တက်တူးအော်သံ

တက်တူးအော်သံ

(၁)
တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကာဗာအရေပြားထက် တက်တူးတစ်ခုခုကို မြင်မိရင် အဲဒီတက်တူးအကြောင်း မေးလိုက်ရမှ သိလိုက်ရမှ စိတ်အာသာပြေသွားတတ်တာက ကျွန်တော့်ရဲ့ ဝသီအကျင့်များစွာထဲက တစ်ခုပါပဲ။

ကျွန်တော်ဟာ တက်တူးကို အင်မတန် မြတ်နိုးနှစ်သက်ခုံမင်စွဲလမ်းနှစ်ခြိုက်တတ်သူတစ်ဦးပါ။

“ သူ့ရဲ့ လုပ်ရပ်တွေနဲ့ သူယုံကြည်ရာအတွက် စွန့်လွှတ်မှုတွေကို လေးစားလို့။ အဲဒါတွေကို အသိမှတ်ပြုချင်လို့။ အရှင်းဆုံး ပြောမယ်ကွာ ငါ့ဘဝကို လွှမ်းမိုးနိုင်တဲ့သူမို့ ထိုးထားတာ”

“ အိုကေလေ။ ဒါဆို အောက်က စာသားကရော။ သီချင်းခေါင်းစဉ်ကို ရေးလိုက်တာလား “

“ မင်း ဒီအတိုင်းကြည့်တော့ သီချင်းခေါင်းစဉ်ပေါ့။ ဒါပေမဲ့ ငါက သီချင်းခေါင်းစဉ်ကို ထိုးလိုက်တာမျိုး မဟုတ်ဘူး။ ငါ့ ဆိုလိုရင်းနဲ့ ငါ။ ဒီလိုကွာ ဒီအာဏာသိမ်းမှုကို ပြုတဲ့အတွက်နဲ့ ပြည်သူတွေကို ညှင်းပန်းတဲ့အတွက် ဒီကောင်တွေကို ဘယ်တော့မှ အခဲမကြေဘူးဆိုတဲ့ သဘော၊ ခွင့်မလွှတ်ဘူးဆိုတဲ့သဘောနဲ့ ရေးဖြစ်သွားတာ။”

အာဏာသိမ်းကာလအစမှာ သူငယ်ချင်းတစ်ယောက်က သူရဲ့ညာဘက်လက်ဖျံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို တက်တူးထိုးခဲ့ပါတယ်။ ပုံရဲ့အောက်ခြေမှာတော့ “ကမ္ဘာမကြေဘူး”ဆိုတဲ့ စာသားကလည်း ခန့်ညားတည်တံ့စွာ တွဲလျက်။
 
(၂)
တက်တူး။
လူငယ်အများစု သဘောကျတတ်တဲ့ အနုပညာတွေထဲမှာ အရေးပြားပေါ်ကရောင်စုံပန်းချီကားလို့ တင်စားတတ်ကြတဲ့ တက်တူးအနုပညာကလည်း တစ်ခုအပါအဝင်ပါပဲ။

“တက်တူးဆိုတာ ထောင်ထွက်တွေပဲထိုးတတ်တာ၊ လူမိုက်တွေပဲ ထိုးတတ်တာ၊ ပြည့်တန်ဆာတွေပဲ ထိုးတတ်တာ၊ တက်တူးထိုးထားတဲ့သူတွေမှာ AIDS ရှိတယ်။ တက်တူးထိုးထားရင် ဘုရားက အပြစ်ကြီးကြီးပေးလိမ့်မယ်” စသဖြင့် ပြောတတ်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ကျွန်တော်ကြီးပြင်းလာခဲ့ရတာပါ။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာပဲ ကျွန်တော်ဟာ တက်တူးကို  သိပ်သဘောကျတဲ့ကောင် ဖြစ်လာခဲ့တယ်။

တက်တူးနဲ့ ပတ်သက်ပြီး ယခုအချိန်ထိ တစ်ခါမှတောင် အဆိုးမမြင်ခဲ့ဖူးတဲ့အပြင် တက်တူးထိုးထားတဲ့ သူတွေကိုတွေ့ရင် လိုက်ငေးဖြစ်တယ်။ နောက်ပြီး လိုက်တွေးဖြစ်တယ်။ အတွေးက နှစ်ခုပါ။ သူတို့ဘာကြောင့် ဒီတက်တူးထိုးသလဲ ဆိုတာရယ် ထိုးထားတဲ့ တက်တူးအဓိပ္ပာယ်က ဘာများဖြစ်မလဲဆိုတာရယ်။

တက်တူးတစ်ခုကို မြင်လိုက်မိပြီဆိုရင်ပဲ ဒီအတွေးနှစ်ခုက ကျွန်တော့်ဦးနှောက်ထဲ အလုပ်ရှုပ်တော့တာပါပဲ။ ငယ်ငယ်ကတော့ ဒီအတွေးတွေအတွက် အဖြေမရခဲ့တဲ့ အကြိမ်ရေက များပါတယ်။ ဒီတော့ တက်တူးအတွေးတွေက အိပ်မက်တွေအထိကို စိုးမိုးလာကြပါတယ်။

တက်တူးကျားကြီးက အသက်ဝင်လာပြီး ကျွန်တော့်ကို လာပွတ်သပ်တာမျိုးတွေ၊ အရိုးစုခေါင်းကြီးက တဖြည်းဖြည်းနဲ့ ကျွန်တော်ဖြစ်လာတာမျိုးတွေ၊ လျှာတန်းလန်းနဲ့ မြွေကြီးက ကျွန်တော်လက်ပေါ် ရစ်ခွေအိပ်စက်နေတာမျိုးတွေ၊ တက်တူးပန်းခင်းထဲက ငှက်တချို့ထပျံပြီး အဆုံးမဲ့တိုင်းပြည် ကောင်းကင်ကြီးထက် ဝဲပျံထသွားတာမျိုးတွေ စသဖြင့် စသဖြင့် ကျွန်တော့်ငယ်ဘဝရဲ့ အိပ်မက်တွေထဲမှာ တက်တူးတချို့က နေရာယူခဲ့ကြပါတယ်။

ကျွန်တော် အရွယ်ရောက်လာတော့ တက်တူးအတွေးတွေထဲမှာ အပိတ်အလှောင်မခံတော့ပါဘူး။ ငေးတယ်၊ တွေးတယ်။ အဖြေမရရင် တက်တူးပိုင်ရှင်တွေကို မေးပစ်လိုက်တယ်။

သူတို့ဆီက ရတဲ့အဖြေတွေက သူတို့တက်တူးလိုပဲ အနုပညာဆန်တယ်။ ကြောက်ဖို့ကောင်းတယ်။ ကြည်နူးဖို့ကောင်းတယ်။ တစ်ပုံချင်းစီမှာ ကိုယ်ပိုင်ဇာတ်ကြောင်းလေးတွေ နစ်ဝင်နေတတ်တယ်။သူတို့ဟာ ချစ်တဲ့အခါ တက်တူးထိုးတယ်၊ မြတ်နိုးမိတဲ့အခါ တက်တူးထိုးတယ်၊ နှလုံးသားလေးတွေ နာဖျားကိုက်ခဲတဲ့အခါ တက်တူးထိုးတယ်၊ အမှတ်တရဖြစ်စေချင်တဲ့အခါ တက်တူးထိုးတယ်၊ ခံစားမှုတွေကို ဖုံးကွယ်ရင်း သူတို့ကိုယ်သူတို့ လှည့်စားချင်တဲ့အခါ တက်တူးထိုးတယ်၊ တချို့က ဝါသနာတစ်ခုအနေနဲ့ တက်တူးထိုးတယ် စသဖြင့် စသဖြင့်ပေါ့။

တစ်ခုထူးခြားတာက တက်တူးပိုင်ရှင်တော်တော်များများဟာ သူတို့ထိုးထားတဲ့ တက်တူးရဲ့ အဓိပ္ပာယ်ကို ဇာတ်ကြောင်းကို တော်ရုံနဲ့ မပြောပြကြတာများတယ်။ သူတို့တက်တူးထဲမှာ တစ်ကိုယ်ပိုင် နာကျင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ချစ်မှုခင်မှုတရားတွေ၊ တန်းဖိုးထားမှုတွေ၊ ဘဝရဲ့စာမျက်နှာတွေကို မြှုပ်နှံထားကြလို့များလားပဲ။

အရင်ကတော့ ကျွန်တော်ရဲ့ သိချင်အတ္တကို ရှေ့တန်းတင်ပြီး မရမက မေးဖြစ်တာမျိုးတွေရှိခဲ့ဖူးတယ်။ နှစ်တွေကြာလာတဲ့အခါ ဒီလို မရမကမေးတာမျိုးလေးတွေအတွက် ပါးစပ်ရှောင်ဖြစ်လာတယ်။

တက်တူးထိုးသူတွေကို ကျွန်တော်တစ်ကိုယ်တည်း လျှို့ဝှက်ပြီး နာမည်တစ်ခုပေးထားတာရှိတယ်။ “သက်ရှိအရေပြားကို သင်္ချိုင်းလုပ်သူများတဲ့”တဲ့။

ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ချင်ရင်လည်း ထင်နိုင်ပါတယ်။ ကိုယ်အဓိပ္ပာယ်နဲ့ ကိုယ်ပေးထားတာမျိုးလေးပါ။ လူတစ်ယောက်ဟာ သူအသက်ရှင်ဆဲကာလမှာ သူရဲ့စိတ်ပေါင်းစုံကို အရေပြားထက် စုံမက်စွာမြှုပ်နှံကြခြင်း၊ သူ့အရေပြားဟာ သူ့အတွက်မြှုပ်နှံရာလေးဖြစ်ခြင်း။ ဒီသဘောသာပါ။ ကျွန်တော် သိပ်သဘောကျတယ်။

ကျွန်တော်လည်း အသက်ရှူသံတွေနဲ့ လမ်းခွဲခြင်းမပြုမီတော့ တက်တူးလေးတွေ ထိုးဖြစ်ဦးမှာပါ။ အရင်ကတော့ အသက်(၃၀)ပြည့်ရင်ထိုးမယ်လို့ စိတ်ကူးထားတယ်။ ကျွန်တော့်မှာလည်း မြှုပ်နှံထားရမယ့် အပိုင်းအစ အကျိုးအပဲ့ အကွဲအအက်တွေက များတယ်လေ။ ဒီတော့ ကျွန်တော်လည်း သက်ရှိအရေပြား သင်္ချိုင်းပိုင်ရှင်တစ်ယောက် ဖြစ်ဖို့ တကယ်လိုအပ်ပါတယ်။ ဒါပေမဲ့  ထိုးဖြစ်ဖို့က နှစ်နှစ်လောက်တော့ ကြာဦး မှာပါ။

တစ်နေ့က ကျွန်တော့်ချစ်သူက ပြောတယ်။ တစ်ချိန်ချိန်ရောက်ရင် တက်တူးဆင်တူလေး ထိုးကြမလားတဲ့။ ကျွန်တော့်ဆီမှာ တက်တူး ကြိုက်တဲ့ ချစ်သူတစ်ယောက်ရှိနေတာကလည်း မှော်ဆန်တယ်လို့ ဆိုရမလား။ ဒါမှမဟုတ် ဘုရားသခင်က ချီးမြှင့်တဲ့ လက်ဆောင်တစ်ခုလားပေါ့။

နမ်းရှိုက်ဖို့ကောင်းတဲ့ ချစ်သူ့လည်တိုင် အောက်ခြေမှာ အာရဗီစာလုံးလေးတွေ ရှိတယ်။ လက်ချောင်းတွေချင်း ယှက်လိုက်တဲ့အခါ ကျွန်တော်တို့ကို ပိုမိုနှောင်ဖွဲ့ပစ်ဖို့ ချစ်သူ့လက် ချောင်းလေးတွေမှာ ဂီတသင်္ကေတလေး တွေရှိတယ်။ ရှက်ရှက်နဲ့ ဝန်ခံရရင် တခါတလေတော့ ကိုယ်ချစ်သူ အရေပြားထက်က တက်တူလေးတွေကို မကြာမကြာတော့ သဝန်တိုမိတယ်။ သဝန်တိုခြင်း ဆိုသည်မှာလည်း စစ်မှန်သော ချစ်ခြင်းရဲ့ တက်တူးတစ်ခုပဲလေ။

ကျန်ခဲ့ပြီဖြစ်တဲ့ နှစ်တချို့က ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ တက်တူးဆိုင်လေးတစ်ဆိုင်ကို ရောက်ဖြစ်ခဲ့သေးတယ်။ သူငယ်ချင်းက ထိုးထားပြီးသားတက်တူးကို တခြားပုံတစ်ပုံနဲ့ ဖုံးလွှမ်းပစ်ဖို့၊ ကျွန်တော်ကတော့ ကျွန်တော်ဝသီအရ တက်တူးထိုးနေတာလေးကို ငေးမယ်၊ နောက်ပြီး ပုံမှန်အတိုင်း အတွေးတစ်ခုခုထဲ စိတ်တွေကို လွတ်ကျောင်းမယ်ပေါ့ဗျ။

တက်တူးဆရာက နှစ်ဆယ်မှာ အစွန်းထွက်ခါစ အရွယ်လေးပါ။ တက်တူးခန်းရဲ့ နံရံတွေပေါ်မှာ သူ့အတွေးတွေကို ပန်းချီကားတွေအဖြစ် ချိတ်ဆွဲထားတာလေးတွေ တွေ့ရတယ်။ ရီမောနေတဲ့ ဦးပဇင်းနှစ်ပါးရဲ့ မျက်နှာထက်မှာ သွေးကွက်တွေစွန်းနေတဲ့ တစ်ကားရယ်၊ ကိုယ်တုံးလုံး အမျိုးသမီးရဲ့ အပေါ်ပိုင်း ခန္ဓာကိုယ်ကို ဘေးတစ်စောင်းအမြင်နဲ့ အမှောင်ရောင်တွေ သုံးပြီး ဆွဲထားတဲ့ တစ်ကားရယ်ကို ကျွန်တော် အတော်ကြာကြာငေးဖြစ်လိုက်တယ်။ လူငယ်တစ်ယောက်ရဲ့ ဘယ်လို အသံတွေကများ ဒီမှန်ပိတ်ပန်းချီကားတွေထဲကနေ ကျွန်တော့်ဆီ ခုန်ပြူထွက်လာမလဲပေါ့။

တက်တူးဆရာက နံရံတွေပေါ်ပဲမဟုတ်ဘူး သူ့အရေပြားထက်မှာလည်း အကြောင်းအရာမျိုးစုံကို မှတ်တမ်းထိုးထားသေးတယ်။ စာလုံးတွေ၊ အကောင်လေးတွေ၊ အပင်လေးတွေ၊ ကြယ်တွေ၊ နောက်ပြီး ဘာလဲဆိုတာ ကျွန်တော် အမည်တပ်ဖို့ ခက်တဲ့ပုံတွေအများကြီးမှ အများကြီးပဲ။ တက်တူးဆရာက သူ့ဘဝကို တက်တူးထဲမှာ မြှုပ်နှံထားတာလား၊ ဒါမှမဟုတ် တက်တူးကို သူ့ဘဝထဲကို ဆွဲချိတ်ထားတာလား။ သေချာတာကတော့ လူငယ်တစ်ယောက်ရဲ့ တက်တူးတွေမှာ သူ့ရဲ့ ကြင်နာမှုတွေရှိတယ်၊ သူ့ရဲ့ မျက်ရည်တွေရှိတယ်၊ သူ့ရဲ့ အိပ်မက်တွေရှိတယ်၊ သူ့ရဲ့ ကိုးကွယ်ရာတွေရှိတယ်၊ သူရဲ့ ချစ်ခြင်းတရားရှိတယ်၊ သူရဲ့ ဘဝကြီးရှိတယ်၊ သူ့ရဲ့ယုံကြည်မှုတွေရှိတယ်၊ သူ့ရဲ့ လေးစားမှုတွေ ရှိတယ်။

တက်တူးခန်းထဲမှာ ကျွန်တော်ရယ်၊ သူငယ်ချင်းရယ်၊ တက်တူးဆရာရယ်ပဲရှိတယ်။ တက်တူးဆရာက ခံစားဖို့ကောင်းတဲ့ ဂီတသံစဉ်တွေကို Laptopကနေတဆင့် ထုတ်လွှတ်ထားပေးတယ်။ အလုံအခန်းဖြစ်တာမို့ သံစဉ်တွေဟာ အခန်းထဲမှာရှိတဲ့ လူငယ်သုံးဦးရဲ့ စိတ်တွေထဲကိုပဲ ခရားရေလွှတ်ပြေးဝင်ဖို့ရာက လွဲပြီး တခြားပြေးလမ်းမရှိ။ သံစဉ်တွေဟာ ပထမဆုံး အနေနဲ့ တက်တူးဆရာရဲ့ နှုတ်ခမ်းတွေဆီ ဝင်ပူးပြီး ကြိုးကိုင်လိုက်တယ်။ နောက်တော့ ကျွန်တော့်နှုတ်ခမ်းမ၊ နောက်တော့ သူငယ်ချင်းရဲ့ နှုတ်ခမ်းတွေဆီ။

အပ်ကြောင်းလေးတွေက သူငယ်ချင်းရဲ့ လက်ပေါ်မှာ တက်တူးဆရာရဲ့ အမိန့်အရ ပြေးလွှားနေတယ်။ ကျွန်တော့်မျက်လုံးတွေက အပ်ကြောင်းတွေကို မွေးဖွားပေးနေတဲ့ အပ်ဖျားလေးပေါ်မှာ ချိတ်ပြီးလိုက်နေတယ်။ တက်တူးဆရာရဲ့ အပ်ကြောင်းလေးတွေက သူငယ်ချင်းရဲ့ လက်ပေါ်က ဒေါ်အောင်ဆန်းစုကြည်ပုံကို ဓါးတစ်စင်း အားပါးတရဝေ့ယမ်းနေတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ပုံဖြစ်သွားအောင် စိတ်လိုလက်ရ ဖန်ဆင်းပေးနေတယ်။ ဒီအခန်းကျဉ်းလေးထဲ ဒီအချိန်လေးထဲမှာ တက်တူးဆရာဟာ သက်ရှိဖန်ဆင်းရှင်တစ်ပါးပါပဲ။

သူ့ငယ်ချင်းရဲ့ မျက်လုံးတွေက သူ့လက်ပေါ်က ပုံလေးတွေဆီကနေ ခွာခြင်းလုံးဝမရှိ။  ပုံအသစ်အကြောင်းကိုများ တွေးနေသလား။ အဖုံးခံလိုက်ရတဲ့ အဝှက်ခံနှင်းဆီတစ်ပွင့်အကြောင်းကိုများ တွေးနေတာလား။ သူ့အတွေးကို ကျွန်တော်ခူးမမိ။

ဒီနေ့ တစ်နေ့တာရဲ့အချိန်အတော်များများကို တက်တူးဆရာက သိမ်းယူလိုက်ပြီးနောက် သူငယ်ချင်းရဲ့ လက်ပေါ်မှာ ဆာမူရိုင်းတစ်ယောက်ရဲ့ ပုံဟာ သိပ်ကို ထင်ရှားလွန်းနေတယ်။

ဒီဆာမူရိုင်းပုံရဲ့အောက်မှာ အဖုံးခံလိုက်ရတဲ့ ကမ္ဘာကျော်အမျိုးသမီးတစ်ယောက်၊ မြန်မာ့လွတ်လပ်ရေး ဖခင်တစ်ဦးရဲ့ ချစ်လှစွာသော သမီးတစ်ယောက်၊ မြန်မာလူထုအတွက် ချစ်စွာသောခေါင်းဆောင်တစ်ယောက်ရဲ့ ပုံတူတက်တူးတစ်ခုရှိနေတာကို တက်တူးကြောက်အာဏာစုန်းကောင်တွေ ဘယ်တော့မှ မသိနိုင်တော့ပါဘူး။
 
(၃)
“ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖျက်ပြီး ဒီဆာမူရိုင်းပုံထိုးနေတုန်းက ဘယ်လိုခံစားရလဲ”

တက်တူးဆိုင်က ပြန်လာပြီး လတွေ ပုပ်အဲ့ချို့ဟောင်းကုန်ပြီကာမှ သူငယ်ချင်းနဲ့ လက်ဘက်ရည်အတူထိုင်ဖြစ်ကြတုန်းမှာ ကျွန်တော်မေးကြည့်ဖြစ်တယ်။ တက်တူးဆိုင်မှာ တက်တူးဖုံးစဉ်တုန်းက ကျွန်တော် ခူးမမိလိုက်တဲ့ သူ့အတွေးများကို ပြန်များရနိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ချူကြည့်ခြင်းပါ။

“ နာကျင်တာပေါ့။ အသားနာတာကို ပြောတာမဟုတ်ဘူးနော်။ ရင်ဘတ်ထဲ နာတာကို ပြောတာ။ လူငယ်တစ်ယောက်က သူပိုင်တဲ့ သူ့အရေပြားထက်မှာ သူ့ခံယူချက် သူ့ယုံကြည်ချက် သူ့စိတ်တွေကို လွတ်လပ်စွာပြသခွင့် မရလို့နာတာကွ”

သူငယ်ချင်းက သူ့စကားကို မဆက်တော့ဘဲ လက်ဘက်ရည်ဆိုင် အပြင်ဘက်ကို ငေးကြည့်နေတယ်။

ကျွန်တော့်အတွေးထဲတော့ သူငယ်ချင်ရဲ့ အသံက ပဲ့တင်ထပ်ဆဲ။ သူ့အသံနောက်ကနေ
“ မလုပ်ပါနဲ့ မလုပ်ပါနဲ့ တားနေရက်ကနေ အမေစုပုံထိုးထားတဲ့ ကလေးလေးကို သူတို့ ပစ်သတ်လိုက်ကြတယ်”ဆိုတဲ့  ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာက အမျိုးသမီးယောက်ရဲ့ ဆို့နစ်အက်ကွဲရောင်ဟပ် အသံ။

“ ကျွန်တော့်ကို ဒူးထောက်ခိုင်းတယ်။ … နောက်ပြီး အပေါ်အင်္ကျီချွတ်ခိုင်းတယ်။ လက်ရှည်ဝတ်ထားတော့။ အဲမှာသူတို့ ပုံကို စမြင်တယ်။ နောက်မှ ကျွန်တော်ဖျက်လိုက်ပါ့မယ်ပြောတယ် မရဘူး။ သူတို့ကိုယ်တိုင် မီးရှို့ဖျက်မယ်ပြောတယ်။ အဲဆိုလည်း ဖျက်ဗျဆိုပြီး ကျွန်တော်လည်း ဖျက်ခိုင်း လိုက်တယ်။ မီးရှို့တာက တာယာပတ်ကို မီးမြှိုက်ပြီးတော့ ကျွန်တော့်ကို ချုပ်ပြီး ရှို့တာ” ဆိုတဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က အသက်(၂၀)အရွယ် ကောင်လေးတစ်ယောက်ရဲ့ မာန်ဝင့်နေတဲ့ အသံ။

ဒီအသံတွေက ထပ်ကြပ်မကွာဘဲ ကျွန်တော့်အကြားအာရုံထဲ နိုးထလာပါတယ်။

“အရေပြားပေါ်က တက်တူးတွေကိုတော့ ဒီကောင်တွေ နည်းမျိုးစုံနဲ့ ဖယ်ပစ်ချင် ဖယ်ပစ်လို့ရမှာပေါ့။ အရေပြားပေါ်မှာ ထိုးထားတာကိုးကွ။ အေး ငါ့တို့ရဲ့ စိတ်ထဲ နှလုံးထဲမှာထိုးထားတဲ့ ယုံကြည်မှုတွေ၊ လေးစားမှုတွေ၊ မကျေနပ်မှုတွေ၊ တရားမျှတမှုလိုချင်တဲ့ တက်တူးတွေကိုတော့ ဒီကောင်တွေ ဘယ်တော့မှ ဘယ်နည်းနဲ့မှ ဖျက်လို့ရမှာ မဟုတ်ဘူးကွ”

သူငယ်ချင်းက အပြင်ဘက်တစ်နေရာကို ငေးနေရင်းကနေ ကောက်ခါငင်ခါ ပြောလိုက်တော့ ကြက်သီးတွေက ကျွန်တော့်အရေပြားတွေထက် ဆတ်ခနဲ ခေါင်းထောင်ထပြီး သူ့ကို ကပျာကယာထကြည့်တယ်။ သူငယ်ချင်းကတော့ လက်ဖက်ရည်ဆိုင်အပြင်တစ်နေရာကို ငေးကောင်းနေဆဲ။ သူ့စိတ်တွေကို ဘယ်ဆီများ လွတ်ကျောင်းနေပါလိမ့်။

ကျွန်တော်အာရုံတွေကိုတော့ တက်တူးအဖျောက်ခံ အသံတချို့ဆီက အဓမ္မဆွဲထုတ်ပစ်လိုက်တယ်။ နောက်ပြီး ရေနွေးကြမ်းခွက်ထဲကနေ လေထုထဲ လွတ်လပ်စွာ ခုန်ပေါက်မြူးထူး ဝေ့ဝိုက်ကွေ့ဝဲထွက်လာနေတဲ့  ရေနွေးငွေ့လေးတွေဆီ ကောက်ပေါက်ပစ်လိုက်မိတယ်။

ဘရိုင်ယံရိန်း

The Tanintharyi Times