မော်လမြိုင်-ထားဝယ် လမ်းပေါ်မှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူစစ်ဆေးတာတွေ နေ့စဉ်ဆောင်ရွက်နေ
မော်လမြိုင်-ထားဝယ် လမ်းပေါ်မှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူစစ်ဆေးတာတွေ နေ့စဉ်ဆောင်ရွက်နေ
တော်လှန်ရေးတပ်တွေက မော်လမြိုင်-ထားဝယ် ကားလမ်းမကြီးပေါ်မှာ နေ့စဉ် လုံခြုံရေးယူစစ်ဆေးနေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်-၃ တောင်ပိုင်းတိုင်း J.O.C က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ထိုးဖောက်ဒေသစိုးမိုးရေးအတွက် အရေးပါတဲ့ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှောက် လုံခြုံရေးရယူတာနဲ့ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့ စစ်ဆေးတာတွေကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နေ့စဉ်ဆောင်ရွက်နေတာလို့ဆိုပါတယ်။
အခုလ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းမှာ မနက်ကနေ မွန်းလွဲပိုင်းအထိ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်က အရပ်သားမော်တော်ယာဉ်တွေ အသုံးပြုသွားလာမှုရှိ၊ မရှိအပြင် မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ အမှတ်-၃ တောင်ပိုင်းတိုင်း J.O.C က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့လနဲ့ အခုလဒုတိယပတ်အတွင်းမှာတော့ မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်မှာ တောင်ညိုစစ်ကြောင်းရဲ့ အမျိုးသမီးရဲဘော်တွေက လည်း မြေပြင်မှာ စစ်ဆေးတာတွေ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အခုလ ၁၈ ရက်နေ့ကလည်း KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက် စစ်ကြောင်း၊ ကျိုက်ထိုပကဖ တို့ပူးပေါင်းပြီး သိမ်ဇရပ်မြို့အနီးက ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်နဲ့ သိမ်ဇရပ်မြို့အဝင်တို့မှာ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီလိုနယ်မြေစိုးမိုးရေး လုပ်ဆောင်နေချိန် လမ်းသွားလမ်းလာပြည်သူတွေက စစ်ဆေးမှုတွေမှာ တက်တက်ကြွကြွပူးပေါင်းပေးခဲ့ကြသလို တော်လှန်ရေးရဲဘော်တွေအတွက် အစားအသာက်ပစ္စည်းအများအပြားပေးခဲ့တာမျိုးလည်း ရှိတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times

