မျိုးဆက်လက်ဆင့်ကမ်းခဲ့တဲ့ အနွေးထည်တစ်ထည်
မျိုးဆက်လက်ဆင့်ကမ်းခဲ့တဲ့ အနွေးထည်တစ်ထည်
နိုဝင်ဘာလဆန်းပြီဆိုတာနဲ့ အအေးဓာတ်က မသိမသာ ဝင်ရောက်လာတယ်။ မြောက်ပြန်လေ အသွေးမှာ နှင်းငွေ့ပါတဲ့လေနုအေးက ဘေထုတ်သည်တွေကို အထုတ်သစ်ဖောက်ဖို့ မြူဆွယ်နေတယ်။
အုန်းဆီပုလင်းထဲက အုန်းဆီတွေသည်ပင် ခဲတော့မယောင်။ ကာလအတန်ကြာ မေ့လျော့နေခဲ့တဲ့ အနွေးထည်တွေထုတ်ဝတ်ဖို့ အိမ်ရှင်မတွေ ပီနံအိတ်တွေနဲ့ ထည့်သိမ်းထားခဲ့တဲ့ အနွေးထည်အိတ်တွေ မွှေနှောက်ရှာဖွေရချိန်လည်း ဖြစ်ပါတယ်။
ကဗျာဆရာပိုင်စိုးဝေက လူဆိုတာ အနွေးဓာတ်လိုတဲ့အကြောင်း ကဗျာတစ်ပုဒ် ရေးဖွဲ့ သီကုံးခဲ့တယ်။
ဟောဒီဆောင်းဟာလေ
လူတစ်ယောက်အတွက်
မောင်းချဓားတစ်ချောင်းကိုသွားပြီး
သတိရစေနိုင်ရဲ့။
သူမျှော်လင့်ခဲ့တဲ့
မိန်းမတစ်ယောက်ရဲ့ အချစ်အတွက်
သူပေးဆပ်နိုင်တဲ့
အကောင်းဆုံးအရာဟာ
ဒါပဲလားလို့
တွေးမိသူ တစ်ယောက်အဖို့ပေါ့။
ဘဝကို
သီချင်းလုပ်ပြီး ဆိုချင်တဲ့
လူတစ်ယောက် အဖို့မှာလည်း
ဒီလိုလွန်ကဲတဲ့
ဆောင်းညတွေရဲ့ အေးခဲမှုထဲမှာ
အနွေးဓာတ်ဟာ လိုမှာပေါ့။
ကဗျာဆရာ ရေးဖွဲ့ခဲ့သလိုပါပဲ။ ကျနော်တို့အားလုံး အနွေးဓာတ် လိုအပ်ခဲ့ကြပါတယ်။
အနွေးဓာတ်အတွက် ဂုံနီအိတ်ခင်း၊ မီးလင်းဖိုနံဘေးမှာ တိုးဝှေ့ရင်း အနွေးဓာတ်တွေ ရယူခဲ့ကြဖူးတယ်။ မနက်ခင်း နေရောင်ခြည်အောက်မှာ နေဆာလှုံရင်း အနွေးဓာတ်တွေ ရခဲ့ဖူးတယ်။ ဖလန်နယ်လက်ရှည်တွေ လေဘေးအနွေးထည်တွေနဲ့လည်း ဆောင်းဒဏ်ကို အံတုခဲ့ကြသေးတာပေါ့။
အခုလို ဆောင်းဦးပေါက်ရာသီရောက်တိုင်း ဦးကြီးတွေ ဦးလေးတွေ ဝတ်ခဲ့တဲ့ အနွေးထည် တစ်ထည်ကို အမြဲသတိရမိတယ်။
အဲဒီအနွေးထည်က စစ်စိမ်းရောင် ဂျက်ကက်တစ်ထည်ပါပဲ။ ဂျက်ကက်ရဲ့ အမည်မှန်က ဖီးလ်ဂျက်ကက်ဖြစ်ပြီး ကျနော်အပါအဝင် အရပ်ထဲကလူတွေအားလုံးက ဖရီးဂျက်ကက်လို့ပဲ ခေါ်ကြတယ်။
ဒီဂျက်ကက်က ကိုရီးယားစစ်ပွဲ (၁၉၅၃ ခုနှစ်လောက်)အတွင်းမှာ အမေရိကန်တပ်သားတွေ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံ၊ စာနယ်ဇင်းတွေ ကျေးဇူးကြောင့် ရွှေပြည်ကြီးမှာ ခေတ်စားလာခဲ့တာ။ မြန်မာပြည်အတွင်းကိုတော့ ၁၉၇၀ ပြည့်နှစ်တွေလောက်မှ ထိုင်းနိုင်ငံကတဆင့် လမ်းကြောင်းနှစ်သွယ်နဲ့ ဒီဖရီးဂျက်ကက်တွေဝင်ရောက်လာခဲ့တယ်။
အထက်မြန်မာပြည်အတွက် တောင်ကြီးလမ်းကြောင်းက ဝင်ရောက်ခဲ့ပြီး အောက်မြန်မာပြည်အတွက် မော်လမြိုင်လမ်းကြောင်းကနေ ဝင်ရောက်လာတာပါ။ ဘယ်လမ်းကြောင်းကပဲ ဝင်ခဲ့သည်ဖြစ်စေ Made in USA တံဆိပ်နဲ့ ဝင်ခဲ့တာချည်းပါပဲ။
ဖရီးဂျက်ကက်အနွေးထည်တစ်ထည်က ရိုရိုသေသေဝတ်ရင် မျိုးဆက်သုံးဆက်လောက်အထိ ဝတ်လို့ရတယ်။ ကျနော်တို့ အဖိုးတွေ ဝတ်ခဲ့ကြတယ်။ အဲဒီအနွေးထည်ကိုပဲ ဦးကြီး ဘကြီးတွေက လက်ဆင့်ကမ်း ဝတ်ခဲ့ကြတယ်။ အခု ကျနော်တို့ မျိုးဆက်တိုင်အောင် ဝတ်လို့ရတုံး။
အချိန်ကာလ တိုက်စားမှုကြောင့် အရောင်လွင့်သွားတာကလွဲလို့ ဇစ်တွေလည်း ကောင်းတုံး။ နှိပ်သီးတွေကလည်း အကောင်းပကတိရှိတုံး။
အဖိုးလက်ထက်တုံးကတော့ ဖရီးဂျက်ကက်ဟာ ဘုရားပွဲကျောင်းပွဲ သွားမှသာ ထုတ်ဝတ်လေ့ဝတ်ထရှိတဲ့ ထသွားလာသွား ဝတ်စုံ။ ဦးလေးတို့ ဘကြီးတို့ လက်ထက်မှာတော့ ဖရီးဂျက်ကက်အနွေးထည်က ဘုရားပွဲကျောင်းပွဲတင် မကတော့ဘူး။ အလှုပွဲ မင်္ဂလာပွဲတွေမှာပါ ဝတ်ရတဲ့ ပွဲနေပွဲထိုင် အနွေးထည် ဖြစ်လာပါပြီ။ ကျနော်တို့ လက်ထက်မှာတော့ ဖရီးဂျက်ကက်အနွေးထည်က ဆောင်းနံနက်ခင်းတွေကို အံတုဖို့ ကျောင်းဝတ်စုံပေါ်က ထပ်ဝတ်ရတဲ့ အဝတ်အထည် ဖြစ်လာခဲ့ပါတော့တယ်။
ဖရီးဂျက်ကက်ရဲ့ ချုပ်ပုံက ဘယ်ခေတ်ဘယ် အခါမှ မရိုးနိုင်တဲ့ ဒီဇိုင်း။ အပေါ် ဘယ်ညာမှာ အိပ်ကပ်နှစ်ခုပါမယ်။ အောက်မှာလည်း အိပ်ကပ်နှစ်ခုပါမယ်။ အတွင်းမှာ လိုင်နင်သား တစ်ထပ်ပါသေးတော့ တော်ရုံသင့်ရုံ အအေးဒဏ်ကို အံတုနိုင်တယ်။
မြူနှင်းဖွဲဖွဲ ကျနေရင်လည်း ဂုတ်က ဇစ်ကို ဖွင့်ပြီး ခေါင်းစွပ်ထုတ်ဆောင်းလို့ ရသေးတယ်။ ခါးမှာ အကျဉ်းအကျယ် ထိန်းညှိပေးတဲ့ ခါးစည်းကြိုးက ပါသေးတယ်။ နဂိုမူလရည်ရွယ်ရင်းက စစ်မြေပြင်သုံး ဂျက်ကက်အဖြစ် ရည်ရွယ် ထုတ်လုပ်ခဲ့တာဖြစ်လို့ ပခုံးဒေါက်တွေတောင်မှ ပါသေးတယ်။ အင်္ကျီအတွင်းမှာ လိုင်နင်အပါးစ တစ်ထပ်ပါသေးလို့ အတော်အသင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပါတယ်။
ကြေးဇစ်နဲ့ ဒန်ဇစ် နှစ်မျိုးလာပြီး နှစ်မျိုးစလုံး လူကြိုက်များတယ်။ ဖရီးဂျက်ကက် ဝင်ခါစမှာ သံလွင်စိမ်းရောင် ဖြစ်ပြီး အမျိုးသားထုကြီးက နှစ်သက် သဘောကျလှတဲ့ ဂျက်ကက်လည်း ဖြစ်ခဲ့ပါတယ်။
အလယ်တန်းပြ ကျောင်းဆရာတစ်ယောက်ရဲ့လစာ ကျပ် ၁၈၀ ရှိချိန်မှာ ဖရီးဂျက်ကက် အကျီတစ်ထည်ရဲ့ ဈေးနှုန်းက ကျပ် ၂၂၀ ဖြစ်ပါတယ်။ တော်ရုံ လူလတ်တန်းစားတစ်ယောက်အဖို့ ဖရီးဂျက်ကက်တစ်ထည် ဝယ်ဖို့ဆိုတာ အင်မတန် စွန့်စားရတဲ့ ကိစ္စ။ ဒါကြောင့်လည်း ဖရီးဂျက်ကက်အနွေးထည်ကို မျိုးဆက်လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြရတယ်။
ဖရီးဂျက်ကတ်အနွေးထည်ရဲ့ ဒီဇိုင်းက ဘယ်ခေတ် ဘယ်အခါမှ မရိုးနိုင်တဲ့ ဒီဇိုင်း။ ကျနော်တို့ရဲ့ ဦးကြီးတွေ ဦးလေးတွေခေတ်မှာတော့ ဖရီးဂျက်ကက်ရဲ့ အရှိန်ဩဇာက သိပ်ကြီးမားတာပဲ။ ဝတ္ထုတွေ ရုပ်ရှင်ပြဇာတ်တွေမှာ ဖရီးဂျက်ကက်အကြောင်း တခမ်းတနား ထည့်သွင်းဖော်ပြခဲ့ကြတယ်။ ဖရီးဂျက်ကက်ဟာ လူမှုအဆင့်အတန်း ပြယုဂ် ဖြစ်သလို လူကုန်ထံတွေရဲ့ အဆင်တန်ဆာလည်း ဖြစ်ခဲ့တယ်။ ဘဝမှာ ဖရီးဂျက်ကက်တစ်ထည်တောင် ပိုင်ဆိုင်ခွင့် မရခဲ့ကြသူတွေရှိတယ်။
ကျွန်တော့ ဦးကြီးဘကြီးတွေကတော့ အဖိုးဝတ်ခဲ့တဲ့ ဖရီးဂျက်ကက်နဲ့ စတိုင်လ်ထုတ်ပြီး ဟန်ဓာတ်ခုတ်ခဲ့ကြသူတွေပေါ့။ ဖရီးဂျက် ကက်နဲ့ တွဲဖက်ဝတ်ဆင်ကြတာက မလေးရှားပုဆိုး။
ကျနော်တို့ခေတ်အထိ ဖရီးဂျက်ကက်တွေရဲ့ အရှိန်ဩဇာက ကျမသွားသေးဘူး။ ဖရီးဂျက်ကက်မှာ ပါတဲ့ အကျီအတွင်းဘက် ဂုတ်က အမှတ်တံဆိပ်ကို ကျနော်ကောင်းကောင်း မမှတ်မိပေမဲ့ အမှတ်တံဆိပ်အောက်ခြေက ထင်ထင်ရှားရှား စာတမ်းလေးကိုတော့ ကျနော် အခုထိ မှတ်မိနေသေးတယ်။ DO NOT REMOVE THIS LABLE. အဓိပ္ပါယ်က ဤတံဆိပ်ကို မခွာပါနဲ့ တဲ့။
ခေတ်တွေ စနစ်တွေလည်း အလီလီပြောင်းခဲ့ပါပြီ။ အခုတော့ ဖရီးဂျက်ကက်တစ်ထည် ဝယ်မယ်ဆိုရင်လည်း ကျနော်ဝယ်လို့ရပါပြီ။ ဒါပေမဲ့ ဦးလေးတွေ ဘကြီးတွေ ကြီးစဉ်ငယ်လိုက်ဝတ်ခဲ့တဲ့ အဖိုးရဲ့ ဖရီးဂျက်ကက်ကိုပဲ ကျနော်ဝတ်ချင်နေမိတယ်။
ကိုယ့်အဖြစ်ကိုယ်တွေးပြီး ကျနော် မလုံမလဲ ပြုံးမိသေးတယ်။
ကျနော်ကိုယ်တိုင်ကရော စာရေးဆရာနေဝင်းမြင့်ရဲ့ နက်စ်ကာဖီ ဝတ္ထုထဲက ဇီးချဥ်ကုန်းရွာသား ကိုအီကွန်းရဲ့ ကာဖီဖောက်သည် ချန်ထွန်းအောင်များ ဖြစ်နေပြီလား။ အိုဗာတင်းတွေ ဟောလစ်တွေ မိုင်လိုတွေ အောတိုက်ရနေတဲ့ခေတ်ရောက်နေသည့်တိုင် သောက်ခဲ့ဖူးတဲ့ နက်စ်ကာဖီလေးကို မစွန့်လွှတ်နိုင်သူတစ်ယောက်။
ဘာပဲဖြစ်ဖြစ် အချမ်းဓာတ်ပိုလာရင် ဦးကြီးတွေ ဘကြီးတွေဆီ အလည်သွားမယ်။ အဖိုးချွေးနှဲစာနဲ့ ဝယ်ခဲ့ပြီး အမြတ်တနိုး တန်ဖိုးထားဝတ်ခဲ့တဲ့ (အရောင်လွင့်နေပြီဖြစ်တဲ့) ဖရီးဂျက်ကက်လေး မျိုးဆက်အမွေအဖြစ် လက်ဆင့်ကမ်းတောင်းယူခဲ့မယ်။ လူဆိုတာ အနွေးဓာတ် လိုတယ်မဟုတ်လား။
မီးခိုးမြူ
The Tanintharyi Times
