မြိတ်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးကျော်ဒဏ်ရာရ
မြိတ်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးကျော်ဒဏ်ရာရ
မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဆယ်ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားအင်အား ၁၀၀ ဝန်းကျင် လိုက်ပါစီးနင်းလာတဲ့ စစ်တပ်တွဲကား ၂ စီးကို မဇောကျေးရွာအုပ်စု၊ သကန်ရွာနဲ့ ခုံမော်ရွာကြားက တံတားအနီးမှာ ပထမအကြိမ်မိုင်းဆွဲခဲ့တာလို့ မြေပြင်ရဲဘော်တွေနဲ့ မဇောကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ်။
၁၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းထိခိုက်ခဲ့ပြီး ပသောင်းရွာက လူနာတင်ယာဥ်နဲ့ မြိတ်မြို့ဘက်ကို လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ မဇောကျေးရွာအုပ်စုဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တုံးဗျောကျေးရွာအုပ်စုဘက်ကို ခြေလျင်နဲ့ ဆက်လက်စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ မိုင်းဆွဲခံရပြီးတော့ လူနာတင်ယဥ်နဲ့ အရင် လာသယ်သွားတယ်။ ညနေလောက်မှ တွဲကားတွေရော၊ စစ်သားတွေရော ဆက်သွားကြတယ်” လို့ မဇောကျေးရွာအုပ်စုနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တုံးဗျောကျေးရွာအုပ်စုဘက်ကို ခြေလျင်စစ်ကြောင်းဆက်ထိုးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က မနက် ၆ နာရီခွဲဝန်းကျင်က တုံးဗျောရွာဟောင်းအနီးအရောက်မှာ တော်လှန်ရေးတပ်တွေဘက်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာလည်း တုံးဗျောကြီးရွာဟောင်း၊ မကန်တောင်အနီးမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
မနေ့က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တုံးဗျောကြီးရွာဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို တုံးဗျောကြီးရွာ စစ်ကောင်စီစခန်းကို အရင်သယ်ယူပြီးမှ မြိတ်မြို့ကို ကားတွေနဲ့ ထပ်မံပို့ဆောင်ခဲ့တယ်လို့ တုံးဗျောကြီးရွာဒေသခံတွေက ပြောပါတယ်။
“ ထိတဲ့သူတွေကို စခန်းကို ခြေနဲ့ပဲ အရင်သယ်ချလာကြတယ်ဗျ။ စခန်းမှာ လူစုပြီးမှ ကားနဲ့ ဆေးရုံပို့တာ” လို့ အသက် ၄၀ ဝန်းကျင်အရွယ် တုံးဗျောကြီးရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
တုံးဗျောကြီး စစ်ကောင်စီစခန်းက ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ အရပ်သားကား ၃ စီးနဲ့ လာရောက်တင်ဆောင်သွားတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒဏ်ရာရစစ်ကောင်စီတပ်သားတွေကို မြိတ်မြို့ကို သယ်ဆောင်ဖို့အတွက်ကိုလည်း လမ်းတောက်လျှောက်က တုံးဗျော၊ ဘန်းမယ့်၊ ခုံမော်၊ သကန်၊ တောင်ပု၊ မဇောတိုးဂိတ်၊ တောတန်း၊ လက်မဲနဲ့ ပြင်ကြီးရွာတွေမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၂၀ ဝန်းကျင်စီနဲ့ လမ်းကင်းတွေချထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အခုလပိုင်းထဲမှာ မြိတ်မြို့နယ်ထဲက မဇောကျေးရွာအုပ်စုနဲ့ တုံးဗျောကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေတောက်လျှောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံကစလို့ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင်၊ လမ်းတောက်လျှောက်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းမှာသာ အမိုးဖွင့်သွားလာကြဖို့ ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
