တစ်ဖက်က စစ်ပြင်၊ တစ်ဖက်က အားဖြည့်နေတဲ့ မွန်-တနင်္သာရီ
တစ်ဖက်က စစ်ပြင်၊ တစ်ဖက်က အားဖြည့်နေတဲ့ မွန်-တနင်္သာရီ
မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြား အမှတ် (၈) ပြည်ထောင်စုလမ်းမ ရေး-ထားဝယ်လမ်းပေါ်မှာ နယ်မြေစိုးမိုးမှု ရယူထားတဲ့ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို ပြည်သူတွေ မှတ်မှတ်ရရရှိကြပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီတပ်ကို မကြာခဏဆိုသလို အထိနာစေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေထဲက တပ်ပေါင်းစုတစ်ခု ဖြစ်နေလို့ပါ။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အပါအဝင် မွန်လူမျိုးစု၊ ဗမာလူမျိုးစု၊ ကရင်လူမျိုးစု စတဲ့ မတူညီတဲ့ လူမျိုးစုအခြေပြု ဒေသအခြေပြု တပ်ဖွဲ့တွေကြား ပေါင်းစပ်ထားတဲ့ မြန်မာပြည်တောင်ပိုင်းရဲ့ အထူးခြားဆုံး တပ်ပေါင်းစုတစ်ခု အဖြစ် သုံးသပ်သူတွေက ရှုမြင်ပါတယ်။
ဒါပေမယ့် ဒီပူးပေါင်းတပ်ဟာ အခုဆိုရင် တိုက်ပွဲမဖော်ဆောင်နိုင်တာ အချိန် ၂ လကျော်ပါပြီ။
“လက်ရှိ စစ်အေးကာလဖြစ်နေတယ်လို့” လို့ ရဲဘော် တလနိုင်က ပြောပါတယ်။
ရဲဘော် တလနိုင်ဟာ ပူးပေါင်းမဟာမိတ်တပ်မှာပါတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။
တိုက်ပွဲ မဖော်နိုင်တဲ့ အကြောင်းအရင်း
ရဲဘော် တလနိုင်ကတော့ စစ်ဆင်ရေး မဖော်ဆောင်နိုင်သေးတဲ့ အကြောင်းအရင်း ၃ ချက်ကို ပြောပါတယ်။
မိုးတွင်းကာလ ရာသီဥတုကြောင့် လမ်းပန်းဆက်သွယ်ရေး သွားလာရခက်ခဲတာ၊ ပြန်ဖြည့်ရမယ့် လက်နက်ခဲယမ်းတွေ လုံလုံလောက်လောက် မရှိသေးတာ၊ တပ်သားသစ်တွေကို စစ်သင်တန်းပို့ရတာ စတဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေရတဲ့ ကာလလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အမိန့်ကြောင့် ရဲဘော် တလနိုင်တို့ MSRF တပ် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေမှာ ရှိရင်းစွဲ တပ်သားအင်အားထက် တပ်သားသစ် ထက်ဝက်လောက် တိုးလာခဲ့တာပါ။
ဒါက တော်လှန်ရေးအတွက် ဝမ်းမြောက်ဖွယ်ရာအင်အားလို့ ရှုမြင်သူတွေ ရှိပေမယ့် လတ်တလော စစ်သင်တန်းပေးဖို့၊ စစ်ဝတ်စုံဆင်မြန်းပေးနိုင်ဖို့၊ စားဝတ်နေရေး စီစဉ်ပေးဖို့၊ သင်တန်းပြီးသွားရင် စစ်လက်နက် တပ်ဆင်ပေးဖို့ဟာ တပ်တွေအတွက် ခေါင်းခဲစရာ စိန်ခေါ်ချက် ဖြစ်ပါတယ်။
တပ်သားတဦးချင်းစီအတွက် တိုက်ပွဲအတွင်း အသက် လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ရာ စစ်ဝတ်စုံ အစိတ်အပိုင်းတွေဖြစ်တဲ့ စစ်ဦးထုပ်၊ ကျည်ကာအင်္ကျီ၊ စစ်ဖိနပ်တွေရဲ့ တန်ဖိုးဟာ ထိုင်းဘတ်ငွေ ၁ သောင်းနီးပါး၊ လတ်တလော မြန်မာကျပ်ငွေအားဖြင့် ၁၅ သိန်းနဲ့ သိန်း ၂၀ ကြား ရှိနေပါတယ်။
ဒီလိုအရာမျိုးတွေကို ဖြည့်ဆည်းနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြင်ဆင်နေရချိန်မှာ မြန်မာပြည်မြောက်ပိုင်းမှာ စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ တောင်ဘက်ပိုင်းကို အင်အားဖြည့်တင်း လာနေပါတယ်။
စစ်ကောင်စီ အင်အား ဖြည့်တင်းလာနေတဲ့ မွန်-တနင်္သာရီ
မွန်ပြည်နယ်၊ သံဖြူဇရပ်ကနေ တနင်္သာရီတိုင်း၊ ရေဖြူ-ထားဝယ်အထိ စစ်ကောင်စီ စစ်ကြောင်းတွေ အင်အားများလာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အတည်ပြုပါတယ်။
“အခုမြင်တွေ့နေရတဲ့ အင်အားဆိုလို့ရှိရင်တော့ ဒါတွေက မယုံနိုင်စရာ အင်အားလို့တောင် ပြောလို့ရတယ်၊ စစ်ကောင်စီဘက်က အင်အား အရမ်းကို ကြီးမားလာတယ်၊ မွန်ပြည်နယ်ထဲမှာ အာဏာသိမ်းပြီးကတည်းက ကျနော်တို့တော်လှန်ရေး လုပ်လာခဲ့တာ ဒီလောက်အင်အားရှိတာ မမြင်ဖူးသေးဘူး” လို့ ရေးမြို့နယ် မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပြပါတယ်။
အကွာအဝေးအားဖြင့် မိုင် ၁၅၀ ဝန်းကျင်ရှိတဲ့ သံဖြူဇရပ် – ထားဝယ် ကားလမ်းပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ပေါင်းများစွာ ရှိနေပေမယ့် ရေးမြောက်ပိုင်းရှိ ကျေးရွာတွေမှာတော့ အင်အားရာချီတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ တပ်စွဲထားဆဲ အခြေအနေလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကုန်းလမ်းနဲ့ ခရီးသွားလာတာတွေ အတွေ့ရနည်းလာပေမယ့် ရေတပ်ကို အသုံးပြုပြီး ပင်လယ်ရေကြောင်းလမ်းနဲ့ တပ်အပြောင်းအရွှေ့လုပ်ဆောင်နေတာလို့လည်း တော်လှန်ရေးတပ်တွေဘက်က အတည်ပြုပါတယ်။
“မြဝတီကို ထိုးနေတဲ့ အောင်ဇေယျစစ်ကြောင်းက ဟိုဘက်ကို ရုတ်ပြီးတော့ ဒီဘက်ကို လာပြန်ပို့တယ်ပေါ့နော်၊ ရေး-ထားဝယ်ဘက်ကို အောင်ဇေယျစစ်ကြောင်းက ရောက်လာတယ်လို့ ကြားတယ်” လို့ ရဲဘော် တလနိုင်က ပြောပြပါတယ်။
အောင်ဇေယျစစ်ကြောင်းဆိုတာ အာဏာသိမ်း ဒု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးဆောင်ကွပ်ကဲခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး မော်လမြိုင်နဲ့ ဘားအံကနေ မြဝတီမြို့ကို ချီတက်ခဲ့တဲ့အခါ ၄ လနီးပါး ကြာတဲ့အထိ ဒေါနတောင်ကို မကျော်နိုင်လို့ တပ်ဆုတ်လာရတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
ဒီလိုတပ်ဆုတ်လာရတဲ့ အကြောင်းရင်းခံကတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ပါ။
အင်အား ထောင်ချီ ပါတယ်လို့ ပြောနေကြတဲ့ အောင်ဇေယျစစ်ကြောင်းဟာ သေဆုံးသူနဲ့ လက်နက်ချအလင်းဝင်သူ စုစုပေါင်း ၅၀၀ လောက်ရှိနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ခန့်မှန်းပြောဆိုချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။
မွန်-တနင်္သာရီဘက်ကို ဆုတ်ခွာလာတဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်အင်အား အရေအတွက် အတိအကျကိုတော့ မသိရှိရသေးပါဘူး။
ဒါပေမယ့် ထားဝယ်လမ်းတကြောကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့ရာ စီမံချက်နဲ့ လုပ်ဆောင်နေခြင်းသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာနေသူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။
“ကံပေါက် မောရဝတီရေတပ်မှာ အင်အားဖြည့်တာလည်း ဖြစ်နိုင်တာပေါ့၊ ကျမတို့ တွေ့ရသလောက်ဆိုလို့ရှိရင် အဲဒီမောရဝတီက ပြည်သူတွေကို ဖမ်းတာဆီးတာ၊ အကြီးအကျယ် ဒုက္ခပေးနေတာရှိတယ်၊ သူတို့ (စစ်ကောင်စီ) ထားဝယ်လမ်းကို ထိန်းချုပ်သွားနိုင်ရင်တော့ ပြည်သူတွေလည်း ဒီထက် ပိုခက်သွားမယ် ထင်တယ်” လို့ အဲဒီအမျိုးသမီးက သူ့ယူဆချက်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရေတပ်ဌာနချုပ် ၄ ခုထဲက တစ်ခုဖြစ်တဲ့ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်က မောရဝတီရေတပ်ဟာ ပတ်ဝန်းကျင် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မောရဝတီရေတပ်ရဲ့ လက်နက်ကြီးဟာ ရာဖူးရွာသစ်ရှိ နေအိမ်တလုံးပေါ် ကျရောက်ခဲ့တာကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် အဖေ၊ အမေ၊ ၁၀ နှစ်အရွယ်သားဖြစ်သူ စတဲ့ မိသားစုဝင် ၄ ဦးစလုံး သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာတော့ မောရဝတီရေတပ်ဟာ ကံပေါက်တိုက်နယ်ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့ထားတာ၊ ကျေးရွာနေဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက်တာ၊ ဆေးဝါးဝယ်ယူမှုတွေကအစ တားမြစ်တာတွေကို လုပ်ဆောင်နေကြောင်း ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြနေပါတယ်။
ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုလုပ်ဆောင်လာနေတဲ့ မောရဝတီရေတပ်၊ ရေလမ်းကနေ တပ်ဖွဲ့ဝင်အင်အားတွေ တိုးချဲ့လာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကြားမှာ တော်လှန်ရေးအင်အားစုတွေ အချိန်မီ မဟန့်တားနိုင်ရင်တော့ ပြီးခဲ့တဲ့ ၂ လက တိုက်ပွဲကြောင့် စစ်ရှောင်ရတဲ့ပြည်သူတွေ အိမ်ပြန်နိုင်ဖို့ကလည်း အလှမ်းဝေးနေဆဲလို့ နိုင်ငံရေးသုံးသပ်သူ အမျိုးသမီးက ပြောပါတယ်။
နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်ပြည်သူတွေ
ရေဖြူမြို့နယ်ရှိ ရာဖူးသစ်၊ မျောက်ချော စတဲ့ ကျေးရွာဒေသခံတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ကနေ ထွက်ပြေးခဲ့ရပြီး တချို့သူတွေကတော့ ပြန်စရာနေအိမ်မရှိတော့ဘူးလို့ ဆိုကြပါတယ်။
“လေယာဉ်က ဗုံးလာကြဲတာ၊ ရေတပ်ကပစ်တဲ့ အမြှောက်တွေကတော့ ရွာတွေထဲကို ကျတယ်၊ ကျနော်တို့ ခွာစစ်ပြန်ဆင်တဲ့အချိန်မှာ စစ်ကောင်စီစစ်ကြောင်းတွေက ရွာထဲကို ပြန်ဝင်လာတယ်၊ ရွာထဲမှာ ရမ်းသမ်းပစ် သေနတ်တွေ ပစ်ဖောက်တာ ရှိတယ်၊ အိမ်တွေကို မီးရှို့သွားတာ ရှိတယ်၊ အိမ်ဖောက်တယ် ပစ္စည်းတွေ ယူသွားတယ်၊ ရွေးချယ်စရာ ထိုင်းကိုရောက်သွားတယ်” လို့ ဇွန်လက အခြေအနေကို MSRF စစ်ဆင်ရေးမှူးက ပြောပါတယ်။
မျောက်ချောကျေးရွာဒေသခံ အမျိုးသမီးတဦးကတော့ အွန်လိုင်းကနေ အဆက်အသွယ်ရတဲ့သူတွေက ထိုင်းနယ်စပ်ကို ရောက်သွားကြပြီး အဆက်အသွယ်ပြတ်နေတဲ့ ဆွေမျိုးသားချင်းတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
အဲဒီရေဖြူစစ်ရှောင်တွေထဲက နေအိမ်မီးရှို့ခံရလို့ ပြန်စရာနေရာမရှိတော့တဲ့ ပြည်သူ ၇၀ လောက်ဟာ ထိုင်းနယ်စပ်၊ ခလော့ဂနီမွန်ဒုက္ခသည်စခန်းမှာ ရှိနေကြပြီး ရေရှည်မှာ သူတို့ရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ မွန်အခြေစိုက် IMNA သတင်းက ဖော်ပြပါတယ်။
မွန်-တနင်္သာရီ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ ခြေလှမ်း
ဩဂုတ် ၁၆ ရက်နေ့ကတော့ ဒေါနစစ်ကြောင်းက ဦးစီးတဲ့ ပူးပေါင်းမဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ သင်တန်းဆင်းပွဲတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
သင်တန်းပြီးမြောက်သွားတဲ့ တပ်ဖွဲ့ဝင်အင်အား ရာချီ ပါဝင်နေကြောင်းကို ဓာတ်ပုံမှတ်တမ်းအရ တွေ့ရှိရပြီး ဒီသင်တန်းဟာ စစ်ဆင်ရေး မရပ်နားမီ အချိန်လောက်က စတင်ခဲ့တဲ့ ၃ လတာ သင်တန်းလို့ သိရပါတယ်။
မွန်-တနင်္သာရီ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း၊ ဒေါနတပ်ရင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြောက်ကျားတပ် YGF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF ၊ Ye Air Force YAF ၊ Ye Defence Force YDF နဲ့ ရေးသိမ်းငှက်အဖွဲ့က တပ်ဖွဲ့ဝင်တွေက စစ်သင်တန်းပြီးမြောက်ခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှာမကဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့တွေမှာ အပင်ပန်းခံလေ့ကျင့်သင်ကြားရှိပြီး ဖက်ဆစ်စစ်တပ်ကို အပြီးသတ် တိုက်ထုတ်ဖို့ အသင့်ရှိနေပြီလို့ ဒေါနစစ်ကြောင်းက ကြွေးကြော်ထားပါတယ်။
ဒါဟာ မကြာမီအချိန်ကာလမှာ တောင်ပိုင်းမှာလည်း စစ်ရေးအောင်မြင်မှုတွေ ရရှိလာနိုင်မလားဆိုတဲ့ ပြည်သူ့မျှော်လင့်ချက်တွေ ရှိနေပေမယ့် မွန်-တနင်္သာရီဟာ ရှမ်းမြောက်ဒေသမှာရတဲ့ စစ်ရေးအောင်မြင်မှုတွေ ရနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာနေသူ အမျိုးသမီးက ဆိုပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF စစ်ဆင်ရေးမှူး ရဲဘော် တလနိုင်ကတော့ “အားမနာတမ်းပြောရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဦးဆောင်မှုက အများကြီး စကားပြောတယ်ပေါ့နော်၊ ဒီနေရာမှာ ဒီပွဲက နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းမှု အားကောင်းလာမှ မြောက်ပိုင်းမှာ အောင်ပွဲတွေ ဆက်တိုက်ဆက်တိုက်ရတယ်၊ ဒါက သိသာထင်ရှားတယ်” လို့ ဝေဖန်ပါတယ်။
မြောက်ပိုင်းမဟာညီနောင် (၃) ဖွဲ့တို့လိုမျိုး အစကတည်းက စုဖွဲ့မှုကောင်းကောင်းနဲ့ စစ်ရေးပြင်ဆင်ထားတဲ့ တိုင်ရင်းသားလက်နက်ကိုင်တပ် အင်အားမရှိနေတဲ့ မြန်မာပြည်တောင်ဘက်အစွန်းဒေသဟာ “စခန်းလောက်သိမ်းနိုင်တယ်ဆိုရင်လည်း ကျနော်တို့အတွက် ဘဝကြီးလို ဖြစ်နေတယ်၊ ဒါက တောင်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ ကွာခြားချက်ပေါ့” လို့သာ MSRF စစ်ဆင်ရေးမှူးက မှတ်ချက်ပြုပါတယ်။
ဒါပေမယ့် တပ်ဖွဲ့ဝင်တွေအကြား ဟန်ချက်ညီညီ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်နိုင်မယ်ဆိုရင် ဒေါနတောင်ကို မကျော်နိုင်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက မလွှဲတောင်ကိုလည်း မကျော်နိုင်ပါဘူး ဆိုတာက ပြည်သူတွေရဲ့ ယုတ္တိတန်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ ။
ကွန်းဟဒေ့
The Tanintharyi Times