“ဒေသခံကလက်မခံဘူး၊ ကန့်ကွက်စာတင်မယ်ဆိုရင် ခွင့်မပြုဘူး”

“ဒေသခံကလက်မခံဘူး၊ ကန့်ကွက်စာတင်မယ်ဆိုရင် ခွင့်မပြုဘူး”

တပ်မဟာ ၄၊ ကရင်အမျိုးသားအစည်းအရုံး (ဘိတ်-ထားဝယ်ခရိုင်) အတွင်းရေးမှူး ဖဒိုစောအယ်နားနဲ့ အင်တာဗျူး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းထဲမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ အလုံးအရင်းနဲ့တိုးလာနေပါတယ်။ သတ္တုတူးဖော်ရေးလုပ်ကွက်တွေအများစုဟာ KNU ထိန်းချုပ်နယ်မြေတွနဲ့ နယ်မြေထိစပ်ဧရိယာတွေမှာတည်ရှိပါတယ်။ အဲဒီနေရာတွေမှာ တူးဖော်ထုတ်လုပ်နေကြတဲ့ သတ္တုလုပ်ကွက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုခွင့်ပြုနေလဲ၊ ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာသိရဖို့ တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး(မြိတ်-ထားဝယ်ခရိုင်) ရဲ့ အတွင်းရေးမှူး ဖဒိုစောအယ်နားကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနင်္သာရီတိုင်းအပါအဝင် ဒေသတော်တော်များများမှာ သတ္တုတူးဖော်ကြတာတော်တော်များလာတာတွေ့ရတယ်။ အဲဒီထဲမှာ တပ်မဟာ ၄ ထိန်းချုပ် ဧရိယာတွေထဲမှာလည်း တူးနေကြတာလဲရှိတယ်။ KNU တပ်မဟာ ၄ ထိန်းချုပ်ဧရိယာတွေထဲမှာ သတ္တုတူးဖော်နေကြတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးစီမံခန့်ခွဲနေတယ်ဆိုတာမျိုးသိလို့ရမလား။

ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ KNU မှာကျတော့ သတ္တုဌာနရှိတယ်။ သတ္တုတူးဖော်တဲ့ဟာ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ စည်းမျဥ်းစည်းကမ်းတွေရှိတယ်။ သတ္တုလုပ်ငန်းတစ်နေရာခွင့်ပြုမယ်ဆိုရင် စည်းမျဥ်းစည်းကမ်းရှိတဲ့အတိုင်း ကျနော်တို့က ခွင့်ပြုတယ်ပေါ့နော်။ ဥပမာပေါ့နော် ပြည်သူလူထုက ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိဘူးဆိုရင်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘူးဆိုရင်တော့ အဖွဲ့အစည်းအကျိုးတွက်သော်လည်းကောင်း ရှိမယ်ဆိုရင် ကျနော်တို့က ခွင့်ပြုမှုတွေရှိတယ်။ ဒါပေမဲ့ ဒီသတ္တုလုပ်ငန်းမှာ တချို့ကတော့ အသေးစား ဒေသခံကလုပ်တာတွေ ရှိတယ်၊ တချို့ က ကုမ္ပဏီလုပ်ငန်းရှင်တွေ လုပ်တာရှိတယ်။ ဒေသခံတွေ လုပ်တဲ့အပိုင်းမှာတော့ ကျနော်တို့က သူတို့ရဲ့စားဝတ်နေရေး အဆင်ပြေဖို့အတွက် ခွင့်ပြုထားတာရှိတယ်။ ပြီးတော့ လုပ်ငန်းရှင်တစ်ယောက်ယောက်လုပ်မယ်ဆိုရင် သူတို့က အဆင့်ဆင့်လျှောက်ရမှာပေါ့နော်။ ပြီးတော့ ဘယ်လိုပြောမလဲ အခုနောက်ပိုင်းမှာတော့ တချို့နေရာတွေမှာ ခွင့်ပြုပေးလာတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲ ဒီတော်လှန်ရေးကာလမှာ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက်က ထပ်ပြီးတော့ ပေးလာတာရှိတယ်။ ဒါပေမဲ့ တခါတလေ စိန်ခေါ်မှုတော့ ရှိတာပေါ့။ ဥပမာ ကုမ္ပဏီသော်လည်းကောင်း ဒေသခံသော်လည်းကောင်း ကျနော်တို့ချမှတ်တဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းသူတို့ မလိုက်နာဘူး။ တခါတလေ ကျနော်တို့အဖွဲ့အစည်းအတွင်း မှာလည်း အားနည်းချက်တွေရှိတာပေါ့။ ကျနော်တို့က Monitoring အပိုင်းမှာ အားနည်းတာတွေရှိတာ‌ပေါ့။ စောင့်ရှောက်မှုအပိုင်းပေါ့‌နော် စီစစ်မှုအပိုင်းမှာ။ အဲဒီ လုပ်ငန်းရှင်တွေ စည်းမျဥ်းစည်းကမ်းတစ်ခု ချိုးဖောက်မယ်ဆိုရင် ကျနော်တို့ အချိန်တိုင်းမစောင့်ကြည့်နိုင်ဘူး။ အရေးယူတာလည်း တခါတလေ အားနည်းတာရှိတာပေါ့။ ဒါပေမဲ့ ပြည်သူလူထု ဆန့်ကျင်တဲ့ဟာ ပြည်သူလူထုမလိုအပ်တဲ့ နေရာမှာတော့ ကျနော်တို့က ခွင့်မပြုဘူး။ ဥပမာ လုပ်ငန်းတစ်ခုခုကျနော်တို့ ပေးလိုက်ပြီး ပြည်သူလူထုအတွက် ပြဿနာတစ်ခုခုတက်လာမယ်ဆိုရင် သူတို့ပြန်တင်ပြလို့ ရတယ်။ ပြန်တင်ပြတဲ့ အပေါ်မှာ ကျနော်တို့ စိစစ်‌တယ်။ ဥပမာ တကယ်ပြည်သူလူထု အကျိုးမရှိဘူး။ ပတ်ဝန်းကျင်ထိခိုက်မှု ရှိလာပြီဆိုရင် ကျနော်တို့က ရုတ်သိမ်းလို့ ရတာပေါ့နော်။

မေး – အခုပြောထားသလို လက်လုပ်လက်စားပါတယ်၊ ကုမ္ပဏီတွေလည်း ပါတယ်ဆိုတော့ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းမှာ ကုမ္ပဏီဘယ်နှခုလောက်အထိ ခွင့်ပြုပေးထားတာရှိလဲခင်ဗျ။

ဖြေ – အဲဒါတော့ စာရင်းအတိအကျမရှိဘူး။ ဒါပေမဲ့ ဘယ်လို ပြောရမလဲ ကြီးကြီးမားမား မရှိဘူး။ ကုမ္ပဏီက ယန္တရားဆိုရင် တစ်စီးနှစ်စီး အဲလောက်ပဲရှိတယ်။ များသောအားဖြင့် အလတ်စားနဲ့ အသေးစားတွေပဲရှိတယ်။

မေး – KNU ထိန်းချုပ်ဧရိယာထဲမှာ KNU ကို အသိမပေးဘဲနဲ့ ခွင့်ပြုချက်မတောင်းဘဲနဲ့ တူးနေတဲ့မိုင်းတွေဘယ်လောက်လောက်ရှိလဲ။ အာဏာမသိမ်းခင်ကနဲ့စာရင် ပိုများလာလား၊ ပိုနည်းလာလား။ ဘာကြောင့်လဲ။ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်ဖို့ရှိလဲ။

ဖြေ – အဲဒါတော့ အသေးစိတ်အတိအကျပြောလို့မရဘူး။ တချို့နေရာမှာ ထိစပ်နယ်မြေတွေ ရှိတယ်ပေါ့နော်။ စကစလည်းအုပ်ချုပ်ရေးရောက်တယ်၊ ကျ‌နော်တို့ အုပ်ချုပ်ရေးလည်းရောက်တယ်။ အဲဒီထိစပ်နယ်မြေတွေမှာ ရှိတဲ့ လုပ်ငန်းရှင်တွေကို ကျနော်တို့ သိပ်ထိန်းချုပ်လို့ မရတဲ့ အခြေအနေရှိတယ်။

မေး – အဲဒီလို ခွင့်ပြုချက်မရှိဘဲတူးနေတဲ့သူတွေကိုရော ဘယ်လိုလုပ်ဆောင်နေပါလဲ။

ဖြေ – ကျနော်တို့ ထိန်းချုပ်မှုရောက်တဲ့နေရာမှာ ကျ‌နော်တို့ ခေါ်ပြီးတော့ စစ်ဆေးတာပေါ့နော်။ ပြီးတော့ သူတို့လုပ်တဲ့နေရာမှာ ပြဿနာမရှိဘူးဆိုလည်း၊ တရားဝင်မဟုတ်လည်း စာနဲ့ပေနဲ့ ကျနော်တို့အဖွဲ့အစည်းကို ခွင့်ပြုချက်ပြန်တောင်းဖို့လည်း ကျနော်တို့က လမ်းညွှန်ထားတာရှိတယ်။

မေး – KNU ခွင့်ပြုတဲ့အပိုင်းကို ခုနကအကြမ်းအဖျင်းသိရတယ်ပေါ့နော်။ နည်းနည်းလေးထပ်ပြီး ပြောပြပေးလို့ရမလားခင်ဗျ။ ဘယ်လို ဥပဒေစည်းမျဥ်းတွေနဲ့ ခွင့်ပြုတာလဲဆိုတာကို။

ဖြေ – ကျနော် ဥပမာ တစ်ခုပြောပြမယ်၊ ထိစပ်နယ်မြေလို့ပြောတာက ဟိန္ဒားသတ္တုမိုင်းလိုမျိုး ဘဝပင်လိုမျိုးပုံစံပေါ့နော်။ အဲဒီအပိုင်းမှာ ထိစပ်နယ်မြေလို့ ကျနော်တို့ပြောလို့ရတယ်။ သူတို့အစိုးရရဲ့ ခွင့်ပြုချက်ရပြီးတော့ သူတိူ့လုပ်တာရှိတယ်။ ကျနော်တို့ကလည်း အဲဒီခွင့်ပြုချက်မပါတာ။ အစိုးရခွင့်ပြုချက်ရတာနဲ့ သူတို့လုပ်တာရှိတယ်။ ဒါကအခြေအနေ တစ်မျိုးပေါ့နော်။ နောက်အခြေအနေ တစ်မျိုးက သီးသန့်ထိန်းချုပ်နယ်‌မြေဆိုတာပါ။ သူတို့က အရမ်းဝင်လာလို့ မရဘူး။ သူတို့မဝင်ခင် ကျနော်တို့ဆီမှာ လျှောက်ထားရမယ်။ လျှောက်ထားပြီးမှ ကျနော်တို့ခွင့်ပြုမှ သူတို့လုပ်လို့ရတယ်။ ပြီးတောာ့ အခုတလောမှာ ကျနော်တို့နယ်မြေမှာ အပြင်က ကုမ္ပဏီတွေ ဝင်လာတာမရှိဘူး။ ကျနော်တို့ ဒေသခံတွေပဲလုပ်ကြတယ်။ ပြီးတော့ ဒေသခံနဲ့ အဲဒီ တချို့လုပ်ငန်းရှင်တွေက ဒေသခံလည်းပါတယ်၊ အပြင်ကလည်းပါတာပေါ့နော်။ ဒါပေမဲ့ ကြီးကြီးမားမား ကုမ္ပဏီ ကြီးကြီးမားမား ဝင်လာတာမရှိဘူးနော်။ ဥပမာ စကစမှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီတွေ၊ ပြင်ပက ကုမ္ပဏီတွေ ဝင်လာတာမရှိဘူး။

မေး – ဒါ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်မလားခင်ဗျ ဝင်လာတယ်ဆိုတာက။

ဖြေ – ဟုတ်ကဲ့ ဟုတ်ကဲ့။ အရင်ကလည်းပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထပ်ပြီးတော့ ဝင်လာတာအဲလောက်မရှိဘူး။ ကျနော်တို့အရင်တုန်းက ဒီသတ္တုတူးဖော်ခွင့်က သိပ်ဦးစားမပေးဘူး။ ဘာဖြစ်လို့လဲ ပြဿနာများတယ်။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့ကလိုအပ်ချက်အရ အတိုင်းတာတစ်ခုနဲ့တော့ ခွင့်ပြုတယ်။ ဒါပေမယ့် အဲဒီ အလုံးအရင်းနဲ့ခွင့်ပြုတာလည်းမဟုတ်ဘူးပေါ့နော်။

မေး – နောက်တစ်ခုက အကိုခုနကပြောတဲ့ ခွင့်ပြုထားတဲ့ မိုင်းတွေရှိတယ်ပေါ့နော်။ အဲဒီမိုင်းတွေမှာ အခွန်ကောက်ခံတဲ့ပုံစံပေါ့နော်၊ အခွန်ဘယ်လိုကောက်ခံနေလဲဗျ။ အခွန်နှုန်းထားတွေ‌ရော ဘယ်လိုမျိုးရှိလဲဗျ။

ဖြေ – ကျွန်တော်တို့ KNU ရဲ့အဲဒီ အကောက်ခွန်ဌာနချမှတ်ထားတဲ့ အတိုင်းပဲကောက်ခံနေကြတာပေါ့နော်။

မေး – ဒီနေရာမှာ မိုင်း ခဲသတ္တုထွက်နှုန်းကိုကြည့်တာလား။ ဒါမှမဟုတ် စက်ယန္တရားကိုကြည့်တာလား။ တူးဖော်တဲ့ ဧကကိုကြည့်ပြီးတော့ကောက်တာလားခင်ဗျ။

ဖြေ – ကျနော်တို့ ခဲတွက်တဲ့အပေါ်မှာပဲ ကောက်တယ်ပေါ့နော်။

မေး – ဒီထွက်နှုန်းနဲ့အခွန်ကောက်ခံတဲ့ဟာက ဘယ်လောက်နှုန်းထားသတ်မှတ်ပြီးကောက်ခံတာလဲ။ တစ်ပိဿကိုဘယ်လောက်လဲ ဆိုတာမျိုးလဲပေါ့။

ဖြေ – ကျနော်တို့ကတော့ တိကျပြောလို့မရဘူး။ ဒါပေမယ့် ပါစဲန်းနဲ့ပြောမယ်ဆိုရင် အကောက်ခွန်က ၅ ပါစဲန်းပဲ။ ၅ရာခိုင်းနှုန်းပဲနော်။

မေး – KNU တပ်ဖွဲ့ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံ တော်လှန်ရေးအဖွဲ့တွေ၊ လက်တွဲလုပ်ဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ သတ္တုတူးဖော်မှုနဲ့ပတ်သက်ပြီး အခွန်ကောက်ခံတာတွေနဲ့ပတ်သက်ပြီး ဘယ်လို စီမံနေလဲ။

ဖြေ – ကျနော်တို့က ထိန်းချုပ်တဲ့နယ်မြေထဲမှာသာ အကောက်ခွန်သတ်မှတ်ချက်ရှိတယ်။ အဲဒီလုပ်ငန်းရှင်တွေက သတ်မှတ်ချက်တိုင်းပဲ သူတို့ပေးကြတာပေါ့နော်။ ဒါပေမယ့် သူတို့ရဲ့လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ တခြားအဖွဲ့တွေပေါ့နော်၊ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေက အလှူငွေကောက်ခံတဲ့အပေါ်မှာ နားလည်မှုအနေနဲ့ ပေးထားတာရှိတယ်။ သူတို့ပေးတာပေါ့ လက်နက်ကိုင်အဖွဲ့တိုင်းကို သူတို့ပေးတာပေါ့။ ဒါပေမဲ့ ကျနော်တို့နားလည်ပေးတယ်။ လိုအပ်ချက်အရပေါ့‌နော်။ ကျနော်တို့ နားလည်ပေးတယ်။ ကာလတစ်ခုအတွင်းမှာပေါ့။

မေး – ဆိုလိုတဲ့ဟာက ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့တွေကို အခွန်ပေးပြီးလုပ်နေတဲ့ဟာလည်းရှိတယ်လို့ ဆိုလိုတာလားခင်ဗျ။

ဖြေ – ဟုတ်ကဲ့။ ဒါပေမဲ့ ကျ‌နော်တို့ သုံးတာကတော့ အလှူခံတာပေါ့(ရယ်လျက်)။

မေး – သူတို့ကရော တစ်ပိဿာကိုဘယ်လောက်ဆိုပြီးကောက်တာလား၊ အလှူခံတဲ့သဘောပဲလား။ ဘယ်လိုမျိုးသိထားရလဲ။

ဖြေ – အလှူခံတဲ့သဘောပဲ။ အလှူခံတဲ့သဘောပဲ။ ဒါပေမဲ့ တခါတလေ များမယ်ဆိုရင်လုပ်ငန်းရှင်နဲ့ ပြန်ညှိနှိုင်းမှာပဲ။

မေး – နောက်တစ်ခုက စီမံခန့်ခွဲတဲ့အပိုင်းမှာ KNU တပ်မဟာ ၄ နဲ့ တခြားအဖွဲ့အစည်းတွေပူးပေါင်းပြီး စောင့်ကြည့်တာ၊ ခွင့်ပြုတာ၊ အရေးယူတာမျိုးကို လုပ်ဆောင်နေတာရောရှိလား။

ဖြေ – ကျနော်တို့က အထူးသဖြင့် PDF ပေါ့နော်။ NUG လက်အောက်ခံ PDF နဲ့ကျတော့ ကျနော်တို့က ဒီကိစ္စကို ဆွေးနွေးတာရှိတယ်။ ဒါပေမဲ့ တကယ့် စနစ်တကျစီမံခန့်ခွဲမှု မချမှတ်နိုင်သေးဘူး။ ဒါပေမဲ့ အဖွဲ့တိုင်းကို စနစ်တကျပြန်ဖြစ်အောင် ကျနော်တို့က ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို ဆဖြည်းဖြည်းမှ ဆွေးနွေးမှာပေါ့နော်။ အခုလောလောဆယ် သဘောထားကတော့ KNU ထိန်းချုပ်နယ်မြေမှာ သူတို့ လုပ်ငန်းလုပ်မယ်ဆိုရင် KNU ရဲ့အဖွဲ့အစတည်းက ခွင့်ပြုမှသာ သူတို့လုပ်လို့ရတယ်။ တစ်ချိန်တည်းမှာပဲ ထိစပ်နယ်မြေတွေမှာ တခြားအဖွဲ့လည်းရှိတယ်၊ အဲဒီနေရာမှာ လုပ်ငန်းလုပ်မယ်ဆိုရင် တခြားအဖွဲ့လည်း ကူညီစရာရှိရင် ကူညီလို့ရတယ်။ ကျနော်တို့ ဘာမှမသွားပြောဘူး။ အဲလိုမျိုးနားလည်မှုအနေနဲ့တော့ ရှိတာပေါ့နော်။

မေး – ခုနကအကြောင်းအရာနဲ့ ဆက်စပ်ပြီးပဲပေါ့နော် သယံဇာတကိစ္စကိုစောင့်ကြည့်နေတဲ့ အဖွဲ့တွေ၊ သဘာဝပတ်ဝန်ကျင်အဖွဲ့တွေနဲ့ရော KNU တပ်မဟာ ၄ ဘက်ကပူးပေါင်းလုပ်ဆောင်တာမျိုး ရှိလားခင်ဗျ။

ဖြေ – ဟုတ်ကဲ့။ ကျနော်တို့ သယံဇာတစောင့်ကြည့်တဲ့အဖွဲ့က တိုက်ရိုက်လာပြီးတော့ ဒီကိစ္စကိုလာဆွေးနွေးတာမျိုးတော့မရှိဘူး။ ဒါပေမဲ့ KNU ရဲ့ သဘောထားမူတော့ရှိတယ်။ ကျနော်တို့ သယံဇာတနဲ့ပတ်သက်ပြီးတော့ မူဝါဒတွေရှိတယ်။ သယံဇာတတစ်ခုခုထုတ်သုံးမယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်ရမယ်။ ပြီးတော့စနစ်တကျဖြစ်ရမယ်။ သယံဇာတဆိုတာက နောက်လာမဲ့မျိုးဆက်သစ်တွေအတွက်အရေးကြီးတာပေါ့နော်။ ဒါပေမဲ့အခုမှာ မဖြစ်မနေ လိုအပ်ချက်တစ်ခုအတိုင်းအတာနဲ့ ထုတ်ယူသုံးစွဲတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အချိန်ကာလတစ်ခုအနေနဲ့ သတ်မှတ်ထားတာရှိတယ်။ ဥပမာ အပြောင်းအလဲရှိလာတယ်ဆိုလို့ရှိရင် ကျနော်တို့ KNU ချမှတ်ထားတဲ့ ပေါ်လစီအတိုင်းပဲ တိတိကျကျ လိုက်နာရမှာပါ။ အခုတော့ချမှတ်ထားတာရှိပေမဲ့ အားနည်းချက်တချို့ကတော့ရှိတယ်။ ဒီအားနည်းချက်တွေကို ပြန်ပြင်ဖို့လည်း ကျနော်တို့က လုပ်ဆောင်နေတယ်ပေါ့။

မေး – ဒီဟာနဲ့ဆက်စပ်ပြီးတော့ပါပဲ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအတွက် KNU ရဲ့ မူဝါဒနဲ့ လုပ်ဆောင်နေတဲ့အပိုင်းလေးကိုလည်း ထပ်ဖြည့်ပြောပေးပါဦး။

ဖြေ – ကျနော်တို့က ဥပမာ လုပ်ငန်းကြီးလုပ်မယ်ဆိုရင် EIA/SIA လုပ်ရမယ်။ Environment Management ရှိရမယ်။ FDIC လုပ်ရမယ်။ ဒါကမူတော့ရှိတယ်။ ပေါ်လစီရှိတယ်။ စည်းမျဥ်းစည်းကမ်းရှိတယ်။ အခုလောလောဆယ် အသေးစားလုပ်နေကြတဲ့အပိုင်းမှာ ကျနော်တို့ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းအတိအကျ တစ်ရာရာခိုင်နှုန်းတော့ အကောင်အထည်ဖော်ဖို့က မရဘူး။ ဒါပေမဲ့ ကျနော်တို့ပြောတဲ့အတိုင်းပဲ အဲဒီ လုပ်ငန်းတစ်ခုခု လုပ်တဲ့အချိန်မှာ ပြဿနာတက်လာတယ်ဆိုရင် ကျနော်တို့က ပြန်ဖြေရှင်းဖို့တော့ရှိတယ်။ ဥပမာ သူတို့က မိုင်းတစ်ခုသွားလုပ်တော့မယ်ဆိုရင် ဒေသခံကလက်မခံဘူး ကန့်ကွက်စာတင်မယ်ဆိုရင် ခွင့်မပြုဘူး။ တစ်ခုခုသွားလုပ်တဲ့အချိန်မှာ ရေနောက်တာတို့ ဘာတို့ ရှိမယ်ဆိုရင် ဒေသခံကတင်ပြလာတဲ့အပေါ်မှာ ပြန်ပြီးတော့ စိစစ်ရမယ်။ စိစစ်ပြီးတော့ ပြဿနာတကယ် ရှိမယ်ဆိုရင် ကျနော်တို့ က လုပ်ငန်းကို ရုတ်သိမ်းလို့ရတာတွေမျိုးတော့ ရှိတယ်ပေါ့နော်။ ကျနော်တို့ အဲ့လိုပဲ အခုလောလောဆယ်မှာ လုပ်ကြတယ်။

မေး – အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလိုမျိုး ရေနောက်တဲ့ဖြစ်စဥ်တွေ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး တိုင်ကြားလာတာမျိုး ရှိလား။ ဘယ်ဒေသတွေမှာ ရှိနေလဲ။

ဖြေ – တိုင်ကြားတာတော့ မရှိပါဘူးနော်။ အခုလောလောဆယ် ခရိုင်ဘက်ကတော့ ကြားစာတော့ ကျနော်မတွေ့ပါဘူး။ ဒါပေမဲ့ တစ်ခုခုတိုင်ကြားလာမယ်ဆိုရင်တော့ ကျနော်တို့က သတင်းမီဒီယာပေါ်လည်း ထွက်မှာပဲ။

မေး – အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာ မိုင်းတွေပိုများလာတာလား။ ဒါမှမဟုတ် ပုံမှန်ပဲလား။ နည်းသွားတာလား။ ခြုံပြီးပြောရင်ဘယ်လို မျိုးဖြစ်မလဲ။

ဖြေ – ကျနော်ကတော့ ပြောရတာခက်တယ်။ များလာတာလားတော့ မသိဘူး။ အရင်ကတည်းက ကျနော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေသီးသန့်ဆို မများလာဘူး။ ဒါပေမဲ့ ထိစပ်နယ်မြေအချို့ကတော့ အရင်အတိုင်းပဲ ဖြစ်မယ်ထင်တယ်။ အတိအကျတော့မပြောနိုင်ဘူး။ စာရင်းဇယား မမှတ်ထားလို့။

မေး – နောက်မေးခွန်းတစ်ခုက သဘာဝပတ်ဝန်းကျင်တွေပျက်စီးလောက်ရအောင်ထိ ရှိနေတယ်ဆိုတဲ့ဟာကိုသိရပြီ။ အဲ့လိုမျိုးဟာကို ထိန်းကျောင်းတာမျိုးတွေ အားနည်းနေသေးတယ် ဆိုတဲ့ အပိုင်းတွေကိုလည်း ဖြေထားတာတွေ့တယ်။ ဆိုတော့ ဒီလိုမျိုးထိန်းကျောင်းတဲ့အပိုင်းတွေ အားနည်းတာမျိုးဖြစ်ရင် ရေရှည်မှာဘယ်လိုမျိုးဖြစ်လာနိုင်လဲခင်ဗျ။

ဖြေ – ရေရှည်အတွက်တော့မဖြစ်ဘူး။ ကျနော်တို့က တော်လှန်ရေးကာလမှာ အတိုင်းအတာတစ်ခုပဲ သွားရမှာ။ တော်လှန်ရေးကာလမှာ ကျနော်တို့ မိုင်းတွင်းတစ်ခုပေးမယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်အဲ့လိုမျိုးပဲ။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျနော်တို့က စီစစ်တယ်။ ပြီးတော့ပြန်ပြင်တယ်။ အဲ့လိုမျိုး။ ကျနော်တို့ ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက် အဲလိုမျိုး ကျနော်တို့မသွားရဘူး။ တတ်နိုင်သမျှ အချိန်တိုတိုလေးလေးနဲ့ပဲ သွားရမယ်။

မေး – တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာ မဟုတ်ဘဲနဲ့ ကံပေါက်လို နေရာမျိုးတွေ၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ခွင့်ပြုထားတဲ့ နေရာတွေ အဲ့နေရာတွေမှာဆိုရင် အများစုက စောင့်ကြည့်ထိန်းကျောင်းတာမရှိကြဘူးပေါ့နော်။ အဲ့လိုအခြေအနေမျိုးမှာ သယံဇာတ တူးဖော်မှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးလုပ်သင့်တယ်လို့ မြင်လဲ။

ဖြေ – အဲ့ဒါကျနော်ကတော့ ပြောရတာခက်တယ်။ ဒါပေမဲ့ ကျနော်နားလည်သလောက် တခြားနေရာမှာလည်း စည်းမျဥ်းစည်းကမ်းကတော့ အကြမ်းဖျဥ်းရှိမယ်ထင်တယ်။ အထူးသဖြင့် ဒီလုပ်ငန်းက တော်လှန်ရေးကို အကျိုးရှိဖို့၊ တော်လှန်ရေးအတွက် အကျိုးရှိဖို့သာမက နောက်ဆက်တွဲ ဆိုးဆိုးဝါးဝါး ပြဿနာမဖြစ်အောင် စည်းမျဥ်းစည်းကမ်းတော့ ရှိရမယ်။ ကျနော်တို့ထိန်းချုပ်နယ်မြေမဟုတ်လည်း အဲ့လိုတော့သွားနေကြတယ်လို့တော့ ကျနော်သုံးသပ်တယ်ပေါ့နော်။

မေး – အဲ့လို လွတ်နေတဲ့နေရာတွေဆိုရင် ဘယ်သူတွေက လုပ်သင့်တယ်လို့ထင်လဲပေါ့။ သယံဇာတနဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းတဲ့အပိုင်းတွေ၊ ခွင့်ပြုတဲ့အပိုင်းတွေပေါ့လေ။

ဖြေ – ကိုယ့်နေရာ ကိုယ်ပြန်ထိန်းသိမ်းဖို့က အရေးကြီးတယ်ပေါ့နော်။ KNU ထိန်းချုပ်တဲ့ နေရာမှာဆို KNU တာဝန်ရှိတယ်။ KNU ထိန်းချုပ်တဲ့နေရာမဟုတ်ဘဲ တခြားတော်လှန်ရေးအဖွဲ့အစည်းက ထိန်းချုပ်တဲ့နေရာဆိုရင်လည်း သူတို့မှာ တာဝန်ရှိတယ်လို့ ကျနော်ပြောချင်တယ်။

မေး – အကိုတို့ဆီမှာကတော့ ဘယ်နှနှစ်ဆိုတာမျိုးသတ်မှတ်ချက်တွေရှိတယ်။ ဘယ်လောက်ပဲတူးမယ် ဆိုတာမျိုးရှိတယ်ဆိုတော့ ခုနကပြောတဲ့ ထိန်းကျောင်းမှုမဲ့နေတဲ့ နေရာတွေမှာ ဆိုရင်ရော ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာမရှိဘဲ လုပ်ချင်သလောက်လုပ်နိုင်တယ်ပေါ့လေ။ အဲ့လိုမျိုး ထိန်းကျောင်းမှုမရှိဘဲ လုပ်လာမယ်ဆိုရင် ဘယ်လိုမျိုးတွေဖြစ်လာနိုင်လဲဗျ။

ဖြေ – ထိန်းကျောင်းမှုမရှိဘဲလုပ်မယ်ဆိုရင် အဲ့ဒီ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတော့ ရှိလာနိုင်တယ်ပေါ့နော်။ ဘယ်လောက်ထိပျက်လာနိုင်လဲဆိုတာ ကျနော်မသိဘူး။ အဲ့ဒီ သယံဇာတ ရှိတဲ့အပေါ်မှာပဲမူတည်တယ်။

မေး – KNU အနေနဲ့ သယံဇာတထုတ်ယူမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီး လုပ်ဆောင်သွားဖို့အခြေအနေ‌ပေါ့နော်။ ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ အစီအစဥ်ရှိလဲ။

ဖြေ – ကျနော်တို့ချမှတ်ထားတဲ့မူဝါဒတွေရှိတယ်။ သယံဇာတထုတ်ယူသုံးစွဲမှုကတော့ Sustainable ဖြစ်ရမယ်။ သဘာဝပတ်ဝန်းကျင်က ထိခိုက်မှုအနည်းဆုံးရှိရမယ်။ လိုအပ်ချက်ရှိမှ ကျနော်တို့က ထုတ်ယူသုံးစွဲဖို့ ဆုံးဖြတ်ထားတယ်။ အခုလောလောဆယ်မှာ တကယ်ပြောရမယ်ဆိုရင် အရေးကြီးတဲ့အချိန် လိုအပ်ချက်ရှိတော့ မလွှဲမရှောင်သာ ကျနော်တို့က အချို့နေရာတွေမှာ ခွင့်ပြုရတာ ရှိတာပေါ့နော်။

မေး – ခုနကမရှင်းလိုက်လို့ပါ။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိုင်းလုပ်တဲ့ ဧရိယာနဲ့ပတ်သက်လို့ အကိုအတိအကျမပြောနိုင်ဘူးပေါ့နော်။ အတူတူပဲဆိုတာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတော့။ ကုမ္ပဏီတွေလျှောက်ထားတဲ့အပိုင်းတွေပေါ့လေ။ ကုမ္ပဏီတွေက အကိုတို့အနေနဲ့ ခွင့်မပြုတာလား၊ လာလျှောက်တာတွေ မရှိတာလားခင်ဗျ။

ဖြေ – လာလျှောက်တာရှိတယ်။ ဒါပေမဲ့ အလုံးအရင်းနဲ့ ဝင်လာတာတော့ မရှိဘူးလေ။

မေး – အခွန်ရရှိတဲ့အပိုင်းကိုရော ပြောပြလို့ရရင် ပြောပြပေးပါခင်ဗျ။ အရင်အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကွာခြားချက်ရှိလား။

ဖြေ – အတူတူပါပဲ။ သိပ်မထူးဘူးနော်။ ကျနော်တို့ရတဲ့ပိုက်ဆံက စစ်ရေးပြန်ဖော်ဆောင်တာပဲရှိတယ်။

The Tanintharyi Times