“စစ်ဒဏ်နဲ့ ရာသီဥတုအပူဒဏ်ကို ကြံ့ကြံ့ခံ၊ ရင်ဆိုင်နေကြတဲ့ တောင်ပိုင်းသားတို့အသံ”

“စစ်ဒဏ်နဲ့ ရာသီဥတုအပူဒဏ်ကို ကြံ့ကြံ့ခံ၊ ရင်ဆိုင်နေကြတဲ့ တောင်ပိုင်းသားတို့အသံ”

အယ်လ်နီညိုရာသီဥတုကြောင့် နိုင်ငံတဝန်းမှာ စံချိန်သစ်မှတ်တမ်းဝင်တဲ့အထိ အမြင့်ဆုံးအပူချိန်တွေကို ခံစားနေကြရပါတယ်။ တနင်္သာရီတိုင်းမှာဆိုရင်လည်း ထားဝယ်မြို့အပူချိန်ဟာ ၇၈ နှစ်အတွင်းမှာ စံချိန်သစ်တင်ပူခဲ့သလို လောင်းလုံးမြိုဟာလည်း နှစ် ၄၀ ကျော်အတွင်းမှာ စံချိန်သစ်ချိုးခဲ့ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ တနင်္သာရီတိုင်းအတွင်းက ပြည်သူတွေကတော့ ရာသီဥတုအပူဒဏ်အပြင် စစ်ရေးအပူပါ တွဲပြီး ခံနေရတာပါ။ သူတို့ရဲ့နေ့စဉ်ဘဝကို သဟဇာတဖြစ်အောင် ဘယ်လိုရုန်းကန်ဖြေရှင်းရင်း ဖြတ်သန်းနေကြရပါသလဲ။ ဒေသခံတွေကိုမေးမြန်းပြီး ဒီတပတ်ရဲ့ “တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

▪️မကြာခဏနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပခက်ရွာခံအိမ်ထောင်ရှင်အမျိုးသမီး

မေး - ရာသီဥတုအပူကြောင့် ကိုယ်အပါအဝင် မိသားစုတွေ ဘယ်လိုခံစားနေရလဲ။

ဖြေ - အခက်အခဲတွေရှိတာပေါ့။ စားရေး၊သောက်ရေးကအစ အကုန်ပေါ့။ ရေကလည်းရှား၊ ပူကလည်းပူ၊ နေမကောင်းစားမကောင်းဖြစ်ကြတယ်။ ဒီလထဲဆို အိမ်ကကလေးဖျားနေတာ သုံးခါရှိပြီ။

မေး - စစ်ရှောင်နေရတော့ အဆင်ပြေသလို နေရတဲ့အချိန်မှာ အပူသက်သာအောင် ဘယ်လိုလုပ်ဆောင်နေသလဲ။

ဖြေ - ကျမတို့တော့ သစ်ပင်ရိပ်အောက်ပဲ ရွေးရှာပြီးပြေးတယ်။ အဲ့အောက်မှာပဲ အိပ်တယ်။ တောတွေ၊ ခြုံတွေအောက်မှာ၊ တချို့ကလည်းဘုန်းကြီးကျောင်းတွေမှာ နေတယ်။ ကျမတို့မှာက စားရိက္ခာတွေမရှိတော့ ကျောင်းမှာ သွားမရှောင်ဘူး။ ကလေးတွေကလည်း ကလေးတွေပဲ ဆိုတော့ သူများမှာမြင်ရင် ငတ်ကြတယ်။ ကိုယ့်မှာကလည်း ပိုက်ဆံမရှိဘူးဆိုတော့ တောထဲပဲပြေးရတယ်။ ဝယ်စား၊ ခြမ်းစားဖို့ ပိုက်ဆံမရှိတော့ တောထဲမှာပဲ ဟင်းရွက်၊ သစ်သီးတွေ ရေချောင်းထဲက ငါးတွေရှာစားပြီးနေတာပေါ့။

မေး - အရမ်းပူလို့ ကျန်းမာရေးပြဿနာကြုံရတာမျိုးတွေရှိနေလား။ ကြုံတွေ့နေရတာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနေလဲ။

ဖြေ - အခုက ကလေးတွေနေမကောင်း၊ ဝမ်းလျှော၊ ရေငတ်ဖြစ်ပြီး ဖျားကြတယ်။ ရာသီအလိုက်ပေါ့။ အခုက အပူနဲ့အအေးကလည်း မမျှကြဘူးလေ။ နေ့ဆိုလည်း နေ့လိုက်ပူ၊ ညဆိုလည်း ညလိုက်ပူလိုက်နဲ့။ လူတွေကလည်း ပြေးနေ လွှားနေရတာဆိုတော့ ဒုက္ခတွေဖြစ်ကြတာပေါ့။ ဝမ်းလျှောတာလောက်ပဲ မဟုတ်ဘူး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ဖျားတာတွေရှိတယ်။

ဆေးမြီးတိုတွေနဲ့ပဲဖြေရှင်းတာပေါ့။ အရင်က ဗမာဆေးတွေ ဝယ်ထားတာရှိတယ်လေ။ အဲ့ဒါကုန်သွားပြန်ရင်လည်း တောဆေးပေါ့။ လူကြီးတွေပြောတဲ့ သစ်ဥသစ်ဖုတွေ သွေးပြီးဖျော်တိုက် အဲ့လိုလုပ်ရတယ်။ ကွမ်းရွက်မြစ် ဖျော်တိုက်တာတို့ တစ်နေရာနဲ့တစ်နေရာတော့ မတူဘူးပေါ့။

မေး - ရာသီဥတုအပူလွန်ကဲတာနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေ ပတ်ဝန်းကျင်မှာ ရှိနေလား၊ အပူလွန်ကဲတာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုကော သိထားတာ ရှိလား။

ဖြေ - မရှိဘူးရှင့်။ ကျမတို့ကိုယ်တိုင်ကလည်း ဘာမှမသိထားဘူး။ နေပူရင် အရိပ်အောက်မှာနေမယ်၊ ဒါပဲ သိထားတယ်။ နေပူပြင်မပြေးနဲ့၊ နေမကောင်း စားမကောင်းဖြစ်မယ်ဆိုပြီး ကလေးတွေကိုလည်း‌ပြောပြရတာပေါ့။

မေး - အွန်လိုင်းပေါ်မှာရော ရာသီဥတုအပူလွန်ကဲတာနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေ တွေ့ရလား။

ဖြေ - ကျမတို့ဘက်မှာ အင်တာနက်မရလို့ အဲဒါတွေမသိဘူး။ ဘယ်လိုဖတ်ရမှန်းလည်း မသိဘူး။

မေး - ဒီလို ရာသီဥတုပူပြင်းနေလို့ စိုးရိမ်နေတာတွေ ရှိလား။ ဘာတွေကို စိုးရိမ်နေလဲ။

ဖြေ - ရှိတာပေါ့ ကျမတို့နားမှာ အခုက အလုပ်တွေလည်း မရှိဘူး။လူတွေလည်း အရမ်းပင်ပန်းပြီး ဒုက္ခရောက်တယ်။ စားဖို့သောက်ဖို့ပေါ့။ အခုလို စစ်ဘေးပြေးနေရတော့ပိုဆိုးပေါ့။ ရှာစား၊ ဖွေစားဖို့ တောထဲလည်း သွားမရဘူး။ ရာသီဥတုအပူထက် စားဝတ်နေရေးအပူက ပိုပူနေတယ်။

မေး - ဒီရာသီဥတုအခြေအနေအတိုင်းဆိုရင် စစ်ရှောင်နေရသူတွေအနေနဲ့ ဘာတွေကြုံလာရနိုင်လဲ၊ ကြိုတင်ခန့်မှန်းထားတာ ရှိလား။

ဖြေ - ကြိုပြီးတော့ ကျမ မတွေးဖြစ်ဘူး။ ဘာလို့ဆို ဖြစ်လာတာကံပဲ ဆိုမျိုးပေါ့။ ကျမတို့ကအခုပြေးတော့ ပြေးရတယ်၊ တစ်ပတ်လောက်ပဲ။ ဆရာမတွေလည်း သူသန်ရာသူကူးပြီး ပြေးကြတယ်လေ။ ဆေးဝါးအကူအညီတွေလည်း ရဖို့မရှိတော့ဘူး ဆိုတာ သိနေပြီလေ။ ဒါကြောင့်လည်း ဘာမှ တွေးပူမနေတော့ဘူး။

မေး - အခုလို ရာသီဥတုပူပြင်းဆိုးရွားနေတဲ့ကြားမှာ စစ်ရှောင်ထွက်ပြေးနေရတဲ့ သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီက ဘာတွေလဲ။

ဖြေ - ကျမမပြောတတ်ဘူး။ လိုတာကတော့ အိမ်တစ်ဆောင်လုံး စစ်မရှိတဲ့နေရာကို “မ”သွားလိုက်ချင်တယ်။ လိုချင်စရာတွေများလို့ ဘာမှကို မပြောတတ်တော့ဘူး။


▪️ သရက်ချောင်းမြို့ခံ ရေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား

မေး - ရာသီဥတုအပူကြောင့် ကိုယ်အပါအဝင် မိသားစုတွေ ဘယ်လိုခံစားနေရလဲ။

ဖြေ - ဘယ်လိုပူမှန်းကို မပြောတတ်အောင်ပူတယ်။ တစ်နေ့လုံးချွေးတဒီးဒီးကျပြီး လူက နုံးချိနေတာ။ တအိမ်လုံးဒီတိုင်းပဲ၊ လူငယ်တွေလည်းမလွတ်ဘူး။

မေး - အဆင်ပြေသလို နေရတဲ့အချိန်မှာ အပူသက်သာအောင် ဘယ်လိုလုပ်ဆောင်နေသလဲ။

ဖြေ - အရင်ကမြိတ်မှာနေတယ်၊ အခုရွာက အိမ်မှာပြန်တက်နေတယ်လေ။ မြိတ်မှာက သစ်ပင်တစ်ပင်မှ မရှိဘူး။ ပူတာအရမ်းသိသာတယ်။ အခုရွာပြန်ရောက်တော့ အပူချိန် နည်းနည်းကျသွားသလိုပဲ၊ သိသိသာသာပဲ။ အင်္ကျီဆိုလည်း စပန့်သားပဲ ရွေးဝတ်တယ်။

မေး - အရမ်းပူလို့ ကျန်းမာရေးပြဿနာကြုံရတာမျိုးတွေရှိနေလား။ ကြုံတွေ့နေရတာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနေလဲ။

ဖြေ - ကျန်းမာရေးအခံက အရင်ကတည်းကရှိတယ်လေ။ အသည်း၊ ကျောက်ကပ်၊ ကျီးပေါင်းအစုံရှိတယ်။ နဂိုကတည်းက ရောဂါကြီးတွေကလည်းရှိ ပူတော့ပိုးဆိုးတာပေါ့။ ဘာဖြစ်လို့ဖြစ်မှန်းမသိ မျက်စိထဲဘာမြင်မြင် အလိုမကျနေဘူး။ ဒီကာလထဲ ဖရဲသီးလိုမျိုး အရည်ရွှမ်းတဲ့အသီးတွေ စားပေးတယ်။ ရေများများသောက်ပေးတယ်။ ခြံထဲတောင်မသွားဘူး၊ အိမ်ထဲပဲ အရိပ်ရတဲ့နေရာမှာပဲ နေနေတာပေါ့။

မေး - ရာသီဥတုအပူလွန်ကဲတာနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေ ပတ်ဝန်းကျင်မှာ ရှိနေလား၊ အပူလွန်ကဲတာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုကော သိထားတာ ရှိလား။

ဖြေ - မရှိဘူး။ လိုင်းပေါ်မှာတော့ အပူချိန်မြင့်ရင် ဆောင်ရရှောင်ရမယ့်ဟာတွေ ကာတွန်းပုံလေးတွေနဲ့ တွေ့နေရတယ်။ အိမ်က ကလေးတွေလည်း အဲ့ဒါတွေနဲ့ ဘယ်လိုဘယ်လိုစား၊ နားငြီးအောင်ပြောနေကြတာပဲ။

မေး - ဒီလို ရာသီဥတုပူပြင်းနေလို့ စိုးရိမ်နေတာတွေ ရှိလား။ ဘာတွေကို စိုးရိမ်နေလဲ။

ဖြေ - ဦးနှောက်သွေးကြောပြတ်ပြီး သေတာတွေရှိနေတယ် ကြားနေတယ်။ ကိုယ့်အသက်ကလည်း ကြီးပြီဆိုတော့ ဒီကိစ္စတွေပဲ ပူနေရတာပေါ့။ မကြာခင် လှေပြန်ထွက်ရတော့မယ်လေ။ ဒီအပူချိန်နဲ့ လွယ်တော့ မလွယ်ဘူး။ လှေထဲမှာလည်း လူကြီးလူငယ်အစုံရှိ၊ ပင်လယ်ပြင်မှာကလည်း ဆရာဝန်က လိုတဲ့အချိန် လိုတဲ့အတိုင်း မရဘူးလေ။

မေး - ဒီရာသီဥတုအခြေအနေအတိုင်းဆိုရင် စစ်ရှောင်နေရသူတွေအနေနဲ့ ဘာတွေကြုံလာရနိုင်လဲ၊ ကြိုတင်ခန့်မှန်းထားတာ ရှိလား။

ဖြေ - တောင်ပျောက်ထဲမှာ စစ်ရှောင်နေတဲ့ညီမတစ်ယောက်တော့ရှိတယ်။ သူ့ဆီမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးပြတ်တာကလွဲရင် ဘာမှမဖြစ်ဘူးပြောတယ်။ သူတို့အတွက် ဒါတွေက အဓိကဖြစ်နေတာပေါ့။ ရေလည်း ရှားနေပြီတဲ့။ မိုးကောင်းကောင်းမလာရင်တော့ မိုးခေါင်ရေရှား ဖြစ်လာနိုင်တယ်။ လောလောဆယ် သောက်ရေတော့ သဲစစ်နေရပြီ ပြောတယ်။

မေး - အခုလို ရာသီဥတုပူပြင်းဆိုးရွားနေတဲ့ကြားမှာ စစ်ရှောင်ထွက်ပြေးနေရတဲ့ သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီက ဘာတွေလဲ။

ဖြေ - အမိုးအကာနဲ့ ဓာတ်ဆားရည်တွေတော့ အရေးတကြီးရှိထားဖို့ လိုမယ်ထင်တယ်။


▪️ နေအိမ်မီးရှို့ခံထားရပြီး စစ်ရှောင်နေတာ နှစ်နှစ်ရှိပြီဖြစ်တဲ့ ပုလောမြို့နယ်၊ သင်္ကန်းတောရွာခံအမျိုးသမီး

မေး - ရာသီဥတုအပူကြောင့် ကိုယ်အပါအဝင် မိသားစုတွေ ဘယ်လိုခံစားနေရလဲ။

ဖြေ - သစ်ပင်အောက်တွေမှာလိုက်နေ၊ အေးတဲ့နေရာမှာ ဒါမျိုးပဲလျှောက်နေတယ်။ ပူပြင်းတယ်ဆိုတော့ ကိုယ့်မှာလည်းတခြားနေရာလည်း သွားမရှိတော့ဒါမျိုးပဲ အပူဒဏ်ခံပြီး နေနေရတာပေါ့။ သွားဖို့နေရာလည်း မရှိဘူး။ ရွာထဲကိုလည်း တက်မရဲဘူး။ လက်နက်ကြီးထိမှာ စိုးရိမ်လို့ မသွားရဲဘူး။ သွားဖို့လည်း အိမ်မရှိတော့ဘူး။

မေး - စစ်ရှောင်နေရတော့ အဆင်ပြေသလို နေရတဲ့အချိန်မှာ အပူသက်သာအောင် ဘယ်လိုလုပ်ဆောင်နေသလဲ။

ဖြေ - ကွင်းပြင်ကြီးမှာ ဒီတိုင်းပဲနေနေရတာပေါ့ ။ ပူလည်း ပူလိုက်ခံစားနေရတာပေါ့။ အရိပ်အာဝါသရှိတဲ့ အောက်မှာလိုက်နေ၊ တဲရှိတဲ့သူကလည်း တဲအောက်မှာနေနေ၊ မြေကြီးမှာ အိပ်ချသူအိပ်ချ ဒါမျိုးပဲနေနေရပေါ့။

မေး - အရမ်းပူလို့ ကျန်းမာရေးပြဿနာကြုံရတာမျိုးတွေ ရှိနေလား။ ကြုံတွေ့နေရတာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းနေလဲ။

ဖြေ - ယားနာတွေဖြစ်တာပေါ့။ ချွေးပျိုးသီးတေတက်(အပူသီး)၊ ခေါင်းမူးခေါင်းထိုးတွေဖြစ် ဒါမျိုးဖြစ်ကြတာပေါ့။ ဆေးထိုးဆရာမငယ်ငယ်လေးတစ်ယောက်တော့ရှိတယ်။ အရန်သားဖွားဆရာမလေ။

(ဆေးဝါးနဲ့ ပတ်သက်ပြီး) နည်းနည်းပါးပါးလိုအပ်တာတောင်မှ လျှို့လျှို့ဝှက်ဝှက် ဟိုဟာနဲ့ထုပ်ယူ ဒီဟာနဲ့ထုပ်ယူ၊ လုံလောက်တဲ့ဟာမရှိဘူး။ ဘိုင်အိုဂျစ်ဆစ်တောင် ခိုးသယ်ရတယ်။ ဥပမာ နေမကောင်းစားမကောင်းလို့ ဗိုက်နာတို့တော့ နည်းနည်းပါးပါးရတယ်။ ခွဲစိတ်ရမယ်တို့ အနာကြီးလိုမျိုးတွေဆိုရင်တော့ မရဘူး။ ကာကွယ်ထားဖို့ဆေးလည်း မရှိဘူး။

မေး - ရာသီဥတုအပူလွန်ကဲတာနဲ့ ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေ ပတ်ဝန်းကျင်မှာ ရှိနေလား၊ အပူလွန်ကဲတာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုကော သိထားတာ ရှိလား။

ဖြေ - ဘယ်သူလည်း ပေးဖို့မရှိဘူး။ ကိုယ့်ဟာကိုယ်နေပေါ့။ ကိုယ့်အသိနဲ့ ကိုယ်နေပေါ့။ ဘယ်သူလည်း ပြောပြ၊ ဆိုပြတဲ့သူ မရှိဘူး။

မေး - အွန်လိုင်းအပေါ်မှာရော ရာသီဥတုအပူလွန်ကဲတာနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေတွေ့ရလား။

ဖြေ - လိုင်းပေါ်မှာတွေ့တာပဲ မဖတ်ဖြစ်ဘူး။ ထိထိမိမိကြည်တယ်လို့ကို မရှိတော့ဘူး။ အာရုံကမတည်ငြိမ်နေတော့ စိတ်သိပ်ရှုပ်ထွေးလာတာဆိုတော့ ဒီဟာတွေလည်း အာရုံမစိုက်နိုင်တော့ဘူး။ အားငယ်တယ်။ သူများတွေရွာထဲ တက် ရင် အိမ်ရှိတယ်။ ကိုယ့်မှာက အိမ်မရှိတော့ဘူး ကိုယ့်ဟာကိုယ်တွေးတွေးပြီး စိတ်ညစ်တာပေါ့။

မေး - ဒီလို ရာသီဥတုပူပြင်းနေလို့ စိုးရိမ်နေတာတွေ ရှိလား။ ဘာတွေကို စိုးရိမ်နေလဲ။

ဖြေ - မြို့ပေါ်မှာစစ်ရှောင်နေတဲ့ အမျိုးထဲကတစ်ယောက်ဆို ရုတ်တရက်သွေးတိုးတက်ပြီး ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားပြီ။ ဒါမျိုးတွေရှိနေတော့ ကိုယ့်ကိုလည်းပူတယ်၊ သူများအတွက်လည်းပူတယ်။ အခုဆိုနှစ်ရက်ရှိပြီ၊ ညဘက် ရင်တအားကြပ်လာပြီးဆိုလေ ခေါင်းတွေမူးလာတယ်။ ဦးနှောက်သွေးကြောပဲ ပြတ်တော့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်စိုးရိမ်နေရတယ်။

မေး - ဒီရာသီဥတုအခြေအနေအတိုင်းဆိုရင် စစ်ရှောင်နေရသူတွေအနေနဲ့ ဘာတွေကြုံလာရနိုင်လဲ၊ ကြိုတင်ခန့်မှန်းထားတာ ရှိလား။

ဖြေ - ကြိုတင်ခန့်မှန်းဆိုတာက ဒီဟာတွေပဲကြောက်နေရတာပေါ့။ ပူပြင်းတအားဟိုက်ပြီး ကျန်းမာရေးထိခိုက်လာမှာပဲစိုးရိမ်နေရတာပေါ့။ ကိုယ်နေတဲ့နေရာမှာကလည်း ဆရာဝန်ကြီးကြီးမားမား မရှိဘူးလေ။

မေး - အခုလို ရာသီဥတုပူပြင်းဆိုးရွားနေတဲ့ကြားမှာ စစ်ရှောင်ထွက်ပြေးနေရတဲ့ သူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီက ဘာတွေလဲ။

ဖြေ - ပြောပြလို့ကို မတတ်ဘူး။ သွေးတိုးကျဆေးတွေလည်း မရှိဘူး။ ဘိုင်အိုဂျစ်ဆစ်လည်းမရှိဘူး။ ဓာတ်ဆားလည်းမရှိဘူး။ ဘာမှမရှိဘူး။

The Tanintharyi Times