မယုံနိုင်စရာအကောင်းဆုံး

မယုံနိုင်စရာအကောင်းဆုံး

မယုံနိုင်စရာအကောင်းဆုံး

ဘာမဆိုလုပ်ရဲသူဟာ လောကမှာ တစ်ခါတစ်ခါ ပေါ်လာတတ်သတဲ့။

မယုံနိုင်စရာအကောင်းဆုံး

မူလတန်းကျောင်းကလေးပေါ် ပေါင်နှစ်ထောင်ဗုံးက တိတိကျကျ ကျလာသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

သူတို့ ယဇ်မီးတွေက မြို့တွေရွာတွေကို ရှို့မြှိုက်ပူဇော်ရသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

ရေတွေ ဒလဟောပေါက်ကျသလို လူတွေဟာ ဒီရေအိုင်ကြီးထဲကနေ စီးထွက်သွားနေတာတဲ့။

မယုံနိုင်စရာအကောင်းဆုံး

သီးကင်းတဝင်းဝင်း ဒီအပင်ကြီးရဲ့ သီးကင်းအနံ့အရသာတွေဟာ ငုံကင်းဖူး ထုံသင်းမြူးသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

အစပကတူးမှာ လူငယ်တွေဟာ တစ်ယောက်က တူမီးဆို တစ်ယောက်က မီတူးလို့ နှုတ်ဆက်ကြသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

အွန်လိုင်းစစ်ပွဲဂိမ်းတွေဟာ တောတောင်အနှံ့ပျံ့ကျသွားတော့ ဂိမ်မာတွေဟာ စစ်သားဖြစ်သွားသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

အပေါ့ပါးဆုံးမျိုးဆက်တွေဟာ အလေးနက်ဆုံးမျိုးဆက်တွေ ဖြစ်လာသတဲ့၊ “ငါတို့ထဲ

တချို့ဟာ အသက်နဲ့ဘဝ ပျောက်ဆုံးသွားကြတယ် ငါတို့ကတော့ ပျောက်ဆုံးမျိုးဆက်မဟုတ်နိုင်ဘူး”တဲ့။

မယုံနိုင်စရာအကောင်းဆုံး

သူတို့ဟာ ဂိမ်းတွေထဲကလို ဘောနပ်စ် အသက်တွေကို ကမ္ဘာအနှံ့ သူတို့အမျိုးတွေဆီက ရကြသတဲ့။

မယုံနိုင်စရာအကောင်းဆုံး

ငါတို့ရဲ့ မြတ်နိုးဖွယ် အီးဖီးဆပ် ဘုရားကျောင်းကို အီရိုစထရေးတပ်စ်လို မီးတင်ရှို့တာ ဘယ်သူလဲ။

မယုံနိုင်စရာအကောင်းဆုံး

အန်ဒါးဆင်းပုံပြင်ထဲကလို မယုံနိုင်စရာအကောင်းဆုံးလက်ရာမြောက်လှတဲ့ နာရီကြီးကို ရိုက်ခွဲပြီး မယုံနိုင်စရာအကောင်းဆုံးပြိုင်ပွဲဆုကို ယူဖို့ကြံနေသူဟာ ဘယ်သူလဲ။

မယုံနိုင်စရာအကောင်းဆုံး

ငါတို့မှာ ငါတို့ချည်းရှိပေမဲ့ ငါတို့သာလျှင် ငါတို့ရဲ့မြင့်မြတ်တဲ့မြေကို နေသားတကျ ထွန်ယက်စိုက်ပျိုးမျိုးချနိုင်ကြမယ့် သူတွေ ဖြစ်နေတာပဲ။

မောင်လင်းရိပ်

The Tanintharyi Times