ပြည်တော်ဝင်
ပြည်တော်ဝင်
ဟို…
တောင်ရိုးပေါ်က
အောက်ချင်းငှက်တွေရဲ့ ကျူးရင့် တိုက်ပွဲခေါ်သံတွေ
ရဲရဲနီတဲ့ တောင်ဇလပ်ပန်းတွေကို နေပြည်တော်အထိ ခင်းပြီး
ပြည်တော်ဝင်မယ်။
ခေတ်အဆက်ဆက် အာဏာရှင်တွေကို တော်လှန်ဝံ့သူတို့ရဲ့
ရာဇဝင်များရဲ့ သတို့သမီး
မြစ်ဆုံက မြေဇာပုံကို ဖြိုချပြီး စီးဆင်းလာမယ့် ဧရာဝတီ
နေပြည်တော်မှာ မနောတိုင်နဲ့ အောင်လံစိုက်လို့
ပြည်တော်ဝင်မယ်။
ဂရမ်မာလှေလေးပေါ်က ရဲဘော်ချေနဲ့ တော်လှန်ရေးတပ်သားတွေ
ပြည်တော်ဝင်ခဲ့ကြသလိုမျိုး
သလ္လာဝတီ ချင်းတွင်းမြစ်ရိုးတလျှောက်က
တော်လှန်ရေးတပ်သားတွေ
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
သခင်ဘိုးလှကြီးတိုင်းဒေသက တော်လှန်ရေးတပ်သားတွေ
အောက်ပြည်အောက်ရွာက တော်လှန်ရေးတပ်သားတွေ
ဟုန်းဟုန်းတောက်နေတဲ့ ကြွေးကြော်သံတွေနဲ့
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
နန်းတွင်းထဲက စစ်ခွေးပါးကွက်သားတွေကို
လူထုကမ္မဝါစာနဲ့ မောင်းထုတ်ပြီးတဲ့အခါ
ကျုံးမြို့ရိုးကြီးပေါ်မှာ အောင်လံထူပြီးတဲ့အခါ
တော်လှန်တေးနဲ့ မန္တလေးကို ဆေးကြောသန့်စင်ပြီးတဲ့အခါ
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
စည်ကြီးတီးသံတွေ ဘဝဂ်တုန်အောင်ဟိန်းလို့
ဇွဲကပင်တောင်ပေါ်က တိုက်ပွဲခေါ်သံတွေ
ဇွဲမလျော့တဲ့ တော်လှန်ရေးတပ်သားတွေ
ဒုံးယိမ်းအက အလှနဲ့ တော်လှန်သူ လုံမပျိုတွေပါမကျန်
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
ရှမ်းရိုးမတောင်တန်းတွေပေါ်က
မြင်းရိုင်းတွေရဲ့ ခွာသံလို
ဆင်းချလာတဲ့ တောင်ကျရေတွေလို တော်လှန်ရေးတပ်သားတွေ
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
ကစ္ဆပနဒီရဲ့ သမိုင်း
အာဏာရှင်အရိုင်းတွေကို မောင်းထုတ်ကြရင်းနဲ့
ရခိုင်ရိုးမပေါ်က တော်လှန်ရေးတပ်သားတွေ
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
အာဏာရှင်အောက် နစ်မွန်းနေတဲ့ ဘဝက ရုန်းထလာတဲ့
မွန်ပြည်နယ်က ဟင်္သာပြဒါးလို တော်လှန်ရေးတပ်သားတွေ
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
ကိုကိုးကျွန်းမှာ အောင်လံထူပြီးတဲ့အခါ
ဝိတိုရိယအငူမှာ အောင်လံထူပြီးတဲ့အခါ
တောင်ဘက်အစွန်ဆုံးဒေသ
တနင်္သာရီတိုင်းကနေ ဆန်တက်လာတဲ့အခါ
ရန်ကုန်မြစ်ဝကနေ ဆန်တက်လာတဲ့အခါ
အကျဉ်းစံခံခဲ့ရတဲ့
တော်လှန်ရေးသမားတွေကို ဂုဏ်ပြုဦးညွှတ်ရင်း
ပုဂံမှာ အောင်မြေနင်းလို့
နေပြည်တော်မှာ ပြည်တော်ဝင်မယ်။
ပြည်တော်ဝင်တဲ့အခါ…
အရေးတော်ပုံမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး
နိုင်ငံတော်သီချင်းနဲ့ထပ်တူ ဂုဏ်ပြုဦးညွှတ်မယ်
တောင်တန်းဒေသနဲ့ ပြည်မ မြေပြန့် မခွဲခြား
ပေါင်းစည်းအားနဲ့ တော်လှန်ရေးတပ်သားတွေ
အာဏာရှင်စနစ်ဆိုးကို တော်လှန်ရေးလှိုင်းနဲ့ ဖြိုချပစ်
ပြီးတဲ့အခါ…
မြစ်တွေ ပင်လယ်မှာ ပေါင်းဆုံသလိုမျိုး
နေပြည်တော်မှာ ပေါင်းဆုံလို့
ဖက်ဒရယ်ဒီမိုကရေစီ အုတ်မြစ်ချကြစို့
…….
ပြည်တော်ဝင်မယ်။။
နေချိုသွေး
The Tanintharyi Times
