မဲဆောက်မှာ အထောက်အထားမဲ့နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ တင်းကျပ်လာ
မဲဆောက်မှာ အထောက်အထားမဲ့နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေ တင်းကျပ်လာ
ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့အတွင်းမှာအထောက်မဲ့ နေထိုင်တဲ့နိုင်ငံခြားသားတွေကို ဖမ်းဆီး စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတယ်လို့ မဲဆောက်မှာနေထိုင်သူတွေဆီကသိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ စျေးဆိုင်တွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေနဲ့ တန်းလျားတွေ အတွင်း အထောက်အထားမဲ့ နေထိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့စစ်ဆေးမှု ရဲတပ်ဖွဲ့ အင်အားသုံးဆယ်လောက်နဲ့ အထောက်အထားမဲ့နိုင်ငံခြားသားတွေ နေထိုင်နိုင်တဲ့ နေရာတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ပြတ် နှိမ်နင်းနိုင်ဖို့လို့ဆိုကာ မဲဆောက်မြို့တွင်းကို နိုင်ငံခြားသားတွေ ဝင်ထွက်နိုင်တဲ့နေရာတွေကိုအဓိကရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး စတဲ့ ရာဇဝတ်မှုများကို (၆) လအတွင်းအပြတ်မနှိမ်နင်းနိုင်ရင် နေရာပြောင်းရွှေ့မယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးပြောပြီးချိန်မှာ ထိုင်းအထူးအဖွဲ့အင်အား နှစ်ရာကျော်စစ်ဆေးဖမ်းဆီး မှုတွေလုပ်ဆောင်မယ်လို့ ထိုင်းရဲတွေ ဘက်က ပြောဆိုထားကြောင်း မဲဆောက်မှာ နေထိုင်မြန်မနိုင်ငံသားတွေ က ပြောပါတယ်။
“ဒီနေ့ အစစ်ဆေးအဖမ်းဆီးအရမ်းကြမ်းတယ်။ တည်းခိုခန်း ဟိုတယ် တန်းလျားတွေထိ ဝင်တာ။ အခုအိမ်ဌားရင်တောင်အထောက်အထားမရှိရင်မဌားပေးတော့ဘူး။ အိမ်တွေ Apartment တွေကိုလည်း အထောက်အထားမရှိရင်မဌားဖို့ အိမ်ရှင်တွေကိုအသိပေးထားတယ်။ အခုကဖမ်းသွားရင် ဟိုဘက်ကမ်းပြန်သွန်မယ်ဘဲပြောတယ်။ အခုက ထိုင်းရဲတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်၊ စစ်ဆေးတာတွေ လုပ်ခဲ့တာ။ ထိုင်းဘက်က လုပ်လေ့ရှိတဲ့ ပုံစံဆိုပေမယ့် အဲဒီကိစ္စတွေကြောင့် မြန်မာတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတယ်” လို့ မဲဆောက်အတွင်းနေထိုင်သူမြန်မ။အမျိုးသားတစ်ဦးက Connect Burma ကိုပြောပါတယ်။
ကျားဖြန့်ဂိုဏ်းတွေကို တားဆီးဖို့ လို့ဆိုကာ မြန်မာဘက်နေ ထိုင်းဘက်ခြမ်းကို တရားမဝင် ရေလမ်း၊ ကုန်းလမ်းနဲ့ သွားလို့ရတဲ့ နေရာတွေ မြဝတီမြို့နဲ့ အဓိက ထိစပ်နေတဲ့ မဲဆောက်နဲ့ ဖုတ်ဖရ စတဲ့ဒေသတွေ အပါအဝင် ဒေသသုံးခုကို ထိုင်းအာဏာပိုင်တွေကလုံခြုံရေးပိုမိုတင်းကျပ်ထားတယ်လို့သိရပါတယ်။
ဒါ့ပြင် ၆ လ စီမံချက်နဲ့ထိုင်းနယ်စပ်တစ်လျှောက် ခရိုင် (၁၄) ခရိုင် (၅၁) မြို့နယ်ကို လုံခြုံရေးတင်းကြပ်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တားဆီးနှိမ်နင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်း နိုင်ငံတွေအနေနဲ့ တော်လှန်ရေး အင် အားစုတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေကပါ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အရာရှိတွေ ဒီရက်ပိုင်းမှာ ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေကို ပပျောက်အောင် ပူးပေါင်းဆောင်ရွက်ဖို့ဆက်တိုက် တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ဇန်နဝါရီ လဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရသည့် ဖြစ်စဉ်နောက်ပိုင်း နယ်စပ်ဒေသရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး ပိုမို ပြောဆိုဆွေးနွေးမှု ရှိလာခဲ့တာဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times
