လောက်ကိုင်မှာ ထိုင်းအပါအဝင် နိုင်ငံခြားသား ၅၀၀ လောက် ပိတ်မိနေ

လောက်ကိုင်မှာ ထိုင်းအပါအဝင် နိုင်ငံခြားသား ၅၀၀ လောက် ပိတ်မိနေ

ပုံစာ - လောက်ကိုင်မြို့။

ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားဦးရေ ၅၀၀ လောက်ရှိတယ်လို့ Thai PBS က သတင်းရေးသားထားပါတယ်။

လောက်ကိုင်မြို့ရှိရာ ဒေသမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ဆင်နွဲနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာ ရှစ်ရက် ရှိပါပြီ။

အဲ့ဒီ တိုက်ခိုက်မှုတွေကြားထဲ ပိတ်မိနေသူတွေထဲမှာ ထိုင်း ၁၆၂ ဦးနဲ့ နီပေါ၊ အီသီယိုးပီးယားနဲ့ လာအို တို့ ပါဝင်တယ်လို့ Thai PBS ကဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က လောက်ကိုင်မြို့မှာ ထိုင်းတွေပိတ်မိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို ဝန်ကြီးချုပ် Srettha Thavisin က အကြောင်းကြားထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးနေပြီး ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံးပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း Thai PBS က ရေးသားထားပါတယ်။

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေဟာ အွန်လိုင်းပေါ်က ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံနေရသူတွေ ဖြစ်ပြီး ပြီးခဲ့တဲ့လ ဒုတိယပတ်လောက်ကတည်းက ထိုင်း ၁၂၀ ကျော်ကို ပြန်ခေါ်ထုတ်ဖို့ ထိုင်းအစိုးရဘက်က ပြင်ဆင်နေတာတွေ ရှိခဲ့ပါတယ်။

မြန်မာနဲ့ တရုတ်၊ ထိုင်းနယ်စပ်က မြို့တွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမို များပြားလာခဲ့တာပါ။

အခုနှစ်အတွင်းမှာ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နဲ့ ဝဒေသ ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အွန်လိုင်းပေါ်က ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသားလေးထောင်ကျော်ကို ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းပေးခဲ့သလို အဲ့ဒီအလုပ်တွေမှာ လူကုန်ကူးခံရတဲ့ ဗီယက်နမ်နဲ့ အိန္ဒိယအပါအဝင် နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေက ကယ်ထုတ်ခဲ့ရပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ရည်ရွယ်ချက်ထဲမှာ ငွေလိမ်ဂိုဏ်းကျားဖြန့်တွေကို နှိမ်နင်းဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

The Tanintharyi Times