“သာမန်ပြည်သူထဲက စစ်မှုထမ်းပါသွားတာမျိုးဆိုရင် အချိန်မရွေးဆက်သွယ်ပြီး အလင်း၀င်ဖို့ ဖိတ်ခေါ်တယ်။ စစ်ကြောင်းထဲပါလာတယ်ဆိုရင်တော့ အဖြူမဲခွဲနေဖို့ အချိန်မရှိပါဘူး။”
“သာမန်ပြည်သူထဲက စစ်မှုထမ်းပါသွားတာမျိုးဆိုရင် အချိန်မရွေးဆက်သွယ်ပြီး အလင်း၀င်ဖို့ ဖိတ်ခေါ်တယ်။ စစ်ကြောင်းထဲပါလာတယ်ဆိုရင်တော့ အဖြူမဲခွဲနေဖို့ အချိန်မရှိပါဘူး။”
▪️စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ တနင်္သာရီစစ်ရေး
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး စစ်သင်တန်းတွေပေးနေတာဟာ အခုဆိုရင် အချိန်ကာလအားဖြင့် ရှစ်လကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်သင်တန်း အပတ်စဥ် ၇ အထိ သင်တန်းပေးခဲ့ပြီး တပ်သားသစ်တွေကိုလည်း ရှေ့တန်းစစ်မျက်နှာတွေကို ဆက်တိုက်ပို့ဆောင်နေတာပါ။
အဲဒီအခြေအနေကြောင့် တနင်္သာရီတိုင်းအတွင်းမှာရော စစ်ရေးအပြောင်းအလဲတွေ ရှိလာပြီလား၊ တပ်သားအသစ်တွေကြောင့် တော်လှန်ရေးတပ်တွေဘက်က ဘယ်လို အခက်အခဲတွေရှိလာလဲ၊ ဘာတွေပြင်ဆင်လုပ်ဆောင်နေကြတာ ရှိနေလဲ။ အဲဒါတွေကို သိရဖို့ တိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တချို့ကို မေးမြန်းပြီး ဒီတစ်ပတ်ရဲ့ တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုး
မေး - တပ်ဖွဲ့ အခြေစိုက်လှုပ်ရှားတဲ့ စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကို တွေ့လာရပြီလား။ ဘယ်လောက်များများ တွေ့လာရတာလဲ၊ ဘယ်လိုပုံစံနဲ့ တွေ့ လာရတာလဲ။
ဖြေ - စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ သူတွေတွေ့ရပါတယ်။ သိသာပါတယ်။ သူတို့တွေပုံစံက ကြည့်တာနဲ့သိသာတယ်။ ငယ်ငယ်ရွယ်ရွယ်အသားဖြူတဲ့သူတွေ ပိုများတယ်။ ထား၀ယ်လိုပဲ ပြောတယ်၊ မြိတ်လိုပြောတာလည်း ပါတယ်။ ပုလောဖက်ကတွေလည်း ပါတယ်။ စစ်ခွေးစစ်စစ်တွေနဲ့က အတော်လေးကွာတယ်။ ခုနောက်ပိုင်းမှာ စစ်ကြောင်းတစ်ခါလာရင် သင်တန်းဆင်းက တစ်၀က်မဟုတ်ရင် သုံးပုံနှစ်ပုံလောက်အထိ ပါလာတာ တွေ့ရပါတယ်။
မေး - ရှေ့တန်းစစ်မြေပြင်တွေအပါအဝင် စစ်ဆေးရေးဂိတ်တွေ၊ စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားအသစ်တွေကို ခွဲခြားသိနိုင်လား။
ဖြေ - သိနိုင်ပါတယ်။ ပုံစံချင်းလည်း ကွာတယ်။ အထူးသဖြင့် နယ်ခံတွေထဲက ဖြစ်တယ်။ ထား၀ယ်သားတွေ များတယ်၊ ထား၀ယ်လို ပြောတယ်။ နောက်ပြီး ငယ်ရွယ်တဲ့လူငယ်ပိုင်းတွေဖြစ်ပါတယ်။ တက်တက်ကြွကြွရှိတယ်။ အရပ်၀တ်နဲ့ဆို ၀တ်စားဆင်ယင်ပုံကအစ ကွာပါတယ်။
မေး - စစ်မှုထမ်းသင်တန်းဆင်းထားတဲ့သူတွေကြောင့် စစ်ဆင်ရေးဖော်ဆောင်တာ တိုက်ပွဲဖော်ဆောင်တာတွေမှာ အခက်အခဲတွေရှိလာလား။ တိုက်ပွဲတွေမှာ ပုံစံပြောင်းလာတာမျိုးရော ရှိလား။
ဖြေ - ရှိပါတယ်။ အရင်ကနဲ့ ကွာသွားတာ ရှိပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းထားတာဖြစ်တာရယ်၊ နယ်ခံထဲက ဖြစ်တာရယ်၊ နောက်ပြီး ပညာတတ်လူငယ်တွေပါ ပါလာတော့ နယ်မြေကျွမ်းကျင်မှုအပိုင်းတွေမှာရော နည်းပညာပိုင်းတွေမှာပါ ပြောင်းလဲလာတယ်။ ရန်သူကပြောင်းလဲလာရင် ကျနော်တို့လည်းပုံစံပြောင်းရတာပေါ့။ အခက်ခဲဆိုတာထက် သူတို့က လမ်းကျွမ်းကျင်မှုရှိတယ်။ ရှောင်တိမ်းတတ်တယ်၊ နယ်မြေကျွမ်းကျင်မှုလည်း ရှိတာပေါ့။ နယ်ခံထဲကဆိုတော့ အထာနပ်တာပေါ့။ နောက်ပြီး နယ်ခံတွေကို ဘယ်ရွာဘယ်ဒေသက ဘာအလုပ်လုပ်တယ်ကအစ သိနေတာပေါ့။အဲဒါလေးတွေပါပဲ၊ အရမ်းကြီးတော့ ပြဿနာမရှိပါဘူး။
မေး - ရှေ့တန်းအပို့ခံရတဲ့ တပ်သားသစ်တွေထဲမှာ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံခဲ့ရသူတွေလည်း ပါနိုင်တော့ အဲဒီအခြေအနေကို ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်နေတာမျိုးရောရှိလား။ ရှိရင် ဘယ်လိုမျိုး လုပ်ဆောင်နေပါသလဲ။
ဖြေ - ဒါကတော့ ရှင်းပါတယ်။ ကျနော်တို့က စစ်ရေး ဆောင်ရွက်တာဖြစ်လို့ အဲဒါတွေအထိခွဲခြားနေလို့ မရပါဘူး။ တိုက်စရာရှိတိုက်၊ ပစ်စရာရှိပစ်ရတာပဲ။ ရန်သူစစ်ကြောင်းမှာ ပြည်သူကို လူသားဒိုင်းလုပ်ပြီး ပါလာရင်တော့ ပြည်သူမထိခိုက်အောင် ကျနော်တို့ ပုံစံပြောင်းရတာပေါ့။ ကျန်တာတော့ ထည့်စဉ်းစားပေးလို့ မရဘူး။ တကယ်လို့ ပျူစောထီး၊ သားသမီးတွေမဟုတ်ဘဲ သာမန်ပြည်သူထဲက စစ်မှုထမ်းပါသွားတာမျိုးဆိုရင် အချိန်မရွေးဆက်သွယ်ပြီး အလင်း၀င်ဖို့ ဖိတ်ခေါ်တယ်။ စစ်ကြောင်းထဲပါလာတယ်ဆိုရင်တော့ အဖြူမဲခွဲနေဖို့ အချိန်မရှိပါဘူး။
မေး - စစ်မှုထမ်းသင်တန်းက အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပတ်စဥ် ၇ အထိကို သင်တန်းပေးနေပြီ။ တနင်္သာရီတိုင်းအတွင်းမှာဆိုလည်း သင်တန်းဆင်းတဲ့သူ ထောင်ဂဏန်းအထိရှိနေပြီပေါ့နော်။ အဲဒီအကျိုးဆက်ကြောင့် အင်အားလျှော့နေတဲ့ စစ်ကောင်စီတပ်က ပြန်လည်အားကောင်းလာမယ်လို့ ထင်ပါလား။ ဘာကြောင့်ပါလဲ။
ဖြေ - အင်အားပြန်ကောင်းလာတယ်လို့ပြောလို့ရတာပေါ့။ ပြန်ဖြည့်နေတာကိုး အထူးသဖြင့်ကျနော်တို့သိရသလောက်က သာမန်အရပ်သားပြည်သူထက် ပျူစောထီးသားသမီး၊ ကြံ့ဖွတ်သားသမီး ရှင်းရှင်းပြောရရင် သူတို့စိတ်ချယုံကြည်လို့ရတဲ့အုပ်စုတွေကို အဓိကထားစုဆောင်းတယ်။ အရပ်သားပြည်သူကို ကျတော့ ကြားညှပ်ထားတယ်ပေါ့။ အင်အားကတော့ သိသိသာသာကို ပြန်ဖြည့်လာတာ တွေ့ရတယ်။ အဓိက က စစ်မှုထမ်းအပတ်စဉ်တွေက နေဖြည့်နေတာပဲ။ တနင်္သာရီတိုင်းထဲက စစ်မှုထမ်းသင်တန်းဆင်းတွေပဲ မဟုတ်ဘူး၊ တခြားတိုင်းတွေ ကစစ်မှုထမ်းသင်တန်းဆင်းတွေပါ ဖြည့်လာတယ်။ ဘာကြောင့်ဆိုတော့ စစ်ကောင်စီက ထိုးစစ်ပိုင်းမှာ အရင်လိုမလုပ်နိုင်တော့ဘူး။ ခံရတာချည်းပဲ လာတိုက်တာပဲ စောင့်တော့တယ်။ ခံစစ်အပိုင်းကို အရင်သေချာအောင်ပြင်နေတာပေါ့။ အဓိက မြို့ပေါ်တွေနဲ့သူတို့အထိုင်စခန်းတွေ၊ အင်အားဘယ်လောက်ကောင်းကောင်း တကယ်တမ်းဒီကောင်တွေမှာ မြေပြင်တွေ့အကြုံမရှိဘူး။ အဲတော့ ခံစစ်ပြင်နေဆဲမှာ ထုတ်နှုတ်ပြီး ရွေ့လျားစစ်ကြောင်းအနေနဲ့ ထား၀ယ်ခရိုင်လေးမြို့နယ်ထဲပတ်ပြီး မွှေခိုင်းထားတဲ့ သဘောရှိတယ်။
မေး - နောက်ဆုံးအနေနဲ့ တပ်သားသစ်စုဆောင်းခံရသူတွေနဲ့ အဲဒီလိုစုဆောင်းခံရမယ့် အခြေအနေနဲ့နီးကပ်နေသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ - ဘယ်လမ်းကို ရွေးမလဲ ပြတ်ပြတ်သားသားဆုံးဖြတ်ပါ။ ပြီးရင် ပြည်သူနဲ့တွေ့တဲ့အချိန် ပြောပြပါ။ ကျနော်ဒီထဲက ထွက်ချင်တယ်၊ ကူညီပါဆိုတဲ့အကြောင်း။ အဲဒီကနေ အချိတ်အဆက်တွေ ရပါလိမ့်မယ်။ ပြီးရင် ချိတ်ဆက်ရရင် ရုန်းထွက်ပါ။ ဒီလိုအခြေနေကနေ အမှန်တကယ်လွတ်မြောက်ချင်တယ်ဆိုရင် စွန့်စွန့်စားစားထွက်ခဲ့ပါ။ ဒါပဲအကြံပြုလို့ရပါတယ်။
ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) ပြန်ကြားရေးတာဝန်ခံ မောင်ထွေး
မေး - တပ်ဖွဲ့ အခြေစိုက်လှုပ်ရှားတဲ့ စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကို တွေ့လာရပြီလား။ ဘယ်လောက်များများ တွေ့လာရတာလဲ၊ ဘယ်လိုပုံစံနဲ့ တွေ့ လာရတာလဲ။
ဖြေ - ကျနော်တို့ အဓိကအခြေစိုက်လှုပ်ရှားတဲ့စစ်မြေပြင်မှာတော့ အခု ၆ လပိုင်း လအစလောက်ကတည်းက စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကို စပြီးတွေ့လာရပါတယ်။ ဘယ်လောက်များများလည်းဆိုတော့ စစ်ကောင်စီဂိတ်တစ်ခုမှာ အင်အားသုံးဆယ်ရှိရင် စစ်မှုထမ်းတပ်သားသစ်က တစ်ဝက်လောက်ပါ။ ကျန်တဲ့တစ်ဝက်လောက်ကတော့ အရင်ကတည်းက စစ်သားဟောင်းတွေပါ။
မေး - ရှေ့တန်းစစ်မြေပြင်တွေအပါအဝင် စစ်ဆေးရေးဂိတ်တွေ၊ စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားအသစ်တွေကို ခွဲခြားသိနိုင်လား။
ဖြေ - တပ်သားအသစ်တွေနဲ့ စစ်ကောင်စီတပ်သားအသစ်တွေကို ခွဲခြားဖို့က နည်းနည်းတော့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့က ယူနီဖောင်းအတူတူပဲဆိုတော့ ကျနော်တို့အနေနဲ့ သီးခြားခွဲခြားဖို့အတွက် ခက်ခဲတယ်ဗျ။ သူတို့ရဲ့ဘက်တံဆိပ်ကို ကြည့်ပီး ဘယ်တပ်ရင်းက၊ ဘယ်နေရာကဆိုတာကိုတော့ ခွဲခြားလို့တော့ရပါတယ်။ တပ်သားအသစ်တွေနဲ့ စစ်ကောင်စီတပ်သားတွေက ဘက်တံဆိပ်တော့ ကွဲတာပေါ့။
မေး - စစ်မှုထမ်းသင်တန်းဆင်းထားတဲ့သူတွေကြောင့် စစ်ဆင်ရေးဖော်ဆောင်တာ တိုက်ပွဲဖော်ဆောင်တာတွေမှာ အခက်အခဲတွေရှိလာလား။ တိုက်ပွဲတွေမှာ ပုံစံပြောင်းလာတာမျိုးရောရှိလား။
ဖြေ - စစ်မှုထမ်းသင်တန်းဆင်းထားတဲ့သူတွေကြောင့် စစ်ဆင်ရေးဖော်ဆောင်တာ တိုက်ပွဲဖော်ဆောင်တာတွေမှာ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီတပ်သားအသစ်တွေမှာ အတင်းအဓမ္မစုဆောင်းခံရသူတွေလည်းပါသလို စိတ်လိုလက်ရပူးပေါင်းထားတဲ့သူတွေလည်း ပါနေလို့ပါ။
မေး - ရှေ့တန်းအပို့ခံရတဲ့ တပ်သားသစ်တွေထဲမှာ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံခဲ့ရသူတွေလည်းပါနိုင်တော့ အဲဒီအခြေအနေကို ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်နေတာမျိုးရောရှိလား။ ရှိရင် ဘယ်လိုမျိုးလုပ်ဆောင်နေပါသလဲ။
ဖြေ - အဲဒီအခြေနေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်နေတာမျိုးတော့ ထွေထွေထူးထူး မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် တိုက်ပွဲထဲမှာက ခွဲခြားရ ခက်ခဲလို့ပါ။
မေး - စစ်မှုထမ်းသင်တန်းက အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပတ်စဥ် ၇ အထိကို သင်တန်းပေးနေပြီ။ တနင်္သာရီတိုင်းအတွင်းမှာဆိုလည်း သင်တန်းဆင်းတဲ့သူ ထောင်ဂဏန်းအထိရှိနေပြီပေါ့နော်။ အဲဒီအကျိုးဆက်ကြောင့် အင်အားလျှော့နေတဲ့ စစ်ကောင်စီတပ်က ပြန်လည်အားကောင်းလာမယ်လို့ ထင်ပါလား။ ဘာကြောင့်ပါလဲ။
ဖြေ - အင်အားလျှော့နေတဲ့စစ်ကောင်စီတပ်က ပြန်လည်အားကောင်းလာမယ်လို့တော့ မထင်မိပါဘူး။ ဘာလို့ဆို အတင်းအဓမ္မစုဆောင်းခံရသူတွေက သူတို့လွတ်လမ်းအတွက်ပဲ တွေးတောနေတာများပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့တပ်သားသစ်တွေထဲက အခုလက်ရှိ NUG/MODလက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆီကို လာရောက်အလင်း၀င်တာမျိုးကို တော်တော်များများ တွေ့နေရပြီ မို့လို့ပါ။
မေး - နောက်ဆုံးအနေနဲ့ တပ်သားသစ်စုဆောင်းခံရသူတွေနဲ့ အဲဒီလိုစုဆောင်းခံရမယ့် အခြေအနေနဲ့နီးကပ်နေသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ - အတင်းအဓမ္မစုဆောင်းခံရမဲ့ အခြေနေနဲ့ နီးစပ်တဲ့သူတွေကို ပြောချင်တာကတော့ လွတ်မြောက်နယ်မြေ သို့မဟုတ် အာဏာရှင်တော်လှန်နေတဲ့ နယ်မြေခံအဖွဲ့အစည်းတွေဆီကို ဆက်သွယ်ဖို့ပါ။ ပြီးရင်တော့ အကြံဉာဏ်တောင်းခံပြီး လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။
KNLA(တပ်ခွဲ ၄)နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ရဲဘော်လပြည့်
မေး - တပ်ဖွဲ့ အခြေစိုက်လှုပ်ရှားတဲ့ စစ်မြေပြင်မှာ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကို တွေ့လာရပြီလား။ ဘယ်လောက်များများတွေ့လာရတာလဲ၊ ဘယ်လိုပုံစံနဲ့ တွေ့ လာရတာလဲ။
ဖြေ - ကျွန်တော်တို့အခြေစိုက်တဲ့နယ်မြေထဲမှာတော့ စစ်မှုထမ်းသင်တန်းဆင်းတွေ တွေ့ရပါတယ်။ လောလောဆယ်တော့ လေညာက တပ်ရင်းနှစ်ရင်းကို ဖြည့်ထားတဲ့အင်အားတွေက စစ်မှုထမ်းသင်တန်းဆင်းတွေပါပဲ။ တပ်ရင်းနှစ်ရင်းပေါင်းကို ဖြည့်ထားတဲ့အင်အားက ၄၀နဲ့ ၈၀ကြားရှိပါတယ်ဗျ။ တပ်ရင်းတစ်ရင်းကို ၂၀ ဒါမှမဟုတ် ၄၀ပေါ့။
မေး - ရှေ့တန်းစစ်မြေပြင်တွေအပါအဝင် စစ်ဆေးရေးဂိတ်တွေ၊ စခန်းတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ တပ်သားအသစ်တွေကို ခွဲခြားသိနိုင်လား။
ဖြေ - စစ်မှုထမ်းသင်တန်းဆင်းဟုတ်၊ မဟုတ်ခွဲခြားသိနိုင်လားဆိုတော့ သိနိုင်ပါတယ်ဗျ။ ကျွန်တော်တို့ ၈လပိုင်း ၅ရက်နေ့က ချောင်းမွန်ရွာမှာဖြစ်တဲ့ တိုက်ပွဲမှာ အတွေ့ကြုံမရှိသေးတဲ့ စကစတပ်ဖွဲ့ဝင်တချို့ကို တွေ့မြင်ရပါတယ်။
မေး - စစ်မှုထမ်းသင်တန်းဆင်းထားတဲ့သူတွေကြောင့် စစ်ဆင်ရေးဖော်ဆောင်တာ တိုက်ပွဲဖော်ဆောင်တာတွေမှာ အခက်အခဲတွေရှိလာလား။ တိုက်ပွဲတွေမှာ ပုံစံပြောင်းလာတာမျိုးရောရှိလား။
ဖြေ - စစ်မှုထမ်းသင်တန်းဆင်းတွေကြောင့်အခက်အခဲကြုံရလားဆိုတော့ အခက်အခဲလို့တော့ မဟုတ်ပါဘူးခင်ဗျ။ စစ်ကောင်စီက သင်တန်းဆင်းလာတဲ့ စစ်မှုထမ်းတွေကိုပဲ ရှေ့ပြေးအနေနဲ့ ထားကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အခက်အခဲတော့မရှိပါဘူး။ တိုက်ပွဲပုံစံကတော့ ထူးထူးခြားခြားပြောင်းလာတာ မရှိပါဘူး။
မေး - ရှေ့တန်းအပို့ခံရတဲ့ တပ်သားသစ်တွေထဲမှာ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံခဲ့ရသူတွေလည်းပါနိုင်တော့ အဲဒီအခြေအနေကို ထည့်သွင်းစဥ်းစားပြီး လုပ်ဆောင်နေတာမျိုးရောရှိလား။ ရှိရင် ဘယ်လိုမျိုးလုပ်ဆောင်နေပါသလဲ။
ဖြေ - ရှေ့တန်းအပို့ခံရတဲ့ တပ်သားသစ်တွေထဲက အဓမ္မစုဆောင်းခံတဲ့ စစ်သားတွေ အတွက်ကတော့ သူတို့အပေါ်ပဲ မူတည်ပါတယ်ဗျ။ အခွင့်သာတဲ့အချိန် ကျွန်တော်တို့ချိတ်ဆက်ပြီး ပြည်သူဘက်ကို ရပ်တည်စေလိုပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့မှာ စီမံချက်တွေ ရှိပါတယ်ဗျ။
မေး - စစ်မှုထမ်းသင်တန်းက အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပတ်စဥ် ၇ အထိကို သင်တန်းပေးနေပြီ။ တနင်္သာရီတိုင်းအတွင်းမှာဆိုလည်း သင်တန်းဆင်းတဲ့သူ ထောင်ဂဏန်းအထိရှိနေပြီပေါ့နော်။ အဲဒီအကျိုးဆက်ကြောင့် အင်အားလျှော့နေတဲ့ စစ်ကောင်စီတပ်က ပြန်လည်အားကောင်းလာမယ်လို့ ထင်ပါလား။ ဘာကြောင့်ပါလဲ။
ဖြေ - စစ်မှုထမ်းသင်တန်းအပတ်စဥ်က အပတ်စဥ် ၇ အထိရှိလာတာ မှန်ပါတယ်။ တိုင်းအနေနဲ့ အင်အားဆိုရင်တော့ အခုနောက်ပိုင်း အပေါ်ဘက်တွေမှာ စကစ က ပိုအထိနာလာပြီးတော့ တနင်္သာရီတိုင်းဘက်ကို အင်အားတွေထပ်ခါထပ်ခါဖြည့်လာတာတွေ၊ စကစ ကလူကြီးပိုင်းတွေ မကြာခဏလာရောက်တာကိုလည်း တွေ့လာရပါတယ်။ ဒါကြောင့် ကျွန်တော်တို့စဥ်းစားမိတာက အပေါ်ပိုင်းမှာအထိနာများလာတဲ့ စကစ က တနင်္သာရီတိုင်းကိုပဲ အခိုင်အမာ ထိမ်းချုပ်ထားနိုင်ဖို့ စီစဥ်နေသလားလို့တော့ ယူဆမိပါတယ်ဗျ။
မေး - နောက်ဆုံးအနေနဲ့ တပ်သားသစ်စုဆောင်းခံရသူတွေနဲ့ အဲဒီလိုစုဆောင်းခံရမယ့် အခြေအနေနဲ့နီးကပ်နေသူတွေကို ဘာများပြောချင်ပါသလဲ။
ဖြေ - အဲဒီအခြေအနေမှာတော့ အဓမ္မစုဆောင်းခံရမဲ့သူအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကူညီပေးဖို့ အသင့်ရှိပါတယ်။
The Tanintharyi Times