ကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ထိုင်းတောင်ပိုင်းက မြန်မာရွေ့ပြောင်းကျောင်းတစ်ခုပိတ်ခံရ

ကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ထိုင်းတောင်ပိုင်းက မြန်မာရွေ့ပြောင်းကျောင်းတစ်ခုပိတ်ခံရ

ပုံစာ -ထိုင်းပညာရေးရုံးရဲ့ကြေညာစာနဲ့ မေတ္တာရိပ်ကျောင်းမှာ ပညာသင်နေကြတဲ့ ကျောင်းသားတွေ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်က ရွေ့ပြောင်းမြန်မာကျောင်းတစ်ခု ပိတ်ခံလိုက်ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ဆီကသိရပါတယ်။

စူရတ်ဌာနီခရိုင်က ကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ ဘန်ကူးမေတ္တာရိပ်ကျောင်းကို ခရိုင်ပညာရေးရုံးက မနေ့ကကြေညာစာထုတ်ပြီး ပိတ်ခဲ့တာပါ။

အဲဒီကျောင်းဟာ ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာန၊ ၂၀၀၇ခုနှစ် ပုဂ္ဂလိကကျောင်းများအက်ဥပ‌ဒေအရ တည်ထောင်ဆောက်လုပ်ခွင့်မရှိဘဲ လုပ်ဆောင်နေတာကြောင့် ပိတ်တာလို့ ပညာရေးရုံးရဲ့စာမှာရေးသားထားတာပါ။

“ဘာကြောင့်ပိတ်တယ်တော့ ကျနော်တို့တိတိကျကျမသိပါဘူး။ မြန်မာနိုင်ငံသီချင်းဆိုလို့ ပိတ်တယ်ဆိုတာမျိုးလည်းကျနော်တို့ အပြင်ကကြားရတာပေါ့။ ဒါပေမဲ့လည်း သေချာတာကတော့ ဥပဒေနဲ့ မညီညွတ်လို့ ပိတ်တယ်လို့ပဲနားလည်ထားပါတယ်” လို့ ဦးထူးချစ်ကပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းကျောင်း အကြီးအသေးစုစုပေါင်း နှစ်ရာဝန်းကျင်လောက်အထိရှိပါတယ်။

ဦးထူးချစ်ကတော့ အဲဒီ‌ကျောင်းတွေထဲမှာ ဖောင်ဒေးရှင်းအနေနဲ့ ဖွင့်ထားတဲ့ကျောင်းတွေကတော့ ဥပဒေအရ တစ်စုံတစ်ရာမှန်ကန်တယ်လို့ ပြောလို့ရတဲ့ကျောင်းတွေရှိသလို ကိုယ်ပိုင်စီးပွားရေးအနေနဲ့လာရောက်လုပ်ကိုင်ကြတဲ့ ပုဂ္ဂလိကကျောင်းတွေလည်းရှိတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအတွက် နှစ်ဖက်အစိုးရတွေအနေနဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ စနစ်တကျပြဒါန်းဖို့သင့်ပြီလို့လည်း သူကထောက်ပြပါတယ်။

“အဓိကကတော့ တစ်ကျောင်းဖြစ်လို့ တစ်ကျောင်းအတွက်လိုက်ဖြေရှင်းနေရတာထက် သိန်းနဲ့ချီတဲ့မြန်မာရွှေ့ပြောင်းကလေးငယ်တွေအတွက် ရွှေ့ပြောင်းကျောင်းတွေကို စနစ်တကျနည်းမှန်လမ်းမှန်ပေါ့ နှစ်ဖက်အစိုးရတွေနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ပြင်ဆင်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျ‌နော်တို့အနေနဲ့ ပြောချင်တယ်။ အခုလိုပိတ်တာဟာ ထိုင်းအစိုးရအနေနဲ့လည်း နိုင်ငံတကာမှာ အမြင်မကောင်းသလို ကျနော်တို့ကလေးတွေအတွက် အများကြီးထိခိုက်ပါတယ်” လို့ ဦးထူးချစ်က ပြောပါတယ်။

ပိတ်ခံရတဲ့ ကျောင်းကကျောင်းသားတစ်ထောင်ကျော်ကတော့ စူရတ်ဌာနီမှာ အစိုးရနဲ့ပူးပေါင်းဖွှင့်လှစ်ထားတဲ့ ကျောင်းတွေရှိတာကြောင့် အဲဒီကျောင်းတွေမှာ ပြောင်းရွှေ့ပြီး ပညာသင်ယူလို့ရတဲ့ကြောင်း သူကဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ‌ရွှေ့ပြောင်းကျောင်းတွေမှာ မြန်မာကျောင်းသားအများအပြားရှိပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကျောင်းသားနှစ်ဆ‌လောက်အထိရှိလာတယ်လို့ ရွှေ့ပြောင်းပညာရေးစင်တာတွေကနေသိရပါတယ်။

The Tanintharyi Times