ပစ္စခက် နေ့စွဲများ
ပစ္စခက် နေ့စွဲများ
ညနေခင်း ဆိုင်သိမ်းပြီးနောက် ထုံးစံအတိုင်း စက်ဘီးကလေးထုတ်နင်းပြီး ကိုပေါက်စီ အိမ်ကနေ ထွက်လာခဲ့တယ်။ အဓိကအကြောင်းကတော့ ကြက်ဥဖောက်သည် စပ်ဖို့ဖြစ်တယ်။
စထားပြီးဖြစ်တဲ့ ကြက်ဥရောင်းဝယ်ရေး လုပ် ငန်းအတွက် ဖောက်သည်သစ်ရဖို့ ညနေခင်းတိုင်း စက်ဘီးကလေးနဲ့ မြို့လည်ရင်း ကိုပေါက်စီဖောက်သည်သစ် လိုက်ရှာနေခဲ့တယ်။
အရင်ရက်တွေတုန်းက အနီးပတ်ဝန်းကျင်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်နဲ့ လမ်းဘေး ဈေးဆိုင်ထိ ကိုပေါက်စီ ဖောက်သည်အသစ်ရှာ စပ်ဖြစ်ခဲ့ပေမဲ့ တစ်ဦးမှ အဆင်မပြေခဲ့ဘူး။ တချို့လည်း ဆိုင် အရောင်းအဝယ်ပါးပြီး အရင်လို ဈေးနှုန်းပုံမှန်မရှိတဲ့အတွက် ဖောက်သည်အသစ်ဆီက ပစ္စည်းအသစ် လက်ခံယူဖို့ကို ငြင်းဆိုကြတယ်။
တချို့လည်း ပုံမှန်ရှိပြီးသားဖောက်သည် အပျက်မခံနိုင်တာမို့ ရှိရင်းပေါက်ဈေးထက် လျှော့ပြီးသွင်းပေးမယ်ဆိုတာတောင် လက်မခံကြပါဘူး။ တချို့လည်း ဘာမှန်း သေချာရေရာတွက်ဆမရတဲ့ကာလမို့ ယုံစားမဝံ့တဲ့အတွက် ဖောက်သည်လက်ခံဖို့ကို ငြင်းဆိုကြပြန်တယ်။
အဓိကကတော့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြားမှာ အားလုံးက ရှေ့လည်းအတင်းမတိုးရဲ နောက်ဆုတ်ဖို့ကျပြန်လည်း ပုံမှန် ဝင်ငွေလေးပျောက်သွားမှာ စိုးတာကြောင့် ရသလိုအခွင့်အရေးမှာ ကြုံသလိုရင်ဆိုင်ဖြေရှင်း နေရတာပါ။
ကိုဗစ်ကပ်ရောဂါဆိုးကာလတုန်းက ခေတ်စားနေတဲ့ နယူးနော်မယ်လ် ( New Normal) အခြေအနေလို အခုလက်ရှိကာလမှာ ပို့စ်နော်မယ်ရွေးချယ်စရာလမ်း ( Post Normal Options) က နည်းပါးနေတာမို့ အားလုံးက မချင့်မရဲ ရှိနေခဲ့ကြတာပါပဲ။
ကိုပေါက်စီကတော့ ဒီကာလကြီးထဲ သူစခဲ့ပြီးဖြစ်တဲ့ ဇာတ်လမ်းမို့ မဟာဇနက္ကထုံးနှလုံးမူရင်း ညနေခင်းဆို စက်ဘီးတစ်စီးနဲ့ကြက်ဥဖောက်သည်အသစ် အရှာထွက်ရမြဲဖြစ်တယ်။
ကိုပေါက်စီနေတဲ့နေရာက ဆင်ခြေဖုံးနဲ့ နီးတယ်။ အရင်ကဆို ဆင်ခြေဖုံးရပ်ကွက်ကလေးရဲ့ လမ်းမတွေပေါ်က ပ လက်ဖောင်းစင်္ကြန်တစ်လျှောက် လမ်းဘေးထမင်းဆိုင်လေးတွေ မှိုလိုပေါက်အောင် ရှိနေခဲ့တယ်။ အဲဒီထမင်းဆိုင်လေးတွေထဲကနေ မရဘူးဆိုရင်တောင် အနည်းဆုံး သုံးလေးငါးဆိုင်တော့ နေ့စဉ်အမြဲ ကိုပေါက်စီ ကြက်ဥဖောက်သည် ပို့နေခဲ့ရတာ။
လမ်းဘေးထမင်းဆိုင်လေးတွေဆိုတာက ကြက်ဥဟင်းလေး၊ ကြက်ဥကြော်လေး စသဖြင့် အမြဲလိုနီးပါး ရောင်းနေရတာမို့ ပုံမှန်ဖြုန်းပေးနိုင်တဲ့ဖောက်သည်အဖြစ် ကိုပေါက်စီ ကြက်ဥပို့နေခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ကျူးကျော် ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အဓမ္မဖြိုဖျက်မှုလှိုင်းဒဏ်နဲ့အတူ အဲဒီထမင်းဆိုင်လေးတွေလည်း ဘယ်ဆီဘယ်ဝယ် ရောက်ကုန်မှန်းမသိ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတာမို့ ကိုပေါက်စီရဲ့ ဖောက်သည်ကိန်းဂဏန်းလည်း နောက်ဆုံးအချိန်ကျမှ ထိပ်စီးပြောင်းသွားတဲ့ နှစ်လုံးထီဂဏန်းလို တက်တက်စင်လွဲဟပျောက်ရှခဲ့ရတယ်။
မကြာမီတော့ တစ်နေရာရာမှာ ဆိုင်တွေပြန်ဖွင့်ခွင့်ရမှာလို့ အတွေးထဲ ကိုပေါက်စီ ရသေ့စိတ်ဖြေထားပေမဲ့ အဲဒီမကြာမီဆိုတဲ့ ကာလကလည်း တဖြည်းဖြည်းတင်းကျပ်လာတဲ့ ပြဌာန်းသတ်မှတ် ထုတ်ပြန်ချက်တွေကြားမှာ ရေ စုန်မျောရင်း မျောလာခဲ့တယ်။
အထူးသဖြင့် သင်္ကြန်ကာလမတိုင်မီ ထွက်ပေါ်လာခဲ့တဲ့ ဥပဒေထုတ်ပြန်ချက်နဲ့အတူ တရွေ့ရွေ့ ရွှေ့ပြောင်း ထွက်ခွာရင်း တိမ်ခိုးတိမ်ငွေ့ မီးခိုမျှင်တန်းလို တစစ လွင့်ပါးကွယ်ပကုန်ကြတဲ့ မိသားစုတွေကြားမှာ ဆိုင်ကလေးတွေ ပြန်ဖွင့်လာကြမှာပါဆိုတဲ့ ကိုပေါက်စီရဲ့ အတွေးလည်း တဖြည်းဖြည်း မှိန်ဖျော့လာခဲ့တယ်။ အဖြစ်အပျက်တွေကို မျက်မြင်ကြည့်ရင်း သက်ပြင်းမောချရုံကလွဲလို့ ကိုပေါက်စီ ဘာမှ မတတ်နိုင်ခဲ့။
မကြာမီ ဒီကိစ္စတွေကျော်လွန်ပြီး ဖောက်သည်ဆိုင်ကလေးတွေ ပြန်ဖွင့်ခွင့်ရတန် ကောင်းပါရဲ့လို့ ကိုပေါက်စီ မျှော်လင့်ရင်း ညနေခင်းဆိုရင် စက်ဘီးကို နာနာနင်းပြီး ကြက်ဥဖောက်သည်အသစ်ရဖို့ ကိုပေါက်စီ မြို့လည်နေခဲ့ရတာပဲဖြစ်တယ်။
အားလုံးသော အခြေအနေတွေနဲ့ ကင်းပနေပြီး ကျွဲနေရာကျွဲ ၊ ဤနေရာဤ သူ့အထာနဲ့သူရှိနေကြတဲ့ ထမင်းဆိုင် ကလေးတွေလည်းရှိပေမဲ့ လမ်းဘေးဆိုင်ကလေးတွေမို့ ပန်းကန်ထဲက ငါးကြော်ကို ကြောင်ချောင်းသလို ချောင်း နေတဲ့ စည်ပင်ပုဂ္ဂိုလ်တွေရဲ့ အဖမ်းအဆီးကို ကြောက်ရသေးပြီး လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ ခွေးဟောင် ဆိုသလို ခေတ်ကြီးရဲ့ အကျိုးအကြောင်းမှာ ကိုပေါက်စီရဲ့ဖောက်သည် လမ်းဘေးထမင်းဆိုင်လေးတွေလည်း သားရဲတွင်းနေရာသိနေတဲ့ယုန်သူငယ်လို အန္တရာယ်ကို ရှောင်ရင်းတိမ်းရင်းနဲ့ တဖြည်းဖြည်း ကြက်ပျောက်ငှက် ပျောက်ဖြစ်ကုန်ကြတယ်။
အရင်က အညာတန်းကလေးလို့ ကိုပေါက်စီနာမည်ပေးထားတဲ့ မြို့ဆင်ခြေဖုံးရဲ့အလယ် ဆေးရုံဝန်းကျင်တစ်ဝိုက် ကဖောက်သည်ထမင်းဆိုင်ကလေးတွေဆို ဖြိုဖျက်ခံရတဲ့အထဲလည်းမပါ၊ သူ့နေရာနဲ့သူ အတော်အတန် ဈေး ရောင်းပန်းလည်း သာနေခဲ့ပေမဲ့ ငလျင်ဒဏ်မှာ တဖြည်းဖြည်းအိပဲ့ပြိုကျသွားတဲ့ တိုက်တာအဆောက်အအုံတစ်ခုလို တစ်ဆိုင်ပြီးတစ်ဆိုင် အလျိုလျို ပိတ်သိမ်းပျောက်ကွယ်ကုန်ကြတာဖြစ်တယ်။
ဘယ်ဘက်အစွန်တန်း ထမင်းဆိုင်ကလေးကတော့ အခုလာအိုရောက်လို့ပေါ့။ ညာဘက် အတွင်း တစ်ဆိုင်ကျော်ကတော့ အခုထိုင်းမှာပေါ့လို့ ဆိုတဲ့ တစ်ဆင့်စကားတစ်ဆင့်နား သတင်းတွေဟာ ညနေခင်း ကိုပေါက်စီစက်ဘီး ကလေးနဲ့ မြို့လည်နင်းတိုင်း ကြားသိရတဲ့အကြောင်းတွေ ဖြစ်လာခဲ့တယ်။
ဒီနေ့တော့ မြို့ဆင်ခြေဖုံးရပ်ကွက်ရဲ့ အတွင်းဘက်အစွန်ဆုံးကျကျ နေရာဆီ ကိုပေါက်စီ စက်ဘီးနင်းပြီး ထွက်လာခဲ့တယ်။ အဲဒီနေရာဟာ ဆင်ခြေဖုံးရပ်ကွက်ကလေးရဲ့ သီးခြားလိုဖြစ်နေတဲ့ နေရာလေးမို့ အရင်ကကိုပေါက်စီ မ ရောက်ဖြစ်ဘဲ ရှိခဲ့တယ်။ လမ်းအတိုင်း စက်ဘီးနင်းလာရင်း ပတ်ဝန်းကျင်ကို ကိုပေါက်စီစေ့ငုလာမိတယ်။ အရင်တုန်းက တစ်ခါမှ မလာဘူးတဲ့နေရာမို့ ကြက်ဥဖောက်သည်အသစ်ရဖို့ မျှော်လင့်ချက်က စက်ဘီးနင်းနေတဲ့ ကို ပေါက်စီရဲ့ ခြေထောက်တွေကို ပိုမိုသွက်လက်စေခဲ့တယ်။
လမ်းမကြီးအတိုင်းနင်းလာရင်း လမ်းသွယ်အချိုးလေးတစ်ခုနားအရောက် ထမင်းဆိုင်လေးတစ်ဆိုင်ကို ကိုပေါက် စီတွေ့လိုက်မိတာမို့ လမ်းသွယ်ထဲ စက်ဘီးကိုချိုးဝင်ခဲ့လိုက်တယ်။ ကြက်ဥဖောက်သည်ရအောင် ကြိုးစားစပ် မယ်လို့ စိတ်ထဲမှာလည်း တွေးလိုက်တယ်။ ထမင်းဆိုင်ကလေးက ရပ်ကွက်ရဲ့ ရှိတည်နေမှုထက်စာရင် အနည်းငယ်သေးသိမ်သယောင်ရှိတယ်လို့ ခံစားရပေမဲ့ ပြင်ဆင်ဖွဲ့တည်ထားမှုက စနစ်ကျ သပ်ရပ်လှပတယ်လို့ ဆိုရမယ်။
ဆိုင်အတွင်းမှာ စားပွဲဝိုင်း သုံးဝိုင်းသာရှိပြီး စားပွဲဝိုင်းတိုင်းမှာ အုပ်ထားတဲ့အုပ်ဆောင်း တစ်ခုရှိနေခဲ့တယ်။ ကိုပေါက်စီ ရောက်သွားတဲ့အချိန်က နေ့လယ်ခင်း ထမင်းစားချိန်သာသာဖြစ်ပေမဲ့ စားသောက်နေသူမရှိဘဲ ဆိုင်က ခြောက်ကပ်နေခဲ့တယ်။ ဆိုင်ရဲ့ အတွင်းဘက်ကောင်တာနောက်မှာတော့ အသက် ၅၀ ခန့်ရှိတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေတာတွေ့ရတယ်။
သူထိုင်နေပုံက တကယ့်ကိုမလှုပ်မယှက်ဖြစ်ပြီး ကိုပေါက်စီဆိုင်အတွင်းထဲဝင် လာတဲ့တိုင် ငြိမ်သက်တိတ်ဆိတ်စွာပဲ ရှိနေခဲ့တယ်။
သူ့ရဲ့ လာရင်းကိစ္စဖြစ်တဲ့ ကြက်ဥဖောက်သည်စပ်ဖို့အတွက် အမျိုးသမီးကြီးရှိရာ ကောင်တာအနီးဆီ ကိုပေါက်စီ လျှောက်သွားတော့ အမျိုးသမီးက မျက်လုံးတစ်ချက်လှန်ပြီး ကိုပေါက်စီကို ကြည့်တယ်။
‘ကျွန်တော်’
ကြက်ဥဖောက်သည်စပ်ဖို့ ကိုပေါက်စီ စကားစမလို့ရှိတုန်းမှာပဲ ကောင်တာနောက်က အမျိုးသမီးက
‘အဲဒီစားပွဲဝိုင်းမှာ သူတို့နောက်ဆုံး ထမင်းထိုင်စားသွားကြတာပေါ့။ အဲဒီဝိုင်းမှာ’ လို့ ကောင်တာနဲ့ အနီးဆုံးမှာရှိတဲ့ စားပွဲဝိုင်းကို လက်ညှိုးထိုးပြရင်း ကိုပေါက်စီကိုပြောတယ်။
အမျိုးသမီးလက်ညှိုးထိုးပြတဲ့ စားပွဲဝိုင်းကို ကြည့်မိတော့ ဆိုင်အတွင်းရှိနေတဲ့ တခြားစားပွဲဝိုင်းနှစ်ခုလို စီစီရီရီ ရှိမနေဘဲ လူတချို့ထမင်းစားသောက်ပြီးနောက် မရှင်းလင်းရသေးမီ ပြန့်ကျဲကျဲရှိနေသလိုမျိုး ရှိနေတာကို အခုမှ ကိုပေါက်စီ သတိထားမိတယ်။ စားပွဲဝိုင်းက လတ်တလောလေးမှ စားသောက်ပြီးထပြန်သွားကြလို့ ပြန့်ကျဲ ကျန် ရစ်နေခဲ့တဲ့ စားပွဲဝိုင်းမျိုးမဟုတ်တာကိုလည်း သတိပြုမိလိုက်တယ်။
ကြက်ဥဖောက်သည်စပ်ဖို့ လာရင်းကိစ္စကို ခဏမေ့ထားပြီး ဆိုင်အတွင်းကို ကိုပေါက်စီသေချာလိုက်ကြည့်မိတယ်။ ဆိုင်အတွင်းပိုင်းဟာ မရှင်းမလင်းဘဲထားတာကြာလို့ ပိုးအိမ်မျှင်တချို့တလေနဲ့ ဖုန်မှုန့်အစအနလေးတွေ တွယ်ကပ်နေတာကို အခုမှ ကိုပေါက်စီ သတိထားမိတယ်။ စားပွဲဝိုင်းပေါ်က အုပ်ဆောင်းကို ဖွင့်ကြည့်မိတော့ နွမ်းရိနေပြီဖြစ်တဲ့ အတို့အမြှုပ်ပန်းကန်နဲ့ မှိုတက်နေတဲ့ ငပိရည်ဖျော်ပန်းကန်ကို တွေ့ရတယ်။ ထမင်းဆိုင်က ဖွင့်ထားပေမဲ့ အရောင်းအဝယ်မရှိတော့တာ အတန်ကြာနေပြီဆိုတဲ့သဘော။
ကြက်ဥဖောက်သည်စပ်ဖို့ဆိုတဲ့ ကိုပေါက်စီရဲ့ မျှော်လင့်ချက်ဟာ လေအဝှေ့မှာ ဟုတ်ခနဲငြိမ်းကျသွားတဲ့ မီးလိုပါပဲ။
မျှော်လင့်ချက်မဲ့စွာနဲ့ ဆိုင်ကပြန်ထွက်ဖို့ ပြင်တုန်းမှာပဲ ဘယ်အချိန်ကသူ့အနားရောက်နေခဲ့လဲမသိတဲ့ ကောင်တာအနောက်က အမျိုးသမီးဟာ သူ့ရဲ့လက်တစ်ဖက်ကို ကိုပေါက်စီရဲ့ ပုခုံးပေါ်ကို တင်ရင်း “အခု ဘယ်သူမှ မရှိကြတော့ဘူး။ အဲဒီစားပွဲမှာ ငါတို့မိသားစုအတူတူလက်ဆုံစားပြီးကတည်းက အခု ဘယ်သူမှ မရှိကြတော့ဘူး၊ ဘယ်သူမှ ပြန်မလာကြတော့ဘူး”
အမျိုးသမီးရဲ့ အသံဟာ အက်ကွဲနွမ်းလျနေပြီး ချောက်ကမ်းပါးစွန်းအောက်ခြေက ခြုံနွယ်ပိတ်ပေါင်းတွေကို တိုး ထွက်ပြီး အမြင့်ဆီတက်လာရတဲ့လေပြင်းတစ်ခုရဲ့ အသံလို ကြမ်းရှရှကြီးရှိနေခဲ့တယ်။ ကိုပေါက်စီပုခုံးပေါ် တင် ထားတဲ့ အမျိုးသမီးရဲ့ လက်ဟာလည်း ကြောက်မက်ဖွယ်အေးစက်နေခဲ့တယ်။
ပုခုံးပေါ်က အမျိုးသမီးရဲ့ လက်ကို ပုတ်ချပြီး ဆိုင်အပြင်ဘက် ကိုပေါက်စီအပြေးထွက်လာမိတယ်။ စက်ဘီးကို အမြန်ယူပြီး အပြင်းနင်းထွက်လာခဲ့တယ်။ တိုက်အမြင့်ကြီးပေါ်က ပြုတ်ကျလာတဲ့လူတစ်ယောက်လို ကိုပေါက်စီ ရင်တွေတလှပ်လှပ်ခုန်ပြီး မောဟိုက်တုန်ရီနေမိတယ်။
“ဘယ်သူမှ မရှိကြတော့ဘူး။ ဘယ်သူမှ ပြန်မလာကြတော့ဘူး”ဆိုတဲ့ အမျိုးသမီးရဲ့ အသံဟာ ရှေ့ကိုခွင်းသွားတဲ့ စက်ဘီးရဲ့ အရှိန်တိုင်း၊အရှိန်တိုင်းမှာ ကိုပေါက်စီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လေကလာပြီး တိုးဟပ်နေသလို ထိခတ် တိုးဟပ်နေတော့တယ်။
ညီမင်းဆက်
The Tanintharyi Times