ဆောင်းနှောင်းကာလနဲ့ သတိပြုစရာ သွေးတိုးရောဂါ
ဆောင်းနှောင်းကာလနဲ့ သတိပြုစရာ သွေးတိုးရောဂါ

မကြာမီအချိန်မှာ ဆောင်းနှောင်းကာလ တပို့တွဲလသို့ ချဉ်းနှင်းဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ တပို့တွဲလကို “နှာရည်ယိုရွဲ တပိုတွဲ” လို့ အသိများကြသော်လည်း “ချမ်းအေးလွန်ကဲ တပို့တွဲ”လို့လည်း ဆောင်ပုဒ်ကို သတိပြုမိသူ နည်းလှပါတယ်။
ချမ်းအေးလွန်ကဲ တပို့တွဲမှာ သွေးတိုးအခံရှိတဲ့ သက်ကြီးတွေ လေဖြတ်တာနဲ့ အခြားကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ သတိပြုနေထိုင်ရမယ့် ကာလတစ်ခု ဖြစ်ပါတယ်။
သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေ
- အငန်ဓာတ်ပါတဲ့ အစာတွေ အစားများခြင်း(ငါးပိ၊ငါးခြောက်၊ငံပြာရည်)
- ပြုပြင်ဖန်တီးထားတဲ့ ဟင်းခတ်မှုန့်တွေ အလွန်အကျွံ့သုံးစွဲခြင်း
- အတက်စာတွေ အစားများခြင်း(ဒညင်းသီး၊မျှစ်၊မှို)
- မျိုးရိုးထဲမှာ သွေးတိုးရောဂါရှိနေခြင်း
- ကိုယ်အလေးချိန်များနေခြင်း
- အမျိုးသမီးတွေမှာ (၆၅)နှစ်နောက်ပိုင်း၊အမျိုးသားတွေမှာ (၄၅)နှစ်နောက်ပိုင်းအရွယ်တွေမှာ သွေးတိုးတတ်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
- အရက်နဲ့ဆေးလိပ်တွေ အလွန်အကျွံ့သောက်ခြင်း
- အကိုက်အခဲပျောက်ဆေးတွေ အချိန်ကြာကြာသောက်နေရခြင်း
- ဆီးချိုအခံရှိနေခြင်း
- သိုင်းရွိုက်ပြဿနာရှိနေခြင်း
- သုံးစွဲတဲ့ သန္ဓေတားဆေးတွေ ကြောင့် သွေးတိုးခြင်း
- ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်း
- စိတ်ဖိစီးမှုများခြင်း
သွေးတိုးရောဂါ လက္ခဏာတွေ
- ခေါင်းကိုက်ခြင်း
- ရင်တုန်ခြင်း
- နှာခေါင်းသွေးလျှံခြင်း
- မအီမသာဖြစ်ခြင်း
- နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း
- ချွေးစေးတွေ ပြန်နေခြင်း
သွေးတိုးရောဂါ နောက်ဆက်တွဲဆိုးကျိုးတွေ
သွေးတိုးရောဂါဟာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
- နှလုံးပျက်စီးခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ ဖြတ်ခြင်း
- မျက်စိထဲမှ သွေးကြောတွေပေါက်ပြီး သွေးစိမ့်နိုင်ခြင်း၊ မျက်စိကွယ်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးဆိပ်တက်ခြင်း
သွေးပေါင်ကျစေတဲ့ အိမ်တွင်းကုထုံးတွေ
- နေ့စဉ် လေ့ကျင့်ခန်းလုပ်ပေးပါ (လမ်းလျှောက်ခြင်း)
- ဆားအပါအဝင် အငန်ဓာတ်ပါတဲ့ အစာတွေ လျှော့စားခြင်း
- ပိုတက်ဆီယမ်ပါတဲ့ အစားတွေကိုစားပေးပါ။ ပိုတက်ဆီယမ်ဟာ အငန်ဓာတ်ကိုလျော့နည်းစေပြီး သွေးပေါင်ကျစေပါတယ်။ ပိုတက်ဆီယမ်ပါတဲ့ အစားအစာတွေမှာ အရွက်စိမ်းတွေ၊ ခရမ်းချဉ်သီး၊အာလူး၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ငှက်ပျောသီး၊ အစေ့အဆန်တွေ၊ အဆီထုတ်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။
- ကိုယ်အလေးအချိန်ကိုထိန်းသိမ်းသင့်ပါတယ်။
- ဆေးလိပ်၊ အရက်သုံးစွဲသူတွေ အနေဖြင့် တဖြေးဖြေးချင်း ဖြတ်သင့်ပါတယ်။
- စိတ်ဖိစီးမှုတွေ ကိုလျော့ချပါ (တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်းတွေ ပြုလုပ်ပေးသင့်ပါတယ်)
- အကယ်၍ မိမိမှာ သွေးတိုးရောဂါရှိနေပြီဆိုရင် ဆေးပညာရှင်တို့ ညွှန်ကြားထားချက်အတိုင်း သွေးကျဆေးတွေကို အချိန်မှန်မှန်မှီဝဲသင့်ပါတယ်။
- လေထုညစ်ညမ်းမှုရှိသောနေရာများကို ရှောင်ကြဉ်သင့်ပါတယ်။
- အိပ်ရေး၀၀အိပ်သင့်ပါတယ်။
သွေးတိုးသမားတို့အတွက် သင့်တော်တဲ့သဘာဝဓာတ်စာတွေ
ခန္ဓာကိုယ်မှာ အပူအအေးမျှစေဖို့နဲ့ ဝမ်းမှန်စေဖို့အတွက် သွေးတိုးသမားတွေအနေဖြင့် ဝမ်းမချုပ်အောင် သတိပြုနေထိုင်သင့်ပါတယ်။
ဥပမာ – ကန်စွန်းရွက်၊ ဘူးရွက်၊ ဟင်းနုနွယ်တို့ကို မကြာ မကြာ စားပေးသင့်ပါတယ်။ သွေးတိုးသမားတွေမှာ ဝမ်းချုပ်နေမယ်ဆို သွေးပေါင်ချိန်ဖို့က လွယ်လွယ်နဲ့မကျဖြစ်နေတတ်ပါတယ်။
သွေးတိုးသမားတွေ အနေဖြင့် သွေးတွင်းအဆီမများစေဖို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုစားသုံးပေးသင့်ပါတယ်။
သွေးတိုးသမားတွေအနေဖြင့် သွေးပေါင်လည်းကျ၊ ဆီးဝမ်းလည်းရွှင်စေဖို့ ရဲယိုသီးကို ထန်းလျက်ဖြင့် ယိုထိုးကာ စားသုံးပေးနိုင်ပါတယ်။
သွေးတိုးအမြန်ကျစေတဲ့ အိမ်တွင်းကုထုံးတွေ
အကယ်၍သွေးတိုးပြီး လေးလံထိုင်းမှိုင်းနေရင် နနွင်းမှိုင်းခံခြင်း ပြုလုပ်ပေးနိုင်ပါတယ်။
ရေနွေးပူပူမှာ သံပုရာညှစ်ကာ သောက်ခြင်းမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။(အစာအိမ်
သမားတွေ အတွက် မသင့်တော်ပါ)
ဒန့်သလွန်စေ့ကိုအခြောက်ခံကာ စားပေးခြင်းဖြင့်လည်း သွေးကျစေပါတယ်။
ရဲယိုရွက်၊ ရဲယိုသီးတွေကို စားသုံးပေးလို့လည်း ရပါတယ်။
အလွန်အမင်းသွေးပေါင်တက်နေချိန်မှာ လှုပ်ရှားမနေဘဲ ငြိမ်ငြိမ်လေးနေသင့်ပါတယ်။
သွေးတိုးရောဂါက ကာကွယ်လို့ ရတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။
- အထူးသဖြင့် ဆီကြော်စာတွေ ရှောင်ရှားခြင်း
- အငန်ဓာတ်ပါတဲ့ အစားအစာတွေရှောင်ရှားခြင်း
- စားအုန်းဆီနဲ့ပြည့်ဝဆီတွေ အသုံးပြုခြင်းကို ရှောင်ရှားခြင်း
- ဆေးလိပ်၊အရက်များရှောင်ရှားခြင်း
- စိတ်ဖိစီးမှုတွေကို လျော့ချခြင်း
- နေ့စဉ် လမ်းလျှောက်ပေးခြင်း
- ဆီး၊ ဝမ်းမှန်အောင်နေထိုင်ခြင်း
- ဆောင်းနှောင်းကာလမှာ အအေးမပတ်အောင်နေထိုင်ခြင်း (နွေးနွေးထွေးထွေးဝတ်ဆင်ခြင်း)
စိတ်တည်ငြိမ်စေဖို့ တရားထိုင်ခြင်းတို့ပြုမူလုပ်ဆောင်ကာ သွေးတိုးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
PKN
The Tanintharyi Times