ဘယ်ကျောင်းမှာထားဖြစ်လဲ။
ဖြေ – ဇဝဲက အစိုးရ အထက်တန်းကျောင်းမှာ ထားတယ်ဗျ။

မေး – အခုလိုချိန်မှာ ကျောင်းထားရတာ အာဏာမသိမ်းခင်တုန်းကနဲ့ ဘာကွာသွားတယ်လို့ထင်လဲ။
ဖြေ – အာဏာမသိမ်းခင်ကဆို ကလေးတွေကျောင်းတက်တော့ စာရေးကိရိယာတွေ အခမဲ့ရတယ်လေ။ အခုက ကုန်စျေးနှုန်းကလည်းကြီးတယ်လေ။ ဝယ်ယူရတယ်ဆိုတော့ ပိုပြီးခက်ခဲတာတွေဖြစ်တာပေါ့။

မေး – တိုက်ပွဲတွေက မြို့ရောတောပါနေရာအနှံ့ဖြစ်နေတော့ ကျောင်းပို့ထားတဲ့ကလေးတွေအတွက်ဘယ်လိုစိုးရိမ်တာတွေရှိနေလဲ။
ဖြေ – တိုက်ပွဲတွေက နေရာတိုင်းမှာ ဖြစ်နေတာဆိုတော့ ကလေးတွေ ကျောင်းကနေ အိမ်ကိုပြန်ရောက်မှာပဲ စိတ်အေးရတယ်။ မလာမချင်း တနေကုန်စိုးရိမ်နေရတယ်ဗျာ။ ဘယ်အချိန် လမ်းမှာတိုက်ပွဲဖြစ်မလဲကိုဘဲ တွေးပူးနေရတယ်ဗျ။

မေး – ကလေးတွေကျောင်းသွားကျောင်းပြန်ချိန်တွေမှာရော ဘယ်လိုစိတ်ပူတာမျိုးရှိလဲ။
ဖြေ – ကျောင်းသွား ကျောင်းပြန်က လမ်းမှာ မိုင်းထိမှာလည်း ပူရတယ်။ တိုက်ပွဲနဲ့ ကြုံမှာလည်း ပူရတယ်ဗျ။

မေး – အခုရက်ပိုင်းထဲမှာပဲ ထားဝယ်ကကျောင်းတစ်ခုမှာ မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခုကို ကလေးတွေဆော့ကစားလို့ပေါက်ကွဲခဲ့တာရှိတယ်။ လောင်းလုံးမှာ ကျောင်းကားတစ်စီးပစ်ခံရတာရှိတယ်။ ဒီလိုသတင်းကြားတဲ့အခါ စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ – ထားဝယ်ဘက်က ကျောင်းမှာမိုင်းပေါက်ကွဲပြီး ကလေးတွေထိခိုက်သွားတယ်လို့ သတင်းဖတ်လိုက်ရတော့ ကျနော့်သားသမီးတွေကိုလည်း အရမ်းစိုးရိမ်မိတယ်ဗျ။ နောက်တစ်ခုက အခုလို ကျောင်းတွေပြန်ဖွင့်မယ်ဆိုရင် မဖွင့်ခင်မှာ ကျောင်းကိုစစ်ဆေးမှုတွေ အရင်လုပ်ထားရမယ်မှန်း သူတို့မသိကြဘူးလားလို့ တွေးမိတယ်ဗျ။

မေး – တခြားဘာများပြောချင်တာရှိလဲ။
ဖြေ – ကျောင်းနဲ့ပတ်သက်ပြီးတော့ ကလေးတွေ လုံလုံခြုံခြုံနဲ့ စာသင်နိုင်ဖို့ရယ် ၊ ကလေးတွေက ဘယ်သူ့ရဲ့အသုံးချခံမှ မဟုတ်ဘူးဆိုတာပဲ ပြောချင်ပါတယ်ဗျ။ တခြားပြောချင်တာကတော့ ကလေးတွေကို စာတတ်အောင်မသင်ပေးဘဲ အတန်းပဲတင်ပေးနေတာမျိုးလည်း မဖြစ်စေနဲ့လို့ ပြောချင်ပါတယ်။

▪️မြိတ်မြို့ပေါ်က မူလတန်းကလေးနှစ်ယောက်ရဲ့ မိခင်

မေး – အခုက ကျောင်းဖွင့်နေပြီဆိုတော့ ကိုယ့်ကလေးတွေကို ဘယ်ကျောင်းမှာထားဖြစ်လဲ။
ဖြေ – အစိုးရမူလတန်းကျောင်းမှာပဲထားဖြစ်ပါတယ်။

မေး – အခုလိုချိန်မှာ ကျောင်းထားရတာ အာဏာမသိမ်းခင်တုန်းကနဲ့ ဘာကွာသွားတယ်လို့ထင်လဲ။
ဖြေ – ကွာတာတွေတော့ ရှိပါတယ်။ အဓိက ကွာခြားတာကတော့ မိဘတွေရဲ့သားသမီးတွေအပေါ်မှာ စိုးရိမ်ပူပန်စိတ်ပါ။ ထားရလည်းအခက်၊ မထားရလည်းအခက်ဆိုတဲ့ စိုးရိမ်ပူပန်စိတ်ပါ။

မေး – တိုက်ပွဲတွေက မြို့ရောတောပါနေရာအနှံ့ဖြစ်နေတော့ ကျောင်းပို့ထားတဲ့ကလေးတွေအတွက် ဘယ်လိုစိုးရိမ်တာတွေရှိနေလဲ။
ဖြေ – တိုက်ပွဲက ကျွန်မတို့မြိတ်မြို့ပေါ်မှာ မရှိသေးတော့ စိတ်တော့မပူရပေမယ့် အခုတလော ဗုံးနဲ့ပက်သက်တာလေးတွေတော့ စိတ်ပူနေရပါတယ်။ ကျောင်းနားမှာ အထုပ်လေးတွေတွေ့ရင် မကောက်ဖို့မှာထားရတယ်။ သူတို့ရဲ့ဘေးအန္တရာယ်တွေနဲ့ အက်ဆီးဒင့်တွေ၊ ထိခိုက်ဒဏ်ရာရနိုင်မယ့် အထူးသဖြင့် အသက်ဆုံးရှူံးရနိုင်မယ့် ထိခိုက်မှုတွေအတွက် စိုးရိမ်မိပါတယ်။

မေး – ကလေးတွေကျောင်းသွားကျောင်းပြန်ချိန်တွေမှာရော ဘယ်လိုစိတ်ပူတာမျိုးရှိလဲ။
ဖြေ – ထားဝယ်မြို့မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုလိုမျိုးတွေဖြစ်မှာရော၊ တခြားကြိုမသိနိုင်တာတွေကိုရော စိတ်ပူမိတယ်။

မေး – အခုရက်ပိုင်းထဲမှာပဲ ထားဝယ်ကကျောင်းတစ်ခုမှာ မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခုကို ကလေးတွေဆော့ကစားလို့ပေါက်ကွဲခဲ့တာရှိတယ်။ လောင်းလုံးမှာ ကျောင်းကားတစ်စီးပစ်ခံရတာရှိတယ်။ ဒီလိုသတင်းကြားတဲ့အခါ စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ – ခံစားရတာကတော့ ထိခိုက်နစ်နာခဲ့တဲ့ ကလေးတွေနဲ့မိဘတွေကိုသနားတယ်။ ကိုယ်ချင်းစာမိတယ်။ ထပ်ပြီးဘယ်နေရာမှာမှ အဲ့လိုတွေမဖြစ်စေချင်တော့သလို ဒါမျိုးတွေကိုမကြားချင်တော့တာမျိုး။ ဒီလိုကိစ္စရပ်တွေကို ပြီးဆုံးသွားစေချင်တာမျိုးတွေခံစားရပါတယ်။

မေး – ကလေးတွေကရော ကျောင်းသွားရတာ ပျော်ကြလား။ ကျောင်းနဲ့ပတ်သက်ပြီး ဘာတွေပြန်ပြောပြတာရှိလဲ။
ဖြေ – ကလေးတွေကတော့ ပျော်တာလည်းရှိသလို သူတို့မှာလည်း စိုးရိမ်ပူပန်စိတ်တွေရှိပေမယ့် ပြုလုပ်ရမယ့် တာဝန်တစ်ခုကို လုပ်နေကြသလိုမျိုးပါပဲ။

မေး – တခြားဘာများပြောချင်တာရှိလဲ။
ဖြေ – အခုခေတ်ကာလ ဘယ်နေရာမှာ ဘာလုပ်ထားမယ်ဆိုတာ မသိနိုင်တဲ့အတွက် ကိုယ့်ကလေးကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်နဲ့မသက်ဆိုင်တဲ့ပစ္စည်းတွေ၊ အထုပ်တွေကို လုံးဝ သွားမကိုင်ဖို့ သတိပေးပြောကြားထားသင့်တယ်လို့ထင်ပါတယ်။ ပြီးတော့ မိုင်းအသိပညာပေးလိုမျိုးတွေကို ကလေးတွေကို ပြောပြရမယ်ထင်ပါတယ်။ နောက်တစ်ခုက တိုင်းပြည်ရဲ့ ဒီလိုအခြေအနေတွေမှာ ဒါမျိုးတွေက ကျွန်မတို့ မမြင်ချင် မတွေ့ချင်မကြုံချင် မကြားချင် မဖြစ်စေချင်ပေမယ့် ကျွန်မတို့ ကြုံတွေ့ရမယ်ဆိုတာမျိုး သိထားတွေးထားပါတယ်။

▪️ထားဝယ်ခရိုင်လွတ်မြောက်နယ်မြေတစ်နေရာက ကျောင်းသားရဲ့ မိခင်

မေး – အခုက ကျောင်းဖွင့်နေပြီဆိုတော့ ကိုယ့်ကလေးတွေကို ဘယ်ကျောင်းမှာထားဖြစ်လဲ။
ဖြေ – အခုလက်ရှိတော့ကလေးတွေကို ကိုယ့်နယ်မြေမှာပဲ NUG လက်အောက်ခံကျောင်းတွေမှာပဲ ထားဖြစ်ပါတယ်။

မေး – အခုလိုချိန်မှာ ကျောင်းထားရတာ အာဏာမသိမ်းခင်တုန်းကနဲ့ ဘာကွာသွားတယ်လို့ထင်လဲ။
ဖြေ – အခုချိန်မှာကျောင်းထားရတာတော့ အရင်အာဏာမသိမ်းခင်ကနဲ့ အရမ်းကွာသွားတာ။ လုံခြုံရေးလည်း မရှိဘူး။ လွတ်လပ်လပ်လည်း မသင်ရပါဘူး။

မေး – တိုက်ပွဲတွေက မြို့ရောတောပါနေရာအနှံ့ဖြစ်နေတော့ ကျောင်းပို့ထားတဲ့ကလေးတွေအတွက်ဘယ်လိူစိုးရိမ်တာတွေရှိနေလဲ။
ဖြေ – အခုချိန်ကျောင်းပို့ထားရတဲ့ ကလေးတွေအတွက်ကတော့ စိတ်ချလက်ချတော့ ဘယ်ရှိမလဲရှင်။ ရင်တထိတ်ထိတ်နဲ့ပဲ သင်ခိုင်းနေရပါတယ်။ စာတက်မှလည်းဖြစ်မှာလေ။ ဒါကြောင့် တိုက်ပွဲအကြား ဘယ်အချိန် လေကြောင်းလာမလဲ။ ဘယ်အချိန်လက်နက်ကြီးတွေပစ်မလဲ။ စိုးရိမ်စိတ်နဲ့ စာသင်ခိုင်းနေရတာပါပဲ။

မေး – ကလေးတွေကျောင်းသွားကျောင်းပြန်ချိန်တွေမှာရော ဘယ်လိုစိတ်ပူတာမျိုးရှိလဲ။
ဖြေ – ကလေးတွေ ကျောင်းသွားကျောင်းပြန်ဆို အခုကမိုးရာသီဆိုတော့ လမ်းခရီးကဆိုးနဲ့ စစ်ကြောင်းတွေလည်း ဂရုစိုက်နေရတာပေါ့။

မေး – အခုရက်ပိုင်းထဲမှာပဲ ထားဝယ်ကကျောင်းတစ်ခုမှာ မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခုကို ကလေးတွေဆော့ကစားလို့ပေါက်ကွဲခဲ့တာရှိတယ်။ လောင်းလုံးမှာ ကျောင်းကားတစ်စီးပစ်ခံရတာရှိတယ်။ ဒီလိုသတင်းကြားတဲ့အခါ စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ – စိတ်မကောင်းဖြစ်တာပေါ့။ ဒါပေမဲ့ မိဘတွေအထူးသတိထားရမှာပါ။ စစ်ကောင်စီက ဖွင့်တဲ့ ကျောင်းမှာတော့ သွားမထားစေချင်ဘူး။ အခုပဲကြည့်လေ။ ရလဒ်တွေကမကောင်းဘူး။ ပညာတတ်အောင်လိုရင် ပညာရှာလို့ရတဲ့ နည်းတွေအများကြီးပါ။

မေး – ကလေးတွေကရော ကျောင်းသွားရတာ ပျော်ကြလား။ ကျောင်းနဲ့ပတ်သက်ပြီး ဘာတွေပြန်ပြောပြတာရှိလဲ။
ဖြေ – ကလေးဆိုတော့ အပြစ်ကင်းတယ်လေ။ ကျောင်းသွားရတာလည်းပျော်ကြပါတယ်။ ကျောင်းမှာသင်တာတွေ၊ ကျောင်းမှာဘယ်လိုပျော်တာတွေ လာပြောပြတော့ အမေတယောက်နေနဲ့ ပျော်ရွှင်ရပါတယ်။

မေး – တခြားဘာများပြောချင်တာရှိလဲ။
ဖြေ – တခြားပြောချင်တာကတော့ ကိုယ့်သားသမီးတွေကို အာဏာရှင်တွေ လက်အောက်မှာမနစ်ရလေအောင် သွန်သင်ပြသဖို့ဆိုတာ မိဘတွေမှာတာဝန်အပြည့်ဝရှိပါတယ်။ မှားမှန်ခွဲခြားတတ်အောင်လည်း သင်ကြားပြသရပါမယ်။ မိဘကိုယ်တိုင်ကလည်း ဘယ်ဟာမှား ဘယ်ဟာမှန်ဆိုတာ ဝေခွဲတက်ဖို့လိုတယ်။ နောက်မှ ကိုယ့်‌ကလေးတခုခုဖြစ်မှ နောင်တရနေလည်းမထူးတော့ပါဘူးလို့ပဲ ပြောချင်ပါတယ်။

▪️တနင်္သာရီမြို့နယ်၊ ဘန်လောရွာက ကျောင်းသားနှစ်ယောက်ရဲ့ ဖခင်

မေး – အခုက ကျောင်းဖွင့်နေပြီဆိုတော့ ကိုယ့်ကလေးတွေကို ဘယ်ကျောင်းမှာထားဖြစ်လဲ။
ဖြေ – အနီးအနားရွာက အစိုးရကျောင်းမှာထားပါတယ်။

မေး – အခုလိုချိန်မှာ ကျောင်းထားရတာ အာဏာမသိမ်းခင်တုန်းကနဲ့ ဘာကွာသွားတယ်လို့ထင်လဲ။
ဖြေ – အာဏာမသိမ်းခင်တုန်းကတော့ ကိုယ်သားသမီးကို စိတ်အေးလက်အေးလွှတ်ထားလို့အဆင်ပြေတယ်။ အခုကြတော့ ပူပင်သောကတွေနဲ့ ထားနေရတယ်။ မထားရင်လည်း ကလေးတွေ ပညာရေးမှာ တအားနောက်ကျနေမှာလေ။ မိဘ တစ်ယောက်အနေနဲ့ စိတ်ပူပူနဲ့ထားနေရတာပေါ့။

မေး – တိုက်ပွဲတွေက မြို့ရောတောပါနေရာအနှံ့ဖြစ်နေတော့ ကျောင်းပို့ထားတဲ့ကလေးတွေအတွက်ဘယ်လိူစိုးရိမ်တာတွေရှိနေလဲ။
ဖြေ – စိုးရိမ်တာပေါ့။ ကလေးတွေက ကိုယ့်အနားမှာ မဟုတ်တော့ အိမ်မှာနေပြီး အချိန်တိုင်းစိုးရိမ်နေရတယ်။

မေး – ကလေးတွေကျောင်းသွားကျောင်းပြန်ချိန်တွေမှာရော ဘယ်လိုစိတ်ပူတာမျိုးရှိလဲ။
ဖြေ – လက်နက်ကြီးတွေက အမြဲ မကြာခဏပစ်လေ့ရှိတော့ ကျောင်းအကြိုအပို့တွေလည်း အချိန်တိုင်း စိုးရိမ်ရတယ်ဗျ။

မေး – အခုရက်ပိုင်းထဲမှာပဲ ထားဝယ်ကကျောင်းတစ်ခုမှာ မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခုကို ကလေးတွေဆော့ကစားလို့ပေါက်ကွဲခဲ့တာရှိတယ်။ လောင်းလုံးမှာ ကျောင်းကားတစ်စီးပစ်ခံရတာရှိတယ်။ ဒီလိုသတင်းကြားတဲ့အခါ စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ – မိဘတယောက်အနေနဲ့ ဒါမျိုးတွေကြားလေ ပိုပြီးစိုးရိမ်လေပဲ။ အဲ့လိုမဖြစ်အောင်လည်း အချိန်တိုင်း စိုးရိမ်နေရတယ်။

မေး – ကလေးတွေကရော ကျောင်းသွားရတာ ပျော်ကြလား။ ကျောင်းနဲ့ပတ်သက်ပြီးဘာတွေပြန်ပြောပြတာရှိလဲ။
ဖြေ – ကျောင်းက အခုမှ အစဖွင့်တာဆိုတော့ဘာမှ ပြန်ပြောတာမရှိသေးဘူး။ မိဘတစ်ယောက်အနေနဲ့ကတော့ တခုခု မသင်္ကာစရာတွေ တွေ့ရင် ဘာမှ မယူဆော့ဖို့မှာနေရတယ်။

မေး – တခြားဘာများပြောချင်တာရှိလဲ။
ဖြေ – မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပြီး ကလေးတွေ လုံလုံခြုံခြုံနဲ့ စာသင်နိုင်ဖို့ မျှော်လင့်ပါတယ်။

▪️ဘုတ်ပြင်းမြို့နယ်၊ လေညာရွာက မူလတန်းကလေးငယ်တစ်ဦးရဲ့ မိခင်

မေး – အခုက ကျောင်းဖွင့်နေပြီဆိုတော့ ကိုယ့်ကလေးတွေကို ဘယ်ကျောင်းမှာထားဖြစ်လဲ။
ဖြေ – ကလေးတွေကို ရွာကအစိုးရကျောင်းမှာပဲ ထားပါတယ်။

မေး – အခုလိုချိန်မှာ ကျောင်းထားရတာ အာဏာမသိမ်းခင်တုန်းကနဲ့ ဘာကွာသွားတယ်လို့ထင်လဲ။
ဖြေ – အခုစစ်အာဏာသိမ်းပြီးမှဆိုရင် ဆရာ၊ ဆရာတွေမပြည်စုံတော့ ကလေးတွေရဲ့ ပညာရေးထိခိုက်ပါတယ်။

မေး – တိုက်ပွဲတွေက မြို့ရောတောပါနေရာအနှံ့ဖြစ်နေတော့ ကျောင်းပို့ထားတဲ့ကလေးတွေအတွက်ဘယ်လိုစိုးရိမ်တာတွေရှိနေလဲ။
ဖြေ – တိုက်ပွဲတွေကလည်း နေရာအနှံ့ဆိုတော့ ကလေးတွေကျောင်းလွှတ်ရတာ တကယ်ကို စိုးရိမ်ရပါတယ်။ ဘယ်အချိန်တိုက်ပွဲထဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ ကလေးစာမတတ်မှာစိုးလို့ ကျောင်းကို ပို့နေရပါတယ်။ လေယာဥ်သံကလည်း နေ့တိုင်းလိုလိုကြားနေရတော့ ဗုံးကြဲချမလားဆိုပြီးလည်း စိုးရိမ်မိပါတယ်။

မေး – ကလေးတွေကျောင်းသွားကျောင်းပြန်ချိန်တွေမှာရော ဘယ်လိုစိတ်ပူတာမျိုးရှိလဲ။
ဖြေ – တိုက်ပွဲက အချိန်မရွေးထဖြစ်နိုင်တဲ့ ဒေသမျိုးဆိုတော့ ကျောင်းသွားကျောင်းပြန်ဆိုလည်း စိုးရိမ်ရတာပါပဲရှင်။

မေး – အခုရက်ပိုင်းထဲမှာပဲ ထားဝယ်ကကျောင်းတစ်ခုမှာ မိုင်းလို့ယူဆရတဲ့ပစ္စည်းတစ်ခုကို ကလေးတွေဆော့ကစားလို့ပေါက်ကွဲခဲ့တာရှိတယ်။ လောင်းလုံးမှာ ကျောင်းကားတစ်စီးပစ်ခံရတာရှိတယ်။ ဒီလိုသတင်းကြားတဲ့အခါ စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ – သတင်းတွေမှာ မြင်ရ၊ ကြားရပါတယ်။ ကျောင်းတွေမှာ ပေါက်ကွဲမှုဖြစ်တယ်၊ ကျောင်းသားကားတွေ ပစ်ခံရတယ်ဆိုတာမျိုးတွေသိရတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီနေရာမှာ ကိုယ့်သားသမီးဆိုရင်လည်း ရင်အသည်းစပ်ရမှာပါပဲ။ မိဘနေရာကနေ ကိုယ်ချင်းစာမိပါတယ်။ ဝမ်းလည်း ဝမ်းနည်းမိပါတယ်။

မေး – ကလေးတွေကရော ကျောင်းသွားရတာ ပျော်ကြလား။ ကျောင်းနဲ့ပတ်သက်ပြီးဘာတွေပြန်ပြောပြတာရှိလဲ။
ဖြေ – ကလေးတွေက ကျောင်းသွားရတာ ပျော်တယ်လို့တော့ မဟုတ်ဘူး။ သူတို့မှာကလည်း စိုးရိမ်စိတ်နဲ့ပဲ သွားနေရတာပါ။ လူကြီးတွေက စာတတ်အောင် ကျောင်းထားတော့ သူတို့လည်း ကြောက်ကြောက်နဲ့ သွားရတာပါပဲ။

မေး – တခြားဘာများပြောချင်တာရှိလဲ။
ဖြေ – စစ်ပွဲတွေအမြန်ဆုံးပြီးဆုံးပြီးတော့ ငြိမ်းချမ်းစေချင်ပါတယ်။ ကျမရဲ့ သားသမီးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျောင်းပေးတက်ချင်ပါတယ်။

The Tanintharyi Times