အိမ်လွမ်းနာ
အိမ်လွမ်းနာ
ဆောင်းရာသီဆိုတာ အလွမ်းဝေဒနာတွေ ထွေးအန်ချလို့ အကောင်းဆုံးရာသီပဲ။ ဝန်းကျင်တစ်ခုလုံးကလည်း ဝါကျင်ကျင် ရွက်ကြွေတွေ၊ အရိုးပြိုင်းပြိုင်း ထနေတဲ့ သစ်ပင်တွေ၊ အေးစက်စက် လေထုတွေနဲ့ အလွမ်းပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသလို။ သဘာဝတရားဟာ မြင်မြင်သမျှ အလွမ်းဓါတ်တွေ လွှမ်းခြုံထားတယ်။
သဘာဝတရားက အထောက်အပံ့ပေးလိုက်တော့ စိတ်မျက်နှာပြင်ပေါ်ကို လွမ်းစရာတွေ တစ်ပုံတစ်ပင် အုံကြွတက်လာတယ်။ စစ်မိစ္ဆာက ဓါးမိုးထားတဲ့ ကောင်းကင်အောက်မှာ အကြောက်တရားနဲ့အတူ လွမ်းစိတ်ကို ဖိနှိပ်ချိုးနှိမ်ထားရတာ ဆောင်းရာသီဘယ်နှစ်ခါများ လွန်ခဲ့ပြီလဲ။
မိစ္ဆာတွေ ဓါးကျိုးသွားရတဲ့ ရပ်ဝန်းတွေ တစ်နေ့တစ်ခြားများလာပေမယ့် ကျွန်မရဲ့ရပ်ဝန်းမှာတော့ မိစ္ဆာအစွယ်တွေက ဖွေးဖွေးလှုပ်နေတုန်းပါပဲ။ ဒီဆောင်းကလည်း အာဏာရှင်ဓါးစက်အောက် အကြောက်တရားနဲ့ ပြည့်နှက်နေတဲ့ ဆောင်းရာသီတစ်ခု ဖြစ်နေဆဲပါပဲလား။
ဒါပေမယ့် နွေဦးရောင်ခြည် အမျှင်တန်းတွေ ဖြန့်ကျက်လာဖို့ကိုတော့ တော်လှန်ပြည်သူတို့က ဇွဲနပဲနဲ့ ရုန်းကန်ကူးခတ်နေဆဲပါပဲ။
စစ်ဘောင်ကျယ်လာတယ်ဆိုတဲ့ စကားလုံးအောက်မှာ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရောင်ခြည်နဲ့အတူ မသေရုံတမယ် ပြေးလွှားရုန်းကန်နေရတဲ့ ဘဝတွေဟာလည်း နေ့စဉ်နဲ့အမျှ ကိန်းဂဏန်းတွေ ထပ်တိုးလာနေတယ်။
ရော်ဘာရွက်ကြွေတွေကို ငေးမောရင်းက ‘ဒါဟာ ခဏလေးပါပဲ… ပြီးသွားတော့မှာပါ… အိပ်မက်ဆိုးလို့ပဲ သဘောထားလိုက်မယ်’။ ဒီလို စိတ်ဖြေဂါထာကို တဖွဖွရွတ်ရတာလည်းအမော။
‘အိပ်မက်ဆိုးကလည်း ရှည်ကြာလိုက်တာ” ဒီလိုမျိုးတွေးမိပြီးမှ တော်လှန်ရဲဘော်တွေကို အားနာစိတ်ကြောင့် ကိုယ့်အတွေးကို ကမန်းကတန်း ခေါက်သိမ်းရတာလည်းအခါခါ။
စိတ်မော လူမောနဲ့ ကခုန်နေတဲ့ တွေးလုံးတွေထဲကနေ ဆရာ“လှသန်း” ရဲ့ ကဗျာတစ်ပိုင်းတစ်စ နှုတ်ဖျားမှာ မသိမသာတိုးရှေ့လှုပ်ခတ်သွားတယ်။
“သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ…လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား… လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်”။
ပုံပြင်ထဲက စုန်းမရဲ့ အေးစက်မာကျောတဲ့ လက်ချောင်းလိုပဲ ဆောင်းလေကလည်း ဝန်းကျင်တစ်ခုလုံးကို အေးခဲအောင် ချုပ်
နှောင်ထားသလို။ အနွေးဓာတ်နည်းနေတဲ့အခါ အလွမ်းရဆုံးအရာဟာ ဘာများလဲလို့ တစ်စုံတစ်ယောက်က မေးလာခဲ့ရင် “အိမ်”လို့ မဆိုင်းမတွ ဖြေမိမယ် ထင်ပါတယ်။
သစ်၊ ဝါး၊ အုတ်၊ ကျောက် စတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ တည်ဆောက်ထားတဲ့ “အိမ်”။ မေတ္တာ အနွေးဓါတ်၊ သံယောဇဉ် အနွေးဓါတ်တွေနဲ့ နွေးထွေးလုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ “အိမ်”။ အဲဒီအိမ်နဲ့ အဝေးတစ်နေရာမှာ ရောက်နေရတဲ့သူတွေ။ အဲဒီအိမ်ရဲ့ ပျက်စီးလောင်ကျွမ်းသွားတာကို ရင်နာနာနဲ့ ငေးကြည့်နေရသူတွေ။ အဲဒီအိမ်ရှိရာဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့သူတွေ။
အိမ်ရဲ့အဝေးမှာ ရောက်နေချိန် အိမ်ရှိရာဆီ ပြန်ပြောင်းလွမ်းဆွတ်ရတာမျိုးကို “အိမ်လွမ်းနာ” (Nostalgia -နော်စတယ်ဂျာ) လို့ ခေါ်ပါသတဲ့။ အိမ်လွမ်းနာဟာ ကိုယ်စိတ်နှစ်ပါးကို ဘယ်လောက်အထိ လောင်ကျွမ်းထိခိုက်စေသလဲဆိုတာ ခံစားဖူးသူတိုင်း သိကြမှာပါ။
အိမ်နီးချင်းတိုင်းပြည်မှာ ခိုလှုံနေရတဲ့ မိတ်ဆွေတစ်ယောက်က သူ့အိမ်လွမ်းနာကို ရင်ဖွင့်တော့ ကျွန်မစိတ်ကြေးမုံပြင်မှာ သူ့စိတ်အရိပ်တွေ လာထင်နေသလို ထပ်တူခံစားရပါတယ်။ ဓမ္မဘက်တော်သားတို့ရဲ့ အောင်ပွဲအသံကို ကြားရတိုင်းအိမ်ပြန်ရမယ့်ရက် နီးလာပြီလို့ အားတင်းထားတဲ့ကြားက စိတ်ရွက်ကြွေတွေဟာ ဖြုတ်ကနဲ ဖြုတ်ကနဲ ကြွေကျရှာသတဲ့။ အားတင်းထားပါ ဆိုတဲ့ စကားကလွဲပြီး ကျွန်မဘာများပြောနိုင်မှာလဲ။
ပြီးတော့ တောတောင်ထဲမှာ ဒုက္ခမျိုးစုံခံပြီး ဖက်ဆစ်တပ်ကို တိုက်ထုတ်နေတဲ့ လူငယ်တွေ။ သေနတ်ကိုင်ပြီး စစ်တိုက်ဖို့ ဘဝမှာ တစ်ခါမှ မတွေးခဲ့ကြတဲ့ သူတွေ။ အိပ်မက်တွေကိုအကောင်အထည် ဖော်ရမယ့်အရွယ်။ ပညာသင်ကြားကြရမယ့် အရွယ်။ ဝါသနာပါရာကို အားမာန်နဲ့ ကြိုစားရမယ့်အရွယ်။ လူငယ်ဆိုတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဖြတ်သန်းမှုကို စတေးပြီး နောင်မျိုးဆက်အတွက် အသက်ပေးကြတယ်တဲ့လား။
သူတို့တစ်တွေလည်း “အိမ်” လို့ခေါ်တဲ့ မိသားစုရဲ့ အနွေးဓါတ်ကို ဘယ်လောက်အထိ တောင့်တနေရှာလိမ့်မလဲ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနိုင်တဲ့ သူတို့လေးတွေရဲ့ သတ္တိကို ဦးညွှတ်အလေးပြုရတာ အကြိမ်ကြိမ်ပါပဲ။
ဘယ်နေရာရောက်ရောက်၊ ဘယ်လိုပဲနေရနေရ အိမ်လွမ်းနာဟာ ပေါက်ခါနီး ပြည်တည်နာလို တဆစ်ဆစ် ကိုက်ခဲနာကျင်ရစမြဲပါပဲ။ ဒီလိုအေးစက်စက် ဆောင်းလက်တံအောက်မှာ“အိမ်” ရဲ့ အနွေးဓာတ်ဟာ လူတိုင်းအတွက် အလိုအပ်ရဆုံး အရာတစ်ခုပါ။
အိမ်လွမ်းနာ ခံစားနေရတဲ့ မိတ်ဆွေတို့ရဲ့ ဒဏ်ရာကို ကူးစက်ခံစားရင်း သက်ပြင်းကိုပဲ ခပ်နာနာ ချလိုက်မိတယ်။ ရွက်ခြောက်ပေါ်မှာ ဖြတ်နင်းနေတဲ့ ခြေလှမ်းတွေကတဖြည်းဖြည်း လေးလံလာသလို စိတ်ထဲမှာလည်း လေးလံတင်းကျပ်လာတယ်။
တိုင်းတစ်ပါးလည်း မထွက်။ တောတောင်ထဲလည်း မရောက်။ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရတာမျိုးလည်း မရှိပေမယ့် အိမ်လွမ်းနာ အပူမီးဟာ ကျွန်မရင်ထဲမှာ လောင်မြဲလောင်လျက်ပါပဲ။ ဘာ့ကြောင့်များလဲ။ ကျွန်မရဲ့ စိတ်အနာဟာစာမဖွဲ့လောက်ပါဘူးလို့ အကြိမ်ကြိမ် ကြိတ်မှိတ်မြိုသိပ်ရင်းက စိတ်မျက်နှာပြင်ပေါ်ကို အုံကြွတက်လာပြန်ပြီ။
တစ်သက်လုံးနေလာတဲ့ ဝန်းကျင်ဟာ အိမ်ရဲ့အငွေ့အသက်ပျောက်ဆုံးသွားတာ ဘယ်အချိန်ကတည်းကလဲ။ ကိုယ်ကိုယ်တိုင် သတိမထားမိခင်မှာပဲ ကျွန်မဝန်းကျင်မှာ အိမ်ရဲ့ အနွေးဓါတ်တွေကို မခံစားရတော့ဘူး။ အေးစက်ခြောက်ခြားစရာကောင်းတဲ့ အကြောက်တရားတွေဟာ ကျွန်မအနားမှာ ထူထဲသထက် ထူထဲလာတယ်။
ညဘက်အိမ်ထဲ ဝင်စီးပြီး လူငယ်ဘယ်နှစ်ယောက်ကိုတော့ ဖမ်းသွားပြန်ပြီဆိုတဲ့ အဖြစ်အပျက်တွေက ကျွန်မနဲ့ တဖြည်းဖြည်း နီးကပ်လာတယ်။ ညဘက်မှာ ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် လမ်းမပေါ် ဖြတ်သွားတိုင်း ထိတ်ကနဲဖြစ်သွားမိစမြဲ။ ငရဲကောင်တွေ ကျွန်မအိမ်ရှေ့ကိုများရောက်လာတော့မလား။ စိတ်အတွေးဟာ အဆိုးဘက်ကို ရောက်နေလို့ ထင်ပါရဲ့။
အနောက်ကနေ တစ်ယောက်ယောက်လိုက်လို့ အသည်းအသန် ထွက်ပြေးရတဲ့ အိပ်မက်တွေ။ ချောင်ပိတ်ပြီး လူအုပ်ကြီးရဲ့ ခြိမ်းခြောက်မေးမြန်းတာကို ခံနေရတဲ့ အိပ်မက်တွေ။ “လာ…လိုက်ခဲ့” ဆိုပြီး ဆိုးတဲ့နေရာဆီ ခေါ်သွားမှန်းသိလို့ငြင်းဆန်နေတဲ့ အိပ်မက်တွေ။ အဲဒီလို ကြောက်လန့်တကြားဖြစ်ရတဲ့ အိပ်မက်ဆိုးတွေကို မကြာမကြာ မက်လာတယ်။
နေ့ခင်းဘက်မှာလည်း အကြောက်တရားတွေက လျော့ပါးမသွားဘူး။ စစ်ကောင်စီ စစ်သားတွေ ကားဘယ်နှစ်စီးနဲ့ ကျွန်မတို့ ဒေသဘက် လာနေပြီဆိုတဲ့ သတင်းတွေ။ ရွာနီးချုပ်စပ်ကို ဖြတ်သွားပြီး ပစ္စည်းတွေ သယ်ပို့နေတယ် ဆိုတာမျိုးတွေ။ ညနေပိုင်း အိမ်စီးကားတွေနဲ့ ဒီဘက်ကိုထွက်လာတယ် ဆိုတာမျိုးတွေ ခပ်စိပ်စိပ် ကြားလာရတယ်။
အိမ်ရဲ့အဝေးမှာ ရောက်နေပြီး “အိမ်လွမ်းနာ” ခံစားနေရတာကို “နော်စတယ်ဂျာ” လို့ခေါ်ရင် ကိုယ့်အိမ်ထဲကိုယ်နေပြီး အရင်ကာလတွေလို နွေးထွေးလုံခြုံတဲ့ ဝန်းကျင်မျိုး ပြန်လည်တမ်းတ လွမ်းဆွတ်နေတာကို ဘယ်လိုစကားလုံးနဲ့ ဖော်ပြနိုင်မှာပါလိမ့်။
ဆောင်းပါးရှင် “ထွေးညို” ရေးသားထားတဲ့ “ဆိုလာစတယ်ဂျာ” ဆိုတဲ့ စကားလုံးကိုတွေ့ပြီး ထပ်ခါတလဲလဲ ပြန်ဖတ်နေမိတယ်။ ကိုယ့်အသိုက်အမြုံ ကိုယ့်ပတ်ဝန်းကျင်မှာနေထိုင်နေရင်းနဲ့ “အိမ်လွမ်းနာ” ဝေဒနာမျိုး ခံစားနေရတာကို“ဆိုလာစတယ်ဂျာ (Solastalgia)” လို့ ခေါ်ပါသတဲ့။
ကိုယ်တွယ်တာရတဲ့ ရပ်ဝန်းတစ်ခု ဆိုးယုတ်ရာဆီ ပြောင်းလဲသွားတဲ့အခါ တမြေ့မြေ့ နာကျင်ဝမ်းနည်း နေရတာမျိုးကို“ဆိုလာစတယ်ဂျာ” လို့ဆိုရင် ကျွန်မအခု ခံစားနေရတဲ့ ဝေဒနာကို “ဆိုလာစတယ်ဂျာ” လို့ သုံးနှုန်းနိုင်လေမလား။
“ဆိုလာစတယ်ဂျာ” ဟာ သဘာဝပတ်ဝန်းကျင်အရေး၊ ဥတုရာသီအရေးနဲ့ဆိုင်တဲ့ ပူဆွေးသောကကို အဓိကညွှန်းဆိုတယ်လို့ ဆိုပေမယ့် ကျွန်မကတော့ အဲဒီစကားလုံးကို အငှားသုံးချင်မိတာပါပဲ။
ဆောင်းရဲ့အအေးဓါတ်က ပိုကဲလာသလို ကျွန်မစိတ်အစဉ်ဟာလည်း ပိုလေးလံထိုင်းမှိုင်းလာတယ်။ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်တွေကို မော့ကြည့်ရင်း သောကထုထည်ဟာသိပ်သည်းသထက် သိပ်သည်းလာတယ်။ အကာအကွယ်မဲ့နေတဲ့ ကလေးတစ်ယောက်အတွက် မိခင်ရဲ့ရင်ခွင်ကို တောင့်တမိသလိုမျိုး။
အိမ်ရဲ့အဝေးမှာ ရောက်နေမှ အိမ်လွမ်းနာဖြစ်ရတာ မဟုတ်ပါဘူး။ ဆိုးယုတ်မှုတွေ ကိုယ့်ဝန်းကျင်မှာ ကြီးစိုးလွှမ်းမိုးနေသေးသရွေ့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာနေနေကြောက်ရွံ့အထီးကျန်ရတဲ့ အိမ်လွမ်းနာ ဝေဒနာဟာ လူတိုင်းရင်ထဲမှာ ခိုကပ်လှိုက်စားနေဦးမှာပါ။
ဒီအိမ်လွမ်းနာကို ကုသနိုင်တဲ့ နည်းလမ်းက တစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကတော့ “တော်လှန်ရေး” ပါပဲ။
ငြိမ်းပန်
The Tanintharyi Times
