အမည်မဲ့ တိုးသဲ့သဲ့ ဂီတ
အမည်မဲ့ တိုးသဲ့သဲ့ ဂီတ

ကျွန်တော် အဲဒီဆိုင်ကို ညနေ ၄ နာရီခွဲလောက်ဆို ပုံမှန်ရောက်ဖြစ်တယ်။ အဲဒီလိုရောက်တိုင်းလည်း သူတို့ဝိုင်းက အမြဲလို အရင်ရှိနှင့်နေတာကို တွေ့ရတယ်။
သူတို့ဝိုင်းက ခပ်လွယ်လွယ် အခေါ်ဆို အဘိုးကြီးတွေဝိုင်းပေါ့။ အသက်အငယ်ဆုံးလို့ ယူဆရသူကတင် ၆၀ ကျော် ၇၀ တန်း ကပ်နေတာမျိုး။ သူတို့ ဘယ်သူတွေလဲတော့ ကျွန်တော် လည်း မသိပါဘူး။ အဲဒီနေရာက ကျွန်တော် အမြဲနေထိုင်ရာအရပ်လည်း မဟုတ်ပါဘူး။
အခြေအနေတစ်ခုကြောင့် ကာလအခိုက်အတန့် ခိုနားနေရတုန်း စိတ်ပြေရာပြေကြောင်းအဖြစ် အဲဒီဆိုင်လေးဆီ ညနေရီတိုင်း ကျွန်တော် ရောက်သွားဖြစ်ခဲ့တာပါ။ အဲဒီအနားဝန်းကျင်မှာလည်း အဲဒီဆိုင်ကလေးပဲ ထီးတည်းရှိနေတာကြောင့်လည်း ပါတာပေါ့။
ကျွန်တော် အဲဒီဆိုင်ကို ပထမဦးဆုံးအကြိမ် စရောက်သွားတဲ့နေ့က အဲဒီဝိုင်းက သူ့အစုအဖွဲ့လေးနဲ့သူ ဆိုင်ရဲ့ထောင့်တစ်နေရာမှာ ရှိနေခဲ့ကြတာဖြစ်တယ်။ နောက်ရက်တွေ ကျွန်တော် အဲဒီဆိုင်ကို ရောက်သွားဖြစ်တဲ့အခါမှာလည်း သူတို့ကို အဲဒီနေရာလေးမှာပဲ အမြဲလိုတွေ့ရတတ်တယ်။
သူတို့ကို စပြီးသတိထားမိတာက ဝိုင်းအတွင်းက ထိုင်ခုံတစ်လုံးပေါ်မှာ ထောင်ထားတဲ့ ဟော်လိုဂစ်တာတစ်လက်နဲ့ ဝိုင်းမှာရှိနေကြတဲ့သူတွေရဲ့ သောက်သုံးမှု ပုံစံကြောင့်ပါပဲ။ ဆိုင်ရဲ့ ပလတ်စတစ်ခုံပေါ်မှာ ထောင်ထားတဲ့ မဟော်ဂနီရောင် အဲဒီဟော်လိုဂစ်တာဟာ သစ်လွင်တောက်ပနေခဲ့သလို ဂစ်တာရဲ့ ကိုယ်တည်ပေါ်က doddel art လက်ရာတချို့ဟာ ဂစ်တာနဲ့သူတို့ရဲ့ သက်ဆိုင်မှုကို ဘယ်လိုမှ တွဲစပ်ကြည့်လို့မရအောင်ပါပဲ။ ပြီးတော့ သူတို့အားလုံး ဘယ် သူ့ဘယ်သူမှ အဲဒီဂစ်တာကို ယူငင်တီးခတ်တာမျိုး မတွေ့ရပါဘူး။ ဂစ်တာဟာ ထိုင်ခုံမှာ အမြဲလိုရှိနေခဲ့ပြီး သူတို့ ကလည်း သူတို့ဘာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ တစ်ဝိုင်းထဲ အခုလို ထိုင်နေကြပေမဲ့ ကျွန်တော်တို့ မြင်တွေ့နေကြရှိတဲ့ ဝိုင်းတွေလို ယာမကာတစ်မျိုးတည်းကို အားလုံးဝိုင်းပြီးအတူသောက်ရင်း ရှိနေခဲ့တာမျိုးမဟုတ်ပြန်ပါဘူး။ တစ်ယောက်ချင်းစီဟာ ကိုယ်ကြိုက် နှစ်သစ်ရာ တစ်ခုစီနဲ့ အသီးသီးရှိနေခဲ့ကြတာဖြစ်ပါတယ်။ တစ်ယောက်က စကော့နဲ့ ၊ တစ်ယောက်က ဘာဘွန်းနဲ့ ၊တစ်ယောက်က ပြည်တွင်းဖြစ်နဲ့ ၊ တစ်ယောက်က မုယောစပါးဗျစ်ရည်နဲ့ စတာမျိုးပါပဲ။ အစားအစာအဖြစ်လည်း တစ်ခုခုကို အတူတူဆိုတာမျိုးထက် တစ်ယောက်တစ်မျိုး သင့်ရာတင့်ရာ ရှိနေကြတာဖြစ်ပါတယ်။
ညနေရီတိုင်း ကျွန်တော်အဲဒီဆိုင်ကို ရောက်သွားဖြစ်ချိန် သူတို့ဝိုင်းဟာ နေ့စဉ်ရှိမြဲမပျက်ပုံစံအတိုင်း ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့တတွေဟာ အပေါင်းအသင်းတွေလား၊ မိတ်ဆွေတွေလား၊ ဒါမှမဟုတ် အသိအကျွမ်းတွေလား၊ခင်ရာဆွေမျိုးတွေလား၊ ဒါမှမဟုတ် ဂေါဏေနတွေလား၊ သာမဏေနတွေလား။ ဘယ်လိုတည်ရှိ ဆက်ဆံမှုမျိုးမှာ အခုလို စားပွဲဝိုင်းတစ်ခုတည်း ရှိနေခဲ့ကြတယ်ဆိုတာကို မသိပါဘူး။ အသေအချာ သိနေရတာတော့ သူတို့ဟာ တကယ့်ကို တိတ်ဆိတ်စွာ ရှိနေခဲ့ကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။
သူတို့တတွေ အဲဒီဆိုင်ကလေးမှာ ဘယ်အချိန်ထိထိုင်ဖြစ်ကြသလဲ၊ ဘယ်အချိန်မှာထပြန်ကြသလဲဆိုတာကိုလည်း ကျွန်တော်မသိပါဘူး။ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း အဲဒီဆိုင်ကလေးမှာ အေးအေးလူလူတမေ့တမော ထိုင်ဖြစ်ပြီး ဝိုင်းအားလုံး လူမရှိသလောက်အချိန်မှ ကျွန်တော်ထပြန်လာတတ်ပေမဲ့ အဲဒီလို ကျွန်တော်ပြန်ချိန်အထိတောင် သူတို့ဝိုင်းဟာ အမြဲလို ကျန်ရစ်တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။
သူတို့ဝိုင်းဟာ ကျွန်တော့်အတွက် ပဟေဠိတစ်ခုလိုရှိနေခဲ့ပေမဲ့ ဒါကို ထပ်ပြီးအဖြေရှာသိရှိရဖို့ ကျွန်တော်မကြိုးစား ဖြစ်မိပါဘူး။ အဲဒီဆိုင်ကလေးမှာထိုင်ရင်း စာအုပ်ဖတ်လို့ မျက်စိညောင်းလာတဲ့အခါဖြစ်ဖြစ်၊ သီချင်းနားထောင်ရင်း ပျင်းရိလာတဲ့အခါဖြစ်ဖြစ် သူတို့ဝိုင်းရဲ့ပဟေဠိကို ကိုယ့်ဘာသာ စိတ်ကူးနဲ့အဖြေရှာအပန်းဖြေရတဲ့အရသာဟာ ကျွန်တော့်အတွက် နှစ်သက်စရာအကြောင်းဖြစ်တာမို့ သူတို့ဝိုင်းအကြောင်းကို လက်ရှိအခြေအနေထက်ပိုပြီး သိရဖို့ အတွက် ကျွန်တော်မကြိုးစားခဲ့တာ ဖြစ်ပါတယ်။
တစ်ခါတလေ အကြောင်းအရာတွေဆိုတာက မသိခြင်းမှာ ရှိတည်နေတာက သိခြင်းဆီရောက်ပြီး အဖြေရသွားတာမျိုးထက် ပိုမိုလှပ နှစ်လိုဖွယ်ရှိနေခဲ့တယ်လို့ ခံစားရမိတာကြောင့် လည်း ပါတာပေါ့။
ဒါပေမဲ့ ဘာမှ တည်မြဲနေတာ မရှိဘူးဆိုတဲ့အတိုင်း အခုလိုရှိနေတဲ့ အခြေအနေဟာလည်း တစ်ရက်မှာတော့ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က ညကြီး ရုတ်တရက်မိုးတွေရွာပြီးနောက် မနက်ခင်းမှာ ပိတောက်ပန်းတွေ ဝါ ထိန်အောင် ဖူးပွင့်ခဲ့တဲ့နေ့ပေါ့။
အဲဒီဆိုင်ကလေးဆီ ညနေရီ ကျွန်တော်ရောက်သွားတော့ ဆိုင်ကလေးဟာပိတောက် ပန်းတွေနဲ့ တစ်ဆိုင်လုံး အလှဆင်ထားတာကို တွေ့ရတယ်။ ပိတောက်ပန်းရဲ့ သင်းမြမြမွှေးရနံ့ကလည်း ဆိုင်ကလေးအတွင်းမှာ ဝဲလည်ပျံ့ထုံနေခဲ့တယ်။
သူတို့ဝိုင်းကတော့ ထုံးစံအတိုင်း သူတို့ရဲ့ ရှိမြဲထောင့်စားပွဲမှာ ငြိမ်ငြိမ်သက်သက်ရှိနေခဲ့ပေမဲ့ အဲဒီနေ့ကတော့ ထူးထူးခြားခြားအဖြစ် ဟော်လိုဂစ်တာဟာ အရင်လို ထိုင်ခုံမှာ ထောင်လျက်သားရှိမနေခဲ့တာပါပဲ။ အဲဒီအစား ထိုင်ခုံမှာ ပိတောက်ပန်းခက်တွေ အထွေးလိုက်တင်ထားတာကို တွေ့ရပြီး သူတို့ဝိုင်းထဲက တစ်ယောက်ဟာ ဟော်လိုဂစ်တာကို တီးခတ်လျက်ရှိနေခဲ့တယ်။
လက်တစ်ဖက်က ဂစ်တာကြိုးတွေပေါ် ထိခတ်နေပြီး အခြားတစ်ဖက်က လက်ကွက်ကီးတွေပေါ် ရွေ့လျားလျက်ရှိနေခဲ့တာမို့ ဂစ်တာကို တီးခတ်နေတယ်လို့ ဆိုရပေမဲ့ သူရဲ့တီးခတ်သံဟာ အတော့်ကိုမှ ညင်းသဲ့တိုးတိတ်စွာ ရှိနေခဲ့တယ်။
တစ်ယောက်ဟာ အခုလို တီးခတ်ရင်း စိတ်ကျေနပ်ပြီလို့ ထင်တဲ့အခါ တခြားတစ်ယောက်ဆီထံ ဂစ်တာကိုလွှဲပေးလိုက်ပြီး အဲဒီတစ်ယောက်ကလည်း ဂစ်တာသံကို သဲ့သဲ့လေးကြားနိုင်ရုံ ဆက်လက်တီးခတ်နေခဲ့တာပဲ ဖြစ်ပါတယ်။
ဒါက တေးသွားတစ်ခုကို တီးခတ်နေတာလား၊ သီချင်းတစ်ပုဒ်ရဲ့ သံစဉ်ပိုင်းအစတစ်ခုကို တီးခတ်နေတာလား၊ ဂီတ နုတ်တစ်ခုခုကို တီးခတ်နေတာလားဆိုတာ တကယ့်ကို သိမရနိုင်ခဲ့ပါဘူး။ သူတို့တတွေဟာ စက်ရုပ်တွေလို ဟော် လို ဂစ်တာကို တစ်ယောက်ဆီလှည့်ပေးရင်း တီးခတ်နေခဲ့ကြပြီး အဲဒီတီးခတ်သံဟာလည်း တိုးညှင်းမှေးမှိန်စွာ ရှိနေခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့က ကျွန်တော် အဲဒီဆိုင်မှာ စားပွဲဝိုင်းတစ်ခုမှ လူမရှိတော့အချိန်ထိ ထိုင်နေဖြစ်ခဲ့ပြီး ဆိုင်ပိတ်တော့မယ်လို့ စားပွဲထိုးလေးက လာပြောတဲ့အထိ ရှိနေခဲ့ပေမဲ့ သူတို့ဝိုင်းကတော့ ဂစ်တာကို တစ်ယောက်တစ်လှည့်စီအတီးမ ပြတ်ဘဲ ဆက်လက်ရှိနေဆဲပဲ ဖြစ်ခဲ့ပါတယ်။ ဆိုင်ကထပြီး ပြန်ဖြစ်တော့ အရင်တုန်းက တစ်ခါမှ မပြုလုပ်ခဲ့ဘူးတဲ့ ကိစ္စတစ်ခုကို ကျွန်တော်လုပ်ဖြစ်ခဲ့မိတယ်။ အဲဒါက သူတို့ဝိုင်းအနီးကနေ ဖြတ်လျှောက်ရင်း ပြန်ဖြစ်ခဲ့တာပါပဲ။
အဲဒီလို ဖြတ်လျှောက်ရင်း ပြန်မိခဲ့တာ၊ အဲဒီလို ဖြတ်လျှောက်ပြန်မိလို့ သူတို့တီးခတ်နေတဲ့ ဂီတသံစဉ်ကို နည်းနည်း ပီပီသသ ကြားလိုက်ရမိတာက ကျွန်တော်အဖြေမရှာချင်တဲ့ ပဟေဠိဟာ ကျွန်တော်နှလုံးသားကို အားကောင်းတဲ့ မုန်တိုင်းတစ်ခု ဝင်ဆောင့်သလို ဖြစ်ခဲ့တာပါပဲ။
ဆိုင်က အပြန်လမ်းတစ်လျှောက် သူတို့ တိုးညှင်းစွာတီးခတ်နေတဲ့ သံစဉ်ကို ကျွန်တော် အသံထွက်ပြီး သီချင်းဆိုလာဖြစ်မိတယ်။ မိုးတဖျောက်မှာ ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်ဖူး သလို ပြည်တော်ဝင်ချိန်လည်း နီးလာပြီလို့ တွေးနေရင်းပေါ့။
ညီမင်းဆက်
The Tanintharyi Times