ပခုက္ကူ ၊ ရေလာလေး စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

ပခုက္ကူ ၊ ရေလာလေး စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာက စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ရေလာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိလိုက်အပြီး ကျေးရွာအတွင်း ရှင်းလင်းရေးတွေ လုပ်နေစဉ် စစ်ကောင်စီဘက်က ချောင်းမြောင်းပစ်ခတ်တာကြောင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်တိုင်းစစ်ဒေသက ငါးမျိုးကောင်း ရဲဘော်ဆုရခဲ့သူ ရဲဘော် ကိုထက်ဟာ ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ ကျဆုံးသွားပါတယ်။

ဒါ့အပြင် အမှတ် (၈) စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က အသက် ၂၁ အရွယ်ရှိ ရဲဘော် ထောင့်မကျိုး (ခေါ်) ရဲဘော် ဟိန်းမင်းခန့်လည်း ရေလာလေးစခန်းသိမ်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က သူတို့တပ်စွဲထားတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းကို မိုင်းကွင်းနဲ့ လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုး ခတ်ထားတာ ဖြစ်ပီး တော်လှန်ရေးတပ်တွေဖက်က အဆိုပါ အတားအဆီးတွေကို ကျော်ဖြတ်ကာ ကျောင်းဝင်းနဲ့ ရွာလယ်တခုလုံးကို PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ Mi 35 နဲ့ တရစပ်ခုခံခဲ့ပေမယ့် ရေလာလေးစစ်စခန်းတခုလုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း PLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေယာဉ်ကနေ ၄ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦးနဲ့ တော်လှန်ရေးရဲဘော် ၃ ဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်း ၆ ဦး သေဆုံးကြောင်း မျက်မြင်တွေ့ခဲ့ရသလို စစ်သုံ့ပန်း ၇ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ရေလာလေးစခန်းသိမ်း တိုက်ပွဲအတွင်း ရှော့ဂမ်း ၃ လက်၊ ကာဘိုင် ၁၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၁ ခု၊ MA-2 ၁ လက်၊ MA-3 ၁ လက်၊ ၇.၆၂ ကျည် ကာဘိုင်ကျည် ၅.၅၆ ကျည် ရှော့ဂမ်းကျည် စတဲ့ ကျည်တောင့်ပေါင်း အတောင့် ၂,၀၀၀ ကျော်၊ ၄၀ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီး၊ နင်းမိုင်း၊ ဂျန်ဘာ စတဲ့ စစ်အသုံးအဆောင်တွေ အပြင် ဆွဲကြိုး၊ လက်စွပ်၊ နားကပ်၊ ကားတစ်စီး၊ ပိုက်ဆံဲ ၁၄၅ သိန်း၊ ဒေါ်လာနဲ့ ထိုင်းဘတ် အနည်းငယ်ကိုလည်း သိမ်းဆည်းရမိကြောင်း တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို အမှတ် ၈ စစ်ကြောင်း အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDO/PDA ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF နဲ့အတူ ကျောင်းသားလက်ရုံးတပ်တော် SAF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကကူခရိုင် (Local) တပ်ရင်း၊ Kamma Revolution Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times