၁၆ ရက်တာ လှုပ်ရှားမှုမှသည် လိင်အကြမ်းဖက်မှုကင်းသော လူ့အဖွဲ့အစည်းဆီသို့
၁၆ ရက်တာ လှုပ်ရှားမှုမှသည် လိင်အကြမ်းဖက်မှုကင်းသော လူ့အဖွဲ့အစည်းဆီသို့
အတွေးအခေါ်တော်လှန်ရေးလို့ ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတဲ့ နွေဦးတော်လှန်ရေးကာလမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရတဲ့ သူတွေကို ထုတ်ဖော်ပြောဆိုဖို့ တိုက်တွန်းတာတွေ ခဏခဏ ကြားလာရပါတယ်။ အကျူးလွန်ခံရသူက ထုတ်ဖော်ပြောရဲမှ နောက်ဆက်တွဲ တရားဥပဒေအရ အရေးယူတာကို ဆက်လက်လုပ်ဆောင်နိုင်ပါမယ်။
တကယ့်လက်တွေ့မှာရော။ အကျူးလွန်ခံရတဲ့ အမျိုးသမီးတွေဟာ သတ္တိရှိရှိ ထုတ်ဖော်ပြောရဲကြပါသလား။ ဖိုဝါဒ ကြီးစိုးလွှမ်းမိုးတဲ့ လူမှုအဝန်းအဝိုင်းမှာ လိင်အကြမ်းဖက်ခံရတာကို ထုတ်ပြောဖို့ဆိုတာ အတော်လေး ခဲယဉ်းပါတယ်။ မိန်းကလေးဆိုရင် အရှက်အကြောက် ကြီးရမယ်ဆိုတဲ့ ဓလေ့ထုံးစံရဲ့ အသွန်အသင်အောက်မှာ ကြီးပြင်းလာရသူတွေက အများသား မဟုတ်လား။
လိင်အကြမ်းဖက်ခံရတယ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် ဘဝတလျှောက်လုံး ကသောင်းကနင်း ဖြစ်သွားတဲ့အထိ အဆိုးရွားဆုံး စိတ်ဒဏ်ရာတွေ ရသွားစေနိုင်ပါတယ်။ ဒီစိတ်ဒဏ်ရာတွေ သက်သာအောင် ဝိုင်းဝန်းဖေးမကြရမယ့်အစား အပြစ်တင်လက်ညှိုးထိုးမှုတွေက ပိုများနေတတ်တယ်။
ကျွန်မတို့ အဝန်းအဝိုင်းရဲ့ အတွေးအခေါ်ဓလေ့မှာကိုက လိင်အကြမ်းဖက်မှု တခုခု ဖြစ်လာရင် ကျူးလွန်သူအမျိုးသားကို အပြစ်တင်ဖို့ အရင်မစဉ်းစားကြပဲ အကျူးလွန်ခံရတဲ့ မိန်းကလေးကိုပဲ အသွားမတော်တာ၊ အဝတ်မတော်တာတွေနဲ့ ဝိုင်းအပြစ်တင်ကြတာက အရင်ပါ။ အပြစ်ရှိသူကို ဝန်းကျင်က ဖယ်ကျဉ်ကြရမယ့်အစား အစော်ကားခံရသူကိုပဲ ရှောင်ဖယ်တတ်ကြတယ်။
မိအေးနှစ်ခါနာ ဖြစ်မှာစိုးလို့ အကျူးလွန်ခံလိုက်ရတဲ့ မိန်းကလေးတွေဟာ ဘာမှမပြောရဲ မလုပ်ရဲတော့ပဲ အသံတိတ်နေလိုက်ကြရတာက များပါတယ်။ အသိပညာ ဗဟုသုတ နည်းပါးတဲ့ အမျိုးသမီးတွေ မဆိုထားနဲ့။ ပညာတတ် အမျိုးသမီးတွေတောင် ထုတ်ဖော်ပြောဖို့၊ တရားစွဲဆိုဖို့ဆိုတာ အခက်အခဲမျိုးစုံ ကြုံရပါတယ်။
ဖိုဝါဒ ခိုင်မာအားကောင်းတဲ့ အဝန်းအဝိုင်း ဖြစ်လေလေ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ များလေလေပါပဲ။ လိင်အကြမ်းဖက်မှုတွေဟာ နေရာတကာမှာ ဖြစ်ပွားနေပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ အကျူးလွန်ခံကြရပေမယ့် ဓလေ့ထုံးစံရဲ့ ကွပ်ညှပ်မှုအရရော၊ ပတ်ဝန်းကျင်က ဝေဖန်အပြစ်တင်တာကို ရင်ဆိုင်ရမှာ စိုးရွံ့တာရော၊ ပြောလိုက်ရင် ကျရောက်လာမယ့် အန္တရာယ်ကို စိုးကြောက်တာရော ပေါင်းပြီး ထုတ်ဖော်မပြောရဲကြပဲ တိတ်တိတ်လေးနေလိုက်ရတာက များပါတယ်။
အထူးသဖြင့် ကျူးလွန်သူက ဩဇာအာဏာကြီးသူမျိုးဆိုရင် ဖွင့်ပြောလိုက်တာနဲ့ အန္တရာယ်က ကိုယ့်အပေါ် ကျရောက်လာတော့မှာပါ။ ဒါကို နွေဦးဆရာတော်ဆိုသူရဲ့ မိန်းကလေးတွေပေါ် လိင်အမြတ်ထုတ်တဲ့ အဖြစ်ကိုကြည့်ရင် သိနိုင်ပါတယ်။ သူက သင်္ကန်းဝတ်နာမည်ကြီးမို့ အကျူးလွန်ခံရတဲ့ မိန်းကလေးတွေက သက်သေအထောက်အထားနဲ့ ပြောကြတာတောင် သူ့ဘက်ကိုရပ်တည် ဝန်းရံပေးကြသူတွေက အတော့်ကိုများပါတယ်။ မိန်းကလေးတွေခမျာ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခံရတာ၊ ခြိမ်းခြောက်ခံရတာတွေကို နည်းလမ်းပေါင်းစုံ ခံစားကြရရှာတယ်။
ဖေးမကူညီသူတွေရှိပေမယ့် ခြိမ်းခြောက်တိုက်ခိုက်တာတွေက ပိုများနေသလိုပါပဲ။ ဒီလိုအတိုက်အခိုက်ပေါင်းများစွာထဲကပဲ အမှန်တရားကို ထုတ်ဖော်ပြောရဲတဲ့ အဲဒီမိန်းကလေးတွေရဲ့ စိတ်ဓါတ်သတ္တိကတော့ တကယ်ကို ချီးကျူးအားကျစရာပါ။
အကျူးလွန်ခံရသူက သတ္တိရှိရှိ ထုတ်ဖော်ပြောကြားမှ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူတာ၊ နောက်ထပ်ပြစ်မှုတွေ မကျူးလွန်ရဲတော့အောင် ဝိုင်းဝန်းပြီး လူမှုပြစ်ဒဏ် ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါမယ်။
ကျူးလွန်သူက ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးခံရမှ လိင်အကြမ်းဖက်မှုတွေ လျော့ပါးပျောက်ကွယ်သွားနိုင်မှာပါ။ လိင်အကြမ်းဖက်မှုတွေကို ထုတ်ဖော်ပြောဆိုတာဟာ ရှက်စရာမဟုတ်ပါဘူး။ လိင်အကြမ်းဖက်မှုကို ကျူးလွန်သူကသာ ရှက်စရာဖြစ်ပါတယ်။
လိင်အကြမ်းဖက်မှုကို အမျိုးသမီးတွေတင်မက အမျိုးသားတွေလည်း အကျူးလွန်ခံကြရပါတယ်။ ဒါပေမယ့် ကျွန်မတို့ လူ့အဖွဲ့အစည်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ချေ ပိုများပါတယ်။ အထူးသဖြင့် ဖိုဝါဒကြီးစိုးတဲ့ အသိုင်းအဝိုင်းမှာ အမျိုးသမီးတွေကို လိင်သားကောင်အဖြစ် သတ်မှတ်ထားမှုက ထုတ်ဖော်မပြောရင်တောင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေခဲ့တာပါ။
ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးဦးရေရဲ့ သုံးပုံတစ်ပုံက ကျား၊မ အခြေပြု အကြမ်းဖက်မှုကို တသက်မှာ အနည်းဆုံး တစ်ခါတော့ ခံရဖူးတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ မြန်မာပြည်မှာတော့ အကြမ်းဖက်စစ်တပ်က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ မုဒိန်းကျင့်တာကို စစ်လက်နက်တခုလို အသုံးပြုနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။
စစ်အာဏာသိမ်းဖို့ ကြိုးစားခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ အောက်တိုဘာလကုန်အထိ အကြမ်းဖက်စစ်တပ်က ပြည်သူပေါင်း ၂၂၃ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ ဒါက စုဆောင်းထားရှိနိုင်တဲ့ မှတ်တမ်းမှတ်ရာတွေသာဖြစ်ပြီး တကယ့်မြေပြင်မှာ ထုတ်ဖော်မပြောရဲပဲ နှုတ်ဆိတ်နေရတဲ့ အဖြစ်အပျက်တွေ ဘယ်လောက်အထိ ရှိနေလိမ့်ဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်ထဲမှာလည်း လိင်အကြမ်းဖက်မှုကျူးလွန်တဲ့ အဖြစ်အပျက်တွေ ရှိနေပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ လိင်အမြတ်ထုတ်မှုဆိုတာ ပြစ်မှုဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေတာမို့လို့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုလို့ မရပါဘူး။ အပြစ်ကျူးလွန်ထားရင် ထိုက်သင့်တဲ့ အပြစ်ဒဏ် ကျခံစေရမှာပဲ ဖြစ်ပါတယ်။
စနစ်ဆိုးကနေ စနစ်ကောင်းတခုကို ပြောင်းလဲချင်တယ်ဆိုရင် မိမိတို့ရဲ့အတွင်းစိတ်သဘောကိုလည်း ပြုပြင်ပြောင်းလဲဖို့ အရေးကြီးပါတယ်။ မိမိတို့ရဲ့ မှားယွင်းတိမ်းစောင်းနေတဲ့ လူမှုအကျင့်ဓလေ့တွေ၊ လက်ခံကျင့်သုံးမှုတွေကို သတ္တိရှိရှိ ပြောင်းလဲဖို့ လိုပါတယ်။
အသံတိတ်နေရတဲ့ အကြမ်းဖက်မှု ထိပါးစော်ကားမှုတွေ များနေတဲ့ နေရာမှာ လွတ်လပ်မှု တရားမျှတမှုတွေနဲ့ ပြည့်စုံပြီး လူ့အခွင့်အရေးနဲ့အညီ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းကောင်းတခု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ ဖြစ်ပါတယ်။
နှုတ်နဲ့ဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာဖြစ်စေ တဖက်လူက ကြိုဆိုလက်ခံ လိုလားခြင်း မရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူအားလုံးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ လိင်အကြမ်းဖက်မှုလို့ပဲ သတ်မှတ်ရပါတယ်။
ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပတ်ဝန်းကျင်က ပြတ်ပြတ်သားသား ဖယ်ကျဉ်အရေးယူကြရအောင်ပါ။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတွေကို ကျူးလွန်တဲ့ပြစ်မှုအလျောက် တရားဥပဒေနဲ့အညီ အရေးယူအပြစ်ပေးရမှာ ဖြစ်သလို လူမှုအသိုက်အဝန်းအနေနဲ့ လူမှုပြစ်ဒဏ် (Social Punishment) လည်း ပြုလုပ်ကြဖို့လည်း အရေးကြီးပါတယ်။
ကမ္ဘာပေါ်မှာ “အမျိုးသမီးများအပေါ် ကျား၊မအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး” လှုပ်ရှားမှုမျိုးစုံ လုပ်ဆောင်နေကြပါပြီ။
အမျိုးသမီးတွေအတွက် အကြီးမားဆုံး လှုပ်ရှားမှုတစ်ခုကတော့ နိုဝင်ဘာ ၂၅ ရက်နေ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” ကနေ ဒီဇင်ဘာ ၁၀ ရက်နေ့ “ကမ္ဘာ့လူ့အခွင့်အရေးနေ့” အထိ ၁၆ ရက်ကြာတဲ့ လှုပ်ရှားမှုကြီးပါ။ အဲဒီလှုပ်ရှားမှုကို ၁၆ ရက်တာ လှုပ်ရှားမှုလို့လည်း ခေါ်ကြပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှု လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကြီး ၃ ခု ရှိပါတယ်။
(၁) အမျိုသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေအပေါ် ကျား၊မအခြေပြု အကြမ်းဖက်မှု အမြန်ဆုံး ရပ်တန့်စေဖို့၊
(၂) ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကနေ အသက်ရှင်ကျန်နေတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့၊
(၃) အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် မဟာမိတ်တွေအဖြစ် လူတိုင်းပါဝင်ဖို့ စတာတွေပဲ ဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာ ၁၆ ရက်တာ လှုပ်ရှားမှုကြီးကို လုပ်ဆောင်ကြသလို မြန်မာနိုင်ငံမှာလည်း ကျင်းပပြုလုပ်ကြပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ဥပဒေ၊ ဂျန်ဒါ၊ လိင်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု၊ လိင်အမြတ်ထုတ်မှု စတဲ့အကြောင်းအရာတွေ ပညာပေးဟောပြောတာမျိုးတွေကို လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
ကျား/မရေးရာအခြေပြုအကြမ်းဖက်မှု ဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ “Invest to Prevent Violence Against Women and Girls” “အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကာကွယ်ဖို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်စို့” ဖြစ်ပါတယ်။
မိမိတို့နိုင်ငံမှာ စနစ်ကောင်းတစ်ခု လည်ပတ်နိုင်ဖို့အတွက် မိမိတို့ရဲ့ အချိန်၊ လုပ်အားနဲ့ ဉာဏ်ပညာတွေကို အရင်းအနှီးထည့်ဝင်ဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ရှိခဲ့မယ်ဆိုရင် မျှတမှန်ကန်တဲ့ တရားစီရင်ရေးစနစ်၊ စည်းနှောင်အားကောင်းတဲ့ တရားဥပဒေတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်မှာဖြစ်သလို ကျူးလွန်သူတွေကိုလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးနိုင်မှာပါ။ ဒီလိုဆိုရင် လိင်အကြမ်းဖက်မှုတွေလည်း ကင်းစင်ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါ့အပြင် လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ အရင်က လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အတွေးအခေါ် အပြုအမူ ပြောဆိုမှုတွေ မှားယွင်းနေခဲ့တယ်ဆိုရင် အမှန်ဘက်ကို သတ္တိရှိရှိ ပြောင်းလဲပစ်ဖို့ အရေးကြီးပါတယ်။

လိင်အကြမ်းဖက်စော်ကားမှုတစ်ခုအကြောင်း ကြားရတဲ့အခါ အကျူးလွန်ခံရသူ မိန်းကလေးကို ဝေဖန်ပြစ်တင်တာမျိုး မလုပ်မိဖို့ အထူးသတိထားကြရပါမယ်။ ကူညီဖေးမမှု၊ စာနာနားလည်မှုတွေကို ပြသကြရပါမယ်။ ဒါမှသာ အကျူးလွန်ခံရသူတွေက သတ္တိရှိရှိနဲ့ ထုတ်ဖော်ပြောရဲလာမှာဖြစ်ပြီး တရားရေးမဏ္ဍိုင်ရှေ့မှောက်ကို ရောက်လာနိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အကျူးလွန်ခံရတဲ့အခါမျိုးမှာလည်း ထုတ်ဖော်ပြောရဲဖို့ သတ္တိမွေးကြရပါမယ်။
မိမိတို့ ထည့်ဝင်ရမယ့် အတွေးအခေါ် အရင်းအနှီး၊ လုပ်ရပ် အရင်းအနှီးတွေကို ကောင်းမွန်စွာ ထည့်ဝင်မြှုပ်နှံကြမယ်ဆိုရင် လိင်အကြမ်းဖက်မှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှုတွေ မရှိတော့ပဲ တန်းတူညီမျှ နေထိုင်နိုင်တဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။
ငြိမ်းပန်
The Tanintharyi Times
