ဖြတ်သုံးဖြတ် ဗျူဟာ နဲ့ ကျားဖြန့်နှိမ်နင်းမှုအောင်မြင်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

ဖြတ်သုံးဖြတ် ဗျူဟာ နဲ့ ကျားဖြန့်နှိမ်နင်းမှုအောင်မြင်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

ထိုင်းအစိုးရရဲ့ ဖြတ်သုံးဖြတ် ဗျူဟာနဲ့ မြန်မာာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှု ဟာအတိုင်းအတာတစ်ခုထိအောင်မြင်တယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဖုန်သမ် ဝီချာရာချိုင် ကပြောပါတယ်။

ထိုင်းအစိုးရ က ဖြတ်သုံးဖြတ် ဗျူဟာအကောင်အထည်ဖော်ပြီး သုံးလအကြာမှာ ထိုင်း - မြန်မာ နယ်စပ် တစ်လျှောက်က ကျားဖြန့် လုပ်ငန်းတွေ သိသိသာသာ လျော့နည်းလာပြီး အောင်မြင်မှုတွေရရှိခဲ့တယ်လို့သူကဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ဖြတ်သုံးဖြတ် ဗျူဟာဆိုတာကတော့ လျှပ်စစ်၊ လောင်စာဆီ နဲ့ အင်တာနက် ဖြတ်တောက်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်ဖေဖော်ဝါရီလ ၅ ရက်နေ့စတင်ပြီး ချမှတ်ခဲ့တဲ့ ဖြတ်သုံးဖြတ်ဗျူဟာ မြန်မာနယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေတည်ရှိရာနေရာ ၅ ခုကို သက်ရောက်စေခဲ့ပြီး ချင်းရိုင် ခရိုင် နဲ့ တာ့ခ် ခရိုင် နယ်စပ် မြန်မာဘက်ခြမ်းက အွန်လိုင်းငွေဂိုဏ်းတွေသိသိသာသာ လျော့ကျသွားတယ်လို့ ကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်ကဆိုပါတယ်။

ဖြတ်သုံးဖြတ်ဗျူဟာအရ လျှပ်စစ်၊ လောင်စာဆီ နဲ့ အင်တာနက် ဖြတ်တောက်ထားတဲ့ နေရာတွေကတော့ မဲဆောက် - မြဝတီ နယ်စပ်၊ ဘုရားသုံးဆူဒေသ၊ မယ်ဆိုင် - တာချီလိတ် နယ်စပ်တွေက နေရာငါးခုကို ဖြတ်တောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ ဒီဗျူဟာက ရာဇဝတ်ကွန်ရက်တွေ ထိန်းချုပ်ထားတဲ့ အခြေခံအဆောက်အအုံတွေ အနှောင့်အယှက်ပေးနိုင်ခဲ့ပါတယ်။ ဒီဖိအားကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နေရာပြောင်းရွေ့တာ အပြီးပိတ်သိမ်းသွားတာတွေ မြင်နေရပါတယ်” လို့ ဖုန်သမ် ဝီချာရာချိုင် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရကတော့ ဖြတ်သုံးဖြတ်ဗျူဟာကို ဇွန်လမှာ ပြန်လည်အကဲဖြတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သို့သော်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ချို့ ဟာထိုင်းနယ်စပ်က နေရာပြောင်းရွေ့ပြီးတခြားနေရာတွေ ဆက်လက်လုပ်ကိုင်နေကြသေးတယ်လို့ သူကပြောပါတယ်။

ထိုင်း - မြန်မာ နယ်စပ်မျဉ်းတစ်လျောက်မှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေ ပတ်သက်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာနည်းပါးလာတယ်လို့ ထိုင်း ဒုဝန်ကြီးချုပ်ကဆက်ပြောပါတယ်။

ဖြတ်သုံးဖြတ်ဗျူဟာကို ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံအတွက်အခြား စိန်ခေါ်မှုတွေရှိခဲ့တယ်လို့ လည်း ပြောပါတယ်။ဒီဗျူဟာကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှာကို ကုန်သည်တချို့က စိုးရိမ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

တရားဝင်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွေကို ဆက်လက်လုပ်ကိုင်ခွင့်ပေးထားပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အကျိုးသက်ရောက်စေမယ့်ကုန်ပစ္စည်းတွေကို ကန့်သတ်တာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

ကိုးကား - ဘန်ကောက်ပို့စ်

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times