တစ်ပတ်တာ မြန်မာ

တစ်ပတ်တာ မြန်မာ

ဓာတ်ပုံ _ People's Spring၊ KNU၊ The Nation

နိုင်ငံတဝှမ်းမှာ နေ ၃ရက်ကနေ ၁၀ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် (၁၄)ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ ဗန်းမော်မြို့က စကခ ၂၁ ကို ပစ်မှတ်ထားပြီး နေ့စဉ်တိုက်ပွဲဆင်နွှဲနေ

ဗန်းမော်မြို့က စကခ (၂၁) ကို ပစ်မှတ်ထားပြီး တိုက်ပွဲတွေ နေ့တိုင်း ဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။ ဗန်းမော်မြို့၊ ရပ်ကွက် တော်တော်များများကို KIA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်တွေကိုတော့ ပြန်ပြီးမှ သိမ်းနိုင်တဲ့ အနေအထားတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်ကတည်းက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့တာပါ။ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၄၇ ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နဲ့ အင်ဂျင်နီယာတပ်ရင်းတွေ တပ်စွဲထားတဲ့‌နေရာတွေ အားလုံးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ KIO/KIAသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ အခုလ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂။ ဗန်းမော်မှာ စစ်ကောင်စီ လေကြောင်းနဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းဆည်းရမိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ အခုရက်ပိုင်းအတွင်း လာချပေးတဲ့ လက်နက်ခဲယမ်း အချို့ကို KIA ပူးပေါင်းတပ်ဖွဲ့ ဘက်က သိမ်းဆည်းရမိကြောင်း ရွှေဖီမြေသတင်းဌာနက ရေးသားထားပါတယ်။ ၆၀ မမ ဗုံးသီးတွေ အများဆုံးကောက်ရတယ်လို့ ရှေ့တန်း သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းကနေ တစ်ရက်ကို ခြောက်ကြိမ်ထက်မနည်း လက်နက်ပစ္စည်းတွေကို လေကြောင်းကနေ လာရောက်ချပေးနေတာလို့ ဆိုပါတယ်။

၃။ ဗန်းမော်မှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုသုံ့ပန်း ၁၆၀ကျော်ကို တိုက်ပွဲဇုန်မှ KIA ခေါ်ထုတ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစု စုစုပေါင်း သုံ့ပန်း ၁၆၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားရာ မြို့တွင်းကနေ မြို့ပြင်နေရာသို့ ခေါ်ထုတ်ခဲ့ကြောင်း People’s Spring သတင်းအရ သိရပါတယ်။ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ရင်းနေရာတွေကို KIA မဟာမိတ် ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ ပြီးခဲ့တဲ့လ ဧပြီ ၂၉ရက်မှာ တပ်မိသားစုဝင်တွေ အပါအဝင် သုံ့ပန်းတွေကို ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။

၄။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

မြန်မာနိုင်ငံကနေ ထွက်ပြေး ခိုလှုံရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄ ဦးကို နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလ ၇ ရက်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ တပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ကော့စ်ဘဇားမြို့ လေဆိပ်ကနေ အရပ်ဖက် လေယာဉ် တစ်စီးနဲ့ ပြန်ပို့လိုက်တာဖြစ်ပြီး ကော့စ်ဘဇားနဲ့ ပတ်တူခါလီ အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား အကျဉ်းသားဟောင်း ခြောက်ဦးကိုလည်း သူတို့နဲ့အတူ နေရပ်ပြန်ပို့လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ပိုင်နက် ဒေသတွေထဲ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေတုန်းက ထွက်ပြေး ခိုလှုံခဲ့ကြတာပဲ ဖြစ်ပါတယ်။

၅။ တခေါ်ဘီခွီးတပ်စခန်း သိမ်းပိုက်ရှင်းလင်းပြီးလို့ KNU ထုတ်ပြန်

KNUရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ရှိ စစ်ကောင်စီရဲ့ ခလရ(၂၄)တပ်ရင်း အခြေချတပ်စွဲထားတဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက အခုလ ၉ ရက်မှာ သိမ်းပိုက်ခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ တပ်မဟာ(၇)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့က အဆိုပါတပ်စခန်းကို အခုလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ရက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာလို့ People’s Spring ဖော်ပြပါတယ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်‌ကောင်စီရဲ့ ခမရ (၅၉၈) တပ်ရင်း ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သတင်းဌာနတချို့က ရေးသားထားတာ ရှိပေမယ် KNU ကတော့ ထုတ်ပြောထားတာ မတွေ့ရသေးပါဘူး။

၆။ ထီးခီးဒေသကို KNU ပြန်လည်သိမ်းပိုက်

၂၈ နှစ်တာ လက်လွှတ်ထားရတဲ့ မြိတ်−ထားဝယ်ခရိုင်ရှိ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်းတည်ရှိရာ ထီးခီးဒေသကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ပြီလို့ KNUက အခုလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းကို ပြီးခဲ့တဲ့လ ၁၉ရက်နဲ့ ထီးခီးဗျူဟာစခန်းကို ယခုလ ၉ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက် နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ ထီးခီးဒေသကို မြန်မာစစ်တပ်က ၁၉၉၇မှာ တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

၇။ ထိုင်းစစ်တပ်က တနင်္သာရီတိုင်းထဲက စစ်ရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေ

ကန်ချနာဘူရီမှာ ရှိနေတဲ့ ထိုင်းစစ်တပ်ဟာ အိမ်နီးချင်း မြန်မာနိုင်ငံဖက်ခြမ်း၊ ထားဝယ်မြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေ ထိုင်းဖက်ကို ပျံ့နှံ့လာနိုင်ခြေအတွက် သတိကြီးကြီး ထားပြီး လေ့လာ စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လ ၇ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ လက်ရှိ အချိန်ထိ ဆက်လက် ဖြစ်ပွားနေသလို တော်လှန်ရေး အင်အားစုတွေဟာ စစ်ဆင်ရေးတွေကို အရှိန်ပိုမြှင့်ကာ ဘန်ဖူနမ်ရောင် နယ်စပ်ဂိတ်နားက စစ်ကောင်စီ စခန်းတွေကို အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ ကန်ချနာဘူရီမှာရှိတဲ့ ထိုင်းစစ်တပ်ရဲ့ နယ်စပ် စစ်ရေးဦးစီးဌာနကလည်း တိုက်ပွဲတွေရဲ့ ဆင့်ကဲဖြစ်ပျက် ပြောင်းလဲမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၈။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီမြို့နယ်က နေအိမ်၂၀ခန့် ပျက်စီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်၂၀ခန့် ပျက်စီးခဲ့တယ်လို့ People’s Spring က ဖော်ပြပါတယ်။ အခုလ၉ရက် ညနေ ၄နာရီကျော်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်၂၀၀ဗုံး သုံးလုံးကြဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက‌ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆူးလေကုန်းကျေးရွာကို ပြီးခဲ့တဲ့ ၂၅ ရက်ကလည်း စစ်ကောင်စီတပ် က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

၉။ MNDAA နဲ့ SSPP နယ်မြေအငြင်းပွားမှု ညှိနှိုင်းလို့ အဆင်မပြေ

ကိုးကန့်တပ် - MNDAA နဲ့ ရှမ်းတပ်မတော်- SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်းရာ အဆင်မပြေခဲ့ဘူးလို့ ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး “ဝ”တပ်ဖွဲ့- UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်က နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပါတယ်။ ရှမ်းမြောက် သီပေါနဲ့ လားရှိုးမြို့နယ်ကြားရှိ နမ့်မ၊ ဟန်နားကနေ ကိုးကန့်တပ်က ဆုတ်ခွာမှာဖြစ်ပြီး SSPP အနေနဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ရွာကနေ မူဆယ်မြို့နယ်အထိ တပ်ဆုတ်ပေးဖို့ ကိုးကန့်တပ်ဘက်က ပြောကြားချက်ကို SSPP က လက်မခံတာကြောင့် ဆွေးနွေးပွဲ မအောင်မြင်တာလို့ SSPP နဲ့နီးစပ်သူ သတင်းအရင်းမြစ်ကို ကိုးကားပြီး ရွှေဖီမြေက ရေးသားထားပါတယ်။

၁၀။ PDF ကို ထောက်ပံ့တဲ့ ဒေါ်လာသန်းဆယ်ချီကို PRF က ရတာလို့ NUG ပြော

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းတွေကို လေးနှစ်တာအတွင်း ‌ထောက်ပံ့ခဲ့တဲ့ငွေကြေး ‌ဒေါ်လာသန်းချီကို PRF လို့ ‌ခေါ်တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဉ်ကနေရရှိတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က အခုလ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။ နိုင်ငံတဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ထောက်ပံ့ထားပြီး ၂၂ သန်းကျော်ကို PRF က ရရှိတာလို့ ရေးထားပါတယ်။ PRF အစီအစဉ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့တော်လှန်ရေး ‌ထောက်ပို့တပ်ဖွဲ့ဖြစ်ပြီး တပ်သားအဖြစ်ဝင်ရောက်ကာ လစဉ်ငွေကြေး ကူညီထောက်ပံ့တာဖြစ်ပါတယ်။

၁၁။ ကိုရီးယားက ခွင့်ပြန်လုပ်သားတွေ ထွက်ခွာခွင့်စာရင်းပါမှ ပြန်ထွက်ခွင့်ရမယ်

ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ပြီး ခွင့်နဲ့ပြန်လာတဲ့ မြန်မာလုပ်သားတွေအနေနဲ့ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပြည်ပထွက်ခွာခွင့် ရှိသူအမည်စာရင်းမှာနာမည်ပါဝင်မှသာ ကိုရီးယားကို ပြန်ခွင့်ရမယ်လို့ အစိုးရအလုပ်အကိုင်အေဂျင်စီ POEA က အခုလ ၇ ရက်မှာ အသိပေးထားပါတယ်။ ခွင့်နဲ့ ပြန်လာပါက အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီထံကို မပျက်မကွက်သတင်းပေးပို့ရမှာဖြစ်ပြီး ပြန်လည်ထွက်ခွာရမယ့် နေရက်ကိုတော့ Safe Migration ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ကြေငြာပေးမှာဖြစ်ကြောင်း ၊ ကြေငြာမှုမှာ နာမည်ပါမှသာ ပြန်လည်ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ ပြည်ပကနေ ခွင့်ပြန်လာသူတွေဟာ စစ်မှုထမ်း အသက် ကန့်သန့်ချက်နဲ့ ညိသူတွေကို စစ်နေကြောင်း အသက်အကျုံးဝင်သူတွေကို ပေးမထွက်တဲ့ပြဿနာတွေ ရှိနေပေမယ့် ဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်တာမရှိသေးတော့ ပြောရခက်ကြောင်း ပြည်ပအလုပ် အကိုင်အေဂျင်စီလုပ်ကိုင်သူက ပြောပါတယ်။ ကိုရီးယားကို မြန်မာလုပ်သားစေလွှတ်မှုက အစိုးရပြည်ပအလုပ်အကိုင်ကနေ စီစဥ်ဆောင်ရွက်နေတာဖြစ်ပြီး သွားရောက်လုပ်ကိုင်ကြတဲ့ အမျိုးသားအများစုက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အရွယ်တွေများတယ်လို့သိရပါတယ်။

၁၂။ မြန်မာရှိ တရုတ်စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးဖို့ တရုတ်သမ္မတက စစ်ခေါင်းဆောင်ကို တိုက်တွန်း

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က မြန်မာစစ်ခေါင်းဆောင်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံစဥ် အခုလ ၉ ရက်က တိုက်တွန်းလိုက်ပါတယ်။ မော်စကိုမြို့မှာ ကျင်းပတဲ့ ရင်ပြင်နီအောင်ပွဲ အခမ်းအနားပွဲရဲ့ ဆက်စပ်အစည်းအဝေးတွေ အတွင်း လုံခြုံရေးကိစကို တိုက်တွန်းခဲ့သလို အွန်လိုင်းလိမ်လည်မှုနဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတွေကို တိုးမြှင့် တိုက်ဖျက်ဖို့ကိုလည်း သမ္မတရှီက ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ အခုလ ၈ ရက်က ကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပြီး စစ်ကောင်စီစစ်ရေးပြတပ်ဖွဲ့ကလည်း ပထမဦးဆုံးအကြိမ် ပါဝင်ချီတက်ခဲ့ကြပါတယ်။

၁၃။ နပခ စစ်ဌာနချုပ်နဲ့ အမ်းမြို့သိမ်းတိုက်ပွဲမှာ ပါခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြု

ရခိုင်ပြည် အမ်းမြို့ရှိ နပခ စစ်ဌာနချုပ်နဲ့ မြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA) နဲ့အတူ ပါဝင် တာဝန်ထမ်း ဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ/ PDF) ရဲဘော်တွေကို စစ်ကိုင်းတိုင်း ပကဖမှ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြင့်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ကြေးပေး အပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက အခုလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။ အမ်းတိုက်ပွဲအတွင်း စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်က ပကဖရဲဘော် ၃၂ ဦးပါဝင်တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရကာ ရဲဘော်တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း ပကဖကတော့ တပ်ရင်းတစ်ရင်းစာ ပါဝင်ကူညီ တိုက်ခိုက်ပေးခဲ့ပြီး ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ကာ ရဲဘော် ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၁၄။ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ One Championship မွေထိုင်းပြိုင်ပွဲမှာ အနိုင်ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခုလ ၉ရက်က ကျင်းပတဲ့ One Championship မွေထိုင်းပြိုင်ပွဲမှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ရရှိခဲ့ပါတယ်။ ၎င်းတို့ဟာ အမ်တန်ဝိတ်တန်း မွေထိုင်းပွဲစဥ်အဖြစ် ယှဥ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘရော်နီကာဟာ အခုနှစ် ဖေဖော်ဝါရီမှာ ကျင်းပတဲ့ One Championship ရဲ့ ပထမဆုံးပွဲမှာ ရှုံးနှိမ့်ခဲ့ပြီး အခု ဒုတိယပွဲမှာမှ အနိုင်ရရှိခဲ့တာပါ။ ဘရော်နီကာကို One Championshipက အပိုဆုကြေးငွေ ဘတ်သုံးသိန်းခွဲ ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

The Tanintharyi Times