“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ -The Kokang

အောက်တိုဘာ ၂၉ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး တတိယမြောက်နေ့”

စစ်ဆင်ရေးရဲ့ တတိယနေ့မှာ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တွေက စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲတွေကို ဆက်ဘက် လုပ်ဆောင်နေတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်(၃) ဖွဲ့က ဒီကနေ့ နေ့လည်က ထုတ်ပြန်ပါတယ်။စစ်ဆင်ရေး ဒုတိယရက်ထဲမှာတင် စစ်ကောင်စီရဲ့ တပ်စခန်း(၁၅)ခု ကို MNDAA ကတိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိပြီး သံချပ်ကာစစ်ကား(၂)စီးဖျက်ဆီးခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့အလောင်း(၁၅)လောင်းခန့် တပ်စခန်းမှာကျန်ရစ်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာန က ဖော်ပြပါတယ်။ သိန္နီမြို့က နမ့်စလပ် ရဲစခန်းကို မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သလို ဒီကနေ့မှာတော့ သိန္နီမြို့ရဲစခန်းနဲ့ မာချီနော့စစ်တပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီကနေ့မှာ သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေက လားရှိုးမြို့၊ အရှေ့ဘက်ခြမ်းက တပ်စခန်း (၂)ခု၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာက တပ်စခန်းတစ်ခု၊ချင်းရွှေဟော်ဒေသ “ယာခုတ်ကိုက်” စစ်တပ်စခန်းနဲ့ မုံးကိုးခရိုင် “နမ်ယမ်” စစ်တပ်စခန်းတို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဗုံးကြဲလို့ ချင်းရွှေဟော်ဒေသတွင်းက ညိုဖင်ကျီပရွာအတွင်းက နေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လိုညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖက်က စစ်သုံးပန်းတွေကို လည်း ဒီကနေ့မှာ ထပ်မံ ဖမ်းဆီးရမိတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းမွေထိုင်းမယ်ကိုအနိုင်ရ”

ထိုင်းနိုင်ငံ၊ လော့ပ်ဘူရီမှာ ဒီကနေ့ကျင်းပတဲ့ Thai Fight ကလပ်ရဲ့ မွေထိုင်းလက်‌ဝှေ့ စိန်ခေါ်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းမွေထိုင်းလောကရဲ့ နာမည်ရမွေထိုင်းမယ် Phayasingha ဆိုသူ ကို သုံးချီထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ယူလိုက်ပါတယ်။ ဒီကနေ့ ပွဲဟာ ဘ‌‌ရော်နီကာ အတွက် ပြိုင်ပွဲကာလ ၄ လကြာနားထားပြီးမှာ ပြန်ထိုးသတ်တဲ့ပွဲဖြစ်ပါတယ်။ ‌ကျန်းမာရေးမကောင်းလို့ ဆေးသွင်းပြီးမှယှဥ်ပြိုင်ထိုးသတ်ခဲ့ရတာဖြစ်ပြီး တံတောင်တွေ လက်သီးတွေအားပြုသုံးပြီး အမှတ်နဲ့အနိုင်ရခဲ့တာလို့ ဘရော်နီကာနဲ့အနီးကပ်ရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၂ နှစ်ကုန်က မှ ထိုင်းမွေထိုင်းလောကရဲ့ နာမည်ရ Thai Fight ကလပ်ကို ရောက်ရှိခဲ့ပြီး တစ်နှစ်ခွဲကျော်အတွင်း ၁၅ ပွဲထိုးသတ်ယှဥ်ပြိုင်ထားပြီး ၁၄ ပွဲအနိုင်ရထားပါတယ်။

“ရှမ်းမြောက်က ညီနောင်မဟာမိတ်တို့ရဲ့ တိုက်ပွဲတွေအတွင်း သေဆုံးပြီး BPLA ဘက်က ၄ ဦး ကျဆုံး”

ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်နဲ့အတူ တိုက်ပွဲ ဝင်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)ရဲ့ တပ်ရင်းဟာ စစ်ကောင်စီတပ်မ(၃၃) လက်အောက်ခံ စစ်ကိုင်းတိုင်းအခြေစိုက် ခမရ(၁၃)အင်အား ၇၀ ခန့်နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ မဟာမိတ်တပ်ဘက်က စစ်ကူ ရောက်လာခဲ့လို့ ကျေးရွာတွေထဲ ဓားစာခံလုပ်ကာ ပုန်းအောင်းနေတဲ့ ရန်သူတွေကို တစ်အိမ်ချင်း ခက်ခဲစွာ ရှင်းလင်းခဲ့ပြီး ညနေ ၅ နာရီအရောက်မှာ အကုန်ထိန်းချုပ်နိုင်ခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးကို အရှင်မိပြီး အလောင်း ၄၀ ရခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၇ ရက်မှာ ရန်သူ့အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း BPLA ဘက်က ၄ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

“ကျောက်မဲ-ပြင်ဦးလွင်လမ်း ဖြတ်သန်းသွားလာလို့ မရတော့”

ရှမ်းမြောက် ကျောက်မဲ - ပြင်ဦးလွင်သွားလမ်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားကြတယ်လို့ သိရပါတယ်။

ဒီနေ့ ၂၉ ရက်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေးဘက်ကနေ တက်လာနေတဲ့ ခရီးသွားပြည်သူတွေက နောင်ချိုမှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားကြတဲ့နေရာဟာ နောင်ချို- ပြင်ဦးလွင်လမ်း ကျောက်ကြမ်းရွာအကွေ့မှာ ဖြစ်ပွားကြပြီး အခုချိန်ထိလည်း လက်နက်ကြီးသံ ကြားနေရတုန်းလို့ ၎င်းက ဆိုပါတယ်။ ကျောက်မဲ-နောင်ချိုကြားက ဂုတ်တွင်းမှာလည်း လမ်းကို ကားသာယာကွင်းတွေနဲ့ မနေ့ကတည်းက ပိတ်ထားလိုက်တာဖြစ်ပြီး အရေးပေါ်ကားမဟုတ်ရင် ကားတစ်စီးမှ ပေးမဖြတ်ဘူးလို့ ပြောပါတယ်။

“လောက်ကိုင်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းနဲ့ဆက်စပ်သူ တစ်ထောင်ကျော်ကို တရုတ်ဆီ လွှဲပေး”

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ စစ်ဆင်ရေး ၁၀၂၇ အဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ကိုးကန့်ဦးစီးအဖွဲ့ဟာ လောက်ကိုင်မြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း‌နဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို တရုတ်နိုင်ငံထံ လွှဲပေးလိုက်ပါတယ်။မနေ့ က တရုတ် - မြန်မာ နယ်စပ်၊ မှတ်တိုင်အမှတ် - ၁၂၅ ဂိတ်ပေါက်ကနေ လွှဲပေးလိုက်တာလို့ ဘီဘီစီက ဖော်ပြပါတယ်။

The Tanintharyi Times