နေပူဒဏ်နဲ့ ရေဓာတ်၊ ဆားဓာတ်

နေပူဒဏ်နဲ့ ရေဓာတ်၊ ဆားဓာတ်

နေ့အပူချိန်မြင့်မားလွန်းတာကြောင့် လူကြီးလူငယ်မရွေးဆီကခေါင်းမူးတယ်ဆိုတဲ့အသံကိုအမြဲလိုလို ကြားရလေ့ရှိပါတယ်။ အဲ့လိုပြောတဲ့သူတိုင်းကို သွေးပေါင်ချိန်ကြည့်လိုက်မယ်ဆိုရင် သွေးပေါင်ကျနေတာကိုအများစု တွေ့ရပါတယ်။ ပူပြင်းတဲ့ရာသီမှာ သွေးပေါင်ကျနေတဲ့ အဓိကအချက်က ရေနဲ့ဆားဓာတ်မလုံလောက်တာ ကလည်း အကြောင်းတစ်ခုအဖြစ်ပါ ပါတယ်။

ရေဓာတ်နဲ့ဆားဓာတ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးမှာမလိုအပ်တဲ့နေရာဆိုတာမရှိပါဘူး။ ရေနဲ့ဆားဓာတ်ပြည့်၀နေမှ ခန္ဓာကိုယ်အတွင်းကသွေးနဲ့ကိုယ်တွင်းအရည်တွေကို မျှခြေပမာဏဖြစ်အောင် ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ထို့အတူ နှလုံးလည်ပတ်မှုကောင်းစေဖို့၊ တစ်ရှုးအသစ်တွေဖြစ်ပေါ်စေဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ ခန္ဓာကိုယ်မှာရေနဲ့ဆားဓာတ်မလုံလောက်ဘူးဆိုရင် ကြွက်တက်တာ၊ခေါင်းမူးတာ၊ နုံးချိနေတာ၊ နှလုံးခုန်မြန်တာတွေနဲ့ အဆိုးဆုံးအခြေအနေဖြစ်တဲ့ နှလုံးရပ်တဲ့အထိဖြစ်နိုင်ပါတယ်။

■ ရေဓာတ်ပြည့်ဝနေစေဖို့

- ရေဓာတ်ဖြည့်ဖို့ အကောင်းဆုံးနဲ့ အမြန်ဆုံးနည်းကရေတစ်ခွက်သောက်လိုက်တာပဲ ဖြစ်ပါတယ်။

- အုန်းရည်ရှိလျှင်လည်း အုန်းရည်ကိုသောက်ပေးနိုင်ပါတယ်။

- မနက်အစောအိပ်ယာနိုးနိုးချင်း ရေတစ်ခွက်အပြည့်သောက်တဲ့အလေ့ကိုပြုလုပ်ပေးသင့်ပါတယ်။

- ကိုယ့်ရဲ့ အလုပ်ခွင်မှာလည်း ရေဘူးကိုအမြဲနီးနီးကပ်ကပ်ဆောင်ထားသင့်ပါတယ်။

- အစားမစားခင်အချိန်တိုင်းမှာလည်း ရေတစ်ခွက်သောက်ပေးသင့်ပါတယ်။

- အရွယ်ရောက်ပြီးသူလူတစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ(၂)လီတာကနေ (၃)လီတာကြား သောက်ပေးသင့် ပါတယ်။

■ ဆားဓာတ်ပြည့်ဝနေစေဖို့

- ဆားဓာတ်ဟာ အလွန်အကျွံ့စားရင် သွေးတိုးတတ်တာမှန်ပေမယ့် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တာကိုတော့သတိပြုထားရပါမယ်။

- ဆားဓာတ်ပြည့်ဝနေစေဖို့အရည်ရွှမ်းတဲ့အသီးအနှံ့တွေ (ဥပမာ - ငှက်ပျောသီး၊ ထောပတ်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ) ကိုစားပေးရပါမယ်။

ရေနဲ့ဆားဓာတ်ကိုပြည့်ဝစေဖို့ ဓာတ်ဆားသောက်ပေးလို့ရပါတယ်။ ဆီးချိုသမားတွေကတော့ ဆီးချိုသမားတို့သောက်ရမယ့်ဓာတ်ဆားကိုပဲသောက်ပေးသင့်ပါတယ်။

အလားတူထန်းလျက်ပြုတ်ရည်မှာ ဆားအနည်းငယ်ထည့်ပြီးသောက်ပေးတာကလည်း ရေဓာတ်ကိုပြန်လည် ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဓာတ်ဆားမလွယ်တဲ့နေရာမှာ ရေကျက်အေး (၁)လီတာမှာ သကြားလက်ဖက်စားဇွန်း(၈)ဇွန်း၊ ဆား လက်ဖက်စားဇွန်း(၁)ဇွန်းရောသောက်မယ်ဆိုရင် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

■ ရေနဲ့ဆားဓာတ်ပြည့်ဝစေဖို့ လုပ်မိနေတဲ့အလွဲတွေ

- နေပူဒဏ်ကိုအံတုဖို့ အများစုကအသင့်သောက်အချိုရည်တွေကို သောက်လေ့ရှိကြပါတယ်။ သောက်ပေးတာသင့်တော်ပေမယ့် အသင့်သောက်အချိုရည်တွေရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ဆီးချိုရောဂါ၊ အိပ်မ ပျော်တာတွေ ဖြစ်နိုင်တာကို မေ့ထားလို့မရပါဘူး။

- ကော်ဖီကိုရေနဲ့ဖျော်သောက်တာက ရေဓာတ်ပါဝင်တာပဲဆိုပြီး ကော်ဖီကိုလည်းအလွန်အကျွံ့သောက်လေ့ရှိကြပါသေးတယ်။ ကဖိန်းဓာတ်က ရေဓာတ်ကိုခမ်းစေတာကို သတိပြုထားသင့်ပါတယ်။

- အမျိုးသားအများစုက အခုလိုပူတဲ့နွေရာသီမှာ အပူလျော့စေဖို့ဆိုပြီး ရေခဲစိမ်ထားတဲ့ဘီယာတွေကို သောက်သုံးလေ့ရှိကြပါတယ်။ ဘီယာဆိုတာ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်တဲ့အရာမဟုတ်တာကို သတိပြုထားသင့်ပါတယ်။

■ ရေနဲ့ဆားဓာတ်မဆုံးရှုံးစေဖို့

- ပူပြင်းတဲ့နွေရာသီမှာ အပူဒဏ်ခံနိုင်စေဖို့ အပြင်သွားတဲ့အခါတိုင်း ထီး၊ ဦးထုပ်တို့ရဲ့အကာအကွယ်ကို ယူပြီးမှသွားသင့်ပါတယ်။

- တတ်နိုင်သမျှ ငြိမ်ငြိမ်နေတာက ရေနဲ့ဆားဓာတ်ကိုထိန်းသိမ်းတာဖြစ်ပါတယ်။

- ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကိုတတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်

- အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ရေနဲ့ဆားဓာတ်မဆုံးရှုံးစေဖို့ ရေများများသောက်ပေးသင့်ပါတယ်။

- အရေးကြီးဆုံးအချက်တော့ အေးမြတဲ့အရိပ်အာဝါသအောက်မှာနေထိုင်တာကလည်း ရေနဲ့ ဆားဓာတ်ဆုံးရှုံးမှုကနေ အသေအချာကင်းဝေးမှာဖြစ်ပါတယ်။

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times