“ တစ်ပတ်တာ မြန်မာ ”
“ တစ်ပတ်တာ မြန်မာ ”
နိုင်ငံတဝှမ်းမှာ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၂ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
ဒီတပတ်မှာတော့ သတင်းတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီဘက်ကနေ နယ်မြေတွေ ပြန်ရဖို့ လူအင်အားဖြည့်တာ တန်ပြန်ထိုးစစ်ဆင်တာတွေကို ကရင်နီနဲ့ ရှမ်းမြောက်မှာ ဆက်တိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါ့အပြင် အိမ်နီးချင်းတရုတ်နိုင်ငံကနေ မြန်မာ့ပြည်တွင်းစစ်အပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးတာတွေလည်း ပိုမိုလုပ်ဆောင်လာတာ ရှိပါတယ်။
ကရင်နီပြည်(ကယား)
မြို့တော်လွိုင်ကော်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေကို စစ်ကောင်စီထိုးစစ်ဆင်နေ
ကရင်နီပြည်ရဲ့ မြို့တော်လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဟာ မြို့နဲ့ ထိစပ်နေတဲ့ နယ်မြေတွေနဲ့ လမ်းကြောတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ရေးအရှိန်မြှင့်နေပါတယ်။ လွိုင်ကော်ရဲ့ တောင်ဘက် ဒီးမော့ဆို လမ်းကြောအပြင် မြောက်ဘက်က မိုးဗြဲ-ဖယ်ခုံလမ်းကြောက နယ်မြေတွေကို ပြန်ရဖို့ စစ်ဆင်ရေးဖော်ဆောင်နေတာလို့ သတင်းတွေက ဖော်ပြကြပါတယ်။ KNDF နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ လွိုင်ကော်တက္ကသိုလ်၊ နောင်ယားအပါအဝင် ရပ်ကွက်တချို့ကိုထိန်းချုပ်နိုင်ခဲ့တာပါ။ အခုအချိန်မှာတော့ စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ဖို့ မြို့ထဲမှာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် အပါအဝင် ကျန်တဲ့တပ်ရင်းတွေမှာ အထိုင်ချတပ်စွဲထားတယ်လို့ ဘီဘီစီက ရေးသားထားပါတယ်။ စစ်ကောင်စီတပ်တွေ မြို့တွေထဲဝင်ပြီး ပြန်ထိန်းချုပ်လို့မရအောင် လွိုင်ကော်-မိုးဗြဲ၊ မိုးဗြဲ-ဖယ်ခုံနဲ့ မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကယန်းအမျိုးသားတပ်မတော်(KNA)နဲ့အတူ မိုးဗြဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ပူးပေါင်းတိုက်ခိုက်ကာ ခုခံတားဆီးနေတယ်လို့ ဘီဘီစီသတင်းမှာ ရေးသားထားပါတယ်။
ရှမ်းပြည်နယ်
ဖယ်ခုံနဲ့ မိုးဗြဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ
ကရင်နီပြည်နဲ့ ကပ်ရပ်ရှိနေတဲ့ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့ကို စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းထက်မနည်းသုံးပြီး အခုလ တတိယအပတ်မှာ တပြိုင်တည်းစစ်ဆင်ရေးဖော်ဆောင်လာတာ ရှိပါတယ်။ စစ်ကောင်စီတပ်က သူတို့ ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့ထဲကို ပအိုဝ်းပြည်သူ့စစ် (PNO)နဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်း စေလွှတ်ခဲ့ပါတယ်။ စစ်ကားအစီး ၂၀ ဝန်းကျင် အခုလ ဒုတိယအပတ်ကတည်းက ရောက်ရှိပြီး တပ်စွဲထားတယ်လို့လည်း ဘီဘီစီက သတင်းဖော်ပြပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ထိုးစစ်ဆင်နေတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ အလုံးအရင်းထိုးစစ်ဆင်လာတာ ရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက မီဒီယာတွေကို ပြောထားပါတယ်။ အခုလ ၁၈ ရက်ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေ ပြင်းအား ပေါင် ၅၀၀ နဲ့ ပေါင် ၂၀၀ ဗုံးသီး ၅ လုံး ကြဲချခဲ့လို့ စစ်ရှောင်စခန်းထဲကတချို့ သေဆုံး ထိခိုက်ဒဏ်ရာရသလို စစ်ရှောင်စခန်းအနီးက ဘုရားကျောင်းနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မိုးဗြဲအခြေစိုက်ကာကွယ်ရေးတပ်ဘက်က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ မြို့တွေထဲက တစ်ခုဖြစ်တဲ့ နောင်ချိုမြို့နယ်ထဲကို စစ်ကောင်စီကလေကြောင်းက ဗုံးကြဲလို့ အခုလအတွင်းမှာ ဒေသခံ ၁၇ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီစာရင်းက အခုလ ၁ ရက် ကနေ ၂၁ ရက်နေ့အထိပါ။ ပြီးခဲ့တဲ့ နှစ်ရက်ကလည်း မြို့နယ်ထဲက ကုန်းကြီးကျေးရွာကို ဗုံးလာကြဲလို့ ဘုန်းကြီးကျောင်းထဲမှာ ပေါက်ကွဲခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ကံကြီးကျေးရွာမှာလည်း လေယာဥ်နဲ့ ဗုံး သုံးကြိမ်လာကြဲလို့ ဒေသခံ အမျိုးသား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ ၁၈ ရက်က ကြဲတဲ့ ဗုံးကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားပြီး အဆောင်တစ်ချို့ ထိမှန်သွားတာရှိပါတယ်။
စစ်ကိုင်းတိုင်း
ပုလဲမြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ဖမ်းမိ
စစ်ကိုင်းတိုင်းက ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ BNRA က ဓာတ်ပုံတွေနဲ့တကွ အခုလ ၁၇ ရက်က ထုတ်ပြန်ပါတယ်။ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA က ဒေသအခြေစိုက် မဟာမိတ်တပ်တွေအပြင် ချင်းညီနောင်စစ်ဆင်ရေး (CB) နဲ့ပါ ချိတ်ဆက်ပြီး ပုလဲမြို့ကို အခုလ ၁၁ ရက်က ထိုးစစ်ဆင်ခဲ့တာပါ။တိုက်ပွဲမှာ စစ်ကောင်စီရဲ့ မြေပြင်စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ပေမယ့် လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကြောင့် စစ်ဆင်ရေးလေးရက်အကြာမှာပဲ မြို့ပေါ်ကနေ ပြန်ဆုတ်ခွာခဲ့ရပါတယ်။
ဟုမ္မလင်းက စစ်ကောင်စီနဲ့ SNA တပ်စခန်းသုံးခုကို KIA သိမ်းယူ
ရွှေတူးဖော်ရေးလုပ်ကွက်တွေရှိနေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းနှစ်ခုတို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက အခုလ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရွှေတွင်းစခန်း၊ စိုင်းပန်ရွာအနီးက SNA စခန်းနဲ့ သံယောဇဉ် စခန်းကုန်းတွေကို ၁၈ ရက်နေ့ညပိုင်းမှာ သိမ်းခဲ့ပြီး ၁၉ ရက်နေ့ မနက်မှာ ရှင်းလင်းရေးတွေ လုပ်နိုင်ခဲ့တာလို့ RFA က သတင်းဖော်ပြပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း SNA တပ်သား သုံးဦးကို ဖမ်းမိတယ်လို့လည်း သိရပါတယ်။ အဲ့ဒီတပ်စခန်းတွေက ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရဲ့ ဥရုချောင်းတစ်ဖက်ကမ်းမှာရှိတာ ဖြစ်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လကတည်းက တိုးစစ်ဆင်နေတာပါ။
ရခိုင်ပြည်နယ်
တောင်ကုတ်မြို့ကို AA ထိန်းချုပ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က အခုလ ၂၀ ရက်နေ့က ထိန်းချုပ်လိုက်ပြီလို့ RFA က သတင်းဖော်ပြပါတယ်။ အခုလ ၄ ရက်ကစတင်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး မြို့ပေါ်အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ ပန်းမြောက်တောင်စခန်း၊ သဲဂန်တောင်စခန်း၊ တပ်ဦးဘုရားတောင်စခန်း၊ ဦးထွန်းလှိုင်ခြံထဲမှာ ချထားတဲ့ အမြောက်စခန်းစတဲ့ ခံတပ်စခန်းတွေကို AA က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ မြို့အဝင် သံတွဲ-တောင်ကုတ်ကားလမ်းအနီးမှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း RFA က ရေးသားထားပါတယ်။ တောင်ကုတ်မြို့မရဲစခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ အချုပ်သား နှစ်ရာခန့်ကိုတော့ AA က ဝင်ရောက်မတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်တွေထဲကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။
ကချင်ပြည်နယ်
တရုတ်နယ်စပ် ကန်ပိုက်တီမြို့ကို KIA သိမ်း
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အထူးဒေသ (၁)ထဲက တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ တစ်ရက်တည်းနဲ့ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။ အခုလ ၂၀ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၇ နာရီဝန်းကျင်မှာ သိမ်းယူခဲ့တာပါ။ ကန်ပိုက်တီက ကချင်ပြည်နယ်ထဲက အကြီးဆုံးနယ်စပ်ဂိတ်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး မြို့ကိုသိမ်းချိန်မှာ စစ်ကောင်စီတပ်သား သုံးဆယ်ဝန်းကျင်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သတင်းဌာနတွေက ဖော်ပြပါတယ်။ ကန်ပိုက်တီမြို့က ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ(၁)ဒေသက နောက်ဆုံးကျန်တဲ့ မြို့ဖြစ်ပါတယ်။ ကျန်မြို့တွေဖြစ်တဲ့ ချီဖွေ၊ ဆော့်လော်၊ ပန်ဝါ ဒေသတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်းပိုင်းကစပြီး တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။
ကချင်နယ်စပ်ဂိတ်အားလုံး KIA သိမ်းပြီး
ကချင်ပြည်နယ်က နယ်စပ်ဂိတ်ကြီးတွေဖြစ်တဲ့ ကန်ပိုက်တီး၊ လွယ်ဂျယ်အပါအဝင် ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ပေါက်အားလုံးကိုလည်း KIA က ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ အဲဒီဂိတ်တွေထဲက ပန်ဝါ၊ ဖီမော်နဲ့ မိုင်ဂျာယန်ဂိတ်တွေဟာ မြေရှားသတ္တု အဓိက တင်ပို့နေတဲ့ ဂိတ်တွေဖြစ်ပြီး လွယ်ဂျယ်နဲ့ ကန်ပိုက်တီဂိတ်တွေတော့ မြန်မာ-တရုတ် တရားဝင်ကုန်သွယ်ရေး ဂိတ်တွေ ဖြစ်တယ်လို့ RFAက ဖော်ပြပါတယ်။ ကချင်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို KIA က သိမ်းပိုက်လိုက်ပြီးနောက်မှာပဲ တရုတ်နိုင်ငံဘက်ကနေ အဲဒီ နယ်စပ်ဂိတ်အားလုံးကို ပိတ်လိုက်တာကြောင့် ကချင်မှာရှိတဲ့ နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်တန့်သွားပါတယ်။

စစ်ကောင်စီနဲ့ နိုင်ငံတကာ ဆက်ဆံရေး
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး
ကိုးကန့်ခေါင်းဆောင်ကို မဖမ်းထားဘူးလို့ တရုတ်ငြင်း
ကိုးကန့်တပ်ဖွဲ့(MNDAA) ခေါင်းဆောင် တရုတ်ပြည်မှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက အခုလ ၁၉ ရက်က ငြင်းဆိုလိုက်ပါတယ်။ ကိုးကန့်ခေါင်းဆောင် ဦးဖုန်တာရွှင်က ပြီးခဲ့တဲ့ လကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ တွေ့ဆုံဖို့ တရုတ်ကို သွားခဲ့တာပါ။ တရုတ်အစိုးရက ပြန်ခွင့်မပေးဘဲ ယူနန်ပြည်နယ်က ဟိုတယ်မှာ အကျယ်ချုပ်ထိန်းသိမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ပေကျင်းမြို့မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို ဆေးကုသမှုခံယူဖို့ လာရောက်ခဲ့ပြီး၊ အခုချိန်မှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
စစ်ကောင်စီဝန်ကြီး မူဆယ်ကို တရုတ်ဘက်ကတဆင့် ဝင်ရောက်
စစ်ကောင်စီရဲ့ လဝကဝန်ကြီးဦးမြင်ကြိုင်ဟာ နယ်စပ်မြို့က မူဆယ် နန်းတော်ဂိတ်ကို တရုတ်နိုင်ငံထဲက တဆင့် ဝင်ရောက်ခဲ့ပြီး ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင် ယူနန်အာဏာ ပိုင်တွေနဲ့ အခုလ ၂၀ ရက်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရချင်းဆွေးနွေးပြီးမှသာ နယ်စပ်ဂိတ်တွေကို လိုအပ်သလို ပြန်ဖွင့်ပေးမယ်လို့ ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး မစ္စတာ ဂျင်းဘင်ကပြောခဲ့တယ်လို့လည်း သူတို့က ထုတ်ပြန်ထားပါတယ်။
ကျားဖြန့်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၇၀၀ကျော်ကို တရုတ်ထံ ဝတပ်က လွှဲပြောင်းပေး
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေနဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံထံ အခုလ ၁၉ ရက်က လွှဲပြောင်းပေးလိုက်တယ်လို့ ဝတပ်ဖွဲ့က ပြောပါတယ်။ တန့်ယန်းနယ်မှာ “၀” တပ်ဖွဲ့က ဖမ်းမိသူ တစ်ထောင်ကျော်ရှိပြီး အဲ့ဒီထဲက တရုတ်နိုင်ငံသားတွေကို လွဲပေးခဲ့တာပါ။ “၀” တပ်ဖွဲ့ တရားရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တန့်ယန်းမြို့က ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာန တာဝန်ရှိသူတွေထံကို ပန်ဝိုင်မြို့က ဒီယုံဟော့ နယ်ခြားဂိတ်ကနေ လွှဲပြောင်းခဲ့တာလို့ သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ USDP ဥက္ကဋ္ဌ တွေ့
ကြံ့ခိုင်ရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မစ္စတာ ဟွန်ဆန်တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အခုလ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် အာရှနိုင်ငံရေးပါတီများအထွေထွေညီလာခံ(ICAPP) ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပါဝင်တက်ရောက်နေတာပါ။ အဲ့ဒီညီလာခံကို နိုင်ငံပေါင်း ၂၈ နိုင်ငံက နိုင်ငံရေးပါတီ ၄၉ ပါတီက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ - RFA

The Tanintharyi Times
