“တော်လှန်ရေးအဖွဲ့ဆိုလည်း ပြောလို့မရဘူး။ ကျနော်တို့အနေနဲ့ ပြောရရင်တော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ငွေရှာတဲ့ အဖွဲ့ပဲ”
“တော်လှန်ရေးအဖွဲ့ဆိုလည်း ပြောလို့မရဘူး။ ကျနော်တို့အနေနဲ့ ပြောရရင်တော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ငွေရှာတဲ့ အဖွဲ့ပဲ”
▪️ခြိမ်းခြောက်စာပို့ ငွေတောင်းတဲ့ ဒေါင်းနက်အဖွဲ့အပေါ် ဒေသခံ၊ လုပ်ငန်းရှင်တွေနဲ့ မြို့နယ်ပကဖရဲ့ သဘောထားအမြင်
ကျွန်းစုမြို့နယ်ထဲက ဒေသခံရေလုပ်ငန်းရှင်တွေနဲ့ မီးသွေးဖောင်လုပ်ငန်းရှင်တွေဆီကို ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့) လို့ အမည်ပေးထားတဲ့အဖွဲ့တစ်ဖွဲ့ကနေ ခြိမ်းခြောက်စာပို့ပြီး ငွေတောင်းတာတွေ အခုနှစ် ဩဂုတ်လလောက်ကစပြီး ပြုလုပ်လာတာ ရှိနေပါတယ်။
ခြိမ်းခြောက်စာထဲမှာ စစ်ကောင်စီတပ်ကို ငွေပေးပြီးလုပ်ငန်းလုပ်နေတဲ့အတွက် စစ်ကောင်စီဒေါက်တိုင်လို့သတ်မှတ်ပြီး ဖမ်းဆီး၊ မီးရှို့ သတ်ဖြတ်တဲ့ နှစ်ဦးနှစ်ဖက်အကျိုးမရှိတဲ့လုပ်ရပ်တွေမျိုး မလုပ်ချင်ဘူးလို့လည်း ရေးထားပါတယ်။ အဲဒီစာနဲ့ပတ်သက်လို့ စာပို့ခံရတဲ့လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက စိုးရိမ်
စိတ်ရှိနေခဲ့ကြပြီး ကူရာမဲ့နေခဲ့ကြပါတယ်။
ဒါကြောင့် ခြိမ်းခြောက်စာပို့တဲ့ လုပ်ရပ်အပေါ် ဒေသခံ၊ လုပ်ငန်းရှင်တွေက ဘယ်လိုသဘောထားရှိနေပါသလဲ။ ဒေသအခြေစိုက်ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတွေကကော ဘာတွေ လုပ်ဆောင်နေတာ ရှိနေသလဲဆိုတာကို တနင်္သာရီတိုင်းမ်က မေးမြန်းကာ “တောင်ပိုင်းသားတို့ အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
မဲတောရွာခံ ရေလုပ်ငန်းရှင်အမျိုးသမီးတစ်ဦး
မေး - ဒေသခံတွေဆီ ခြိမ်းခြောက်ငွေတောင်းစာ ပို့နေတာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဘယ်လိုရှိလဲ ။
ဖြေ - ကြောက်နေရတာပေါ့။ ကြောက်စိတ်နဲ့ ညညဆို အိပ်မပျော်ဘူး။ ကျမ အမေ ဆိုရင် ဆေးဘူးကြီးပါ ချိတ်နေရတယ်။ကလေးတွေလည်းရှိတော့ အရင်ဆုံး သူတို့ကို နေရာရွှေ့ထားရမလား ဟိုလိုလုပ်ရင်ကောင်းမလား ဒီလိုလုပ်ရင်းကောင်းမလားနဲ့ လင်မယားနှစ်ယောက်အမျိုးမျိုးစဉ်းစားနေရတယ်။
မေး - အဲလိုခြိမ်းခြောက်ငွေတောင်းခံတာတွေလက်ခံရတာပထမဆုံးအကြိမ်လား၊ တခြား ဘယ်ရွာတွေမှာရော အဲ့လိုတောင်းနေတာကြားသေးလဲ။
ဖြေ - ဟုတ်တယ် ပထမဆုံးပဲ တခါမှ ဒီလိုမကြုံဖူးဘူး။ ဘန္ဒနဲတို့ဘက်မှာ ကြားတယ်၊ ကော်ဇယာဘက်မှာလည်းရှိတယ်တဲ့။
မေး - အဲဒီစာနဲ့ပတ်သက်ပြီး အကူအညီယူ တိုင်ကြားလို့ရတဲ့သူတွေ ရှိလား။
ဖြေ - မရှိဘူး။ ကျမတို့အမျိုးထဲက တစ်ယောက်ကိုပဲ တိုင်ပင်နေရတယ်။ သူက နည်းနည်း နှံ့စပ်တယ်။ ဟိုဘက်ဒီဘက် နှံ့နေတဲ့သူဆိုတော့ သူ့ကိုပဲပြောပြနေရတာ။ သူကတော့ ပြောပါတယ်၊ ဘာမှမပူနဲ့ pdf တွေဆီ လိုက်မေးကြည့်မယ်ပြောတယ်။ ဘာမှတော့ ပြန်မပြောလာသေးဘူး။
မေး - ဒေါင်းနက်အဖွဲ့က တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ အစီအစဉ်ရှိလား။ ဘယ်လိုဆက်လုပ်မယ်တွေးထားလဲ။
ဖြေ - မရှိဘူး။ ခြိမ်းခြောက်ပြီးလည်း တောင်းသေးတယ်၊ လိုလည်းလိုချင်တယ်၊ ဒီပုံနဲ့တော့မရဘူး။ ဒီအတိုင်း ပုံကျကျ တောင်းဆိုရင်တောင် လှူဖို့ စိတ်ရှိအုံးမယ်။
မေး - ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုခြိမ်းခြောက်စာပို့ခံရတာတွေရှိလား။ သူတို့ကော ဘာတွေ လုပ်နေတာတွေ့ရလဲ။
ဖြေ - ရှိတာပေါ့။ သူတို့လည်း ကျမတို့လို့ပဲ ကြောက်နေရတာပေါ့။ အလုပ်တွေလည်း ရပ်ထားကြတယ်။
မေး - ဒေါင်းနက်အဖွဲ့နဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ - ပြောနေကြတာတော့ သေနတ်ကိုင်ထားတဲ့အဖွဲ့တစ်ခုပဲတဲ့။ ဓားမြလိုလိုလည်း ပြောနေကြတယ်။ သေချာတော့မသိဘူး။
မေး - စာပို့ပြီးနောက်ပိုင်း အဲဒီအဖွဲ့က ဘယ်လို ဆက်သွယ်ပြောဆိုလာတာ ရှိသေးလဲ။
ဖြေ - အခုထိတော့ ဘာမှမရှိသေးဘူး။
မေး - အဲဒီအဖွဲ့ကို စကားပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်တာရှိလဲ။
ဖြေ - အားလုံးခက်ခဲနေတဲ့ ကာလမှာ ဘယ်လိုစိတ်နဲ့များ အပူလိုက်ပေးနေရတာလဲဆိုတာလေးပဲ မေးချင်တယ်။
ကော်ဇယာရွာခံ အမျိုးသားတစ်ဦး
မေး - ဒေသခံတွေဆီ ခြိမ်းခြောက်ငွေတောင်းစာ ပို့နေတာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဘယ်လိုရှိလဲ။
ဖြေ - စိတ်တိုတယ်။ လှူနေတဲ့အဖွဲ့တွေကလည်း အများကြီးပဲ။ ကျွန်းစုတစ်ခုတည်းမဟုတ်ဘူး ထားဝယ်ဘက်ဆိုလည်း လှူနေရတာပဲ။ ဒီလိုလှူနေတာကိုမသိဘဲ ဒါမျိုးခြိမ်းခြောက်လာတာဆိုတော့ တကယ်ပဲ ဒေါသထွက်တယ်။
မေး - အဲလိုခြိမ်းခြောက်ငွေတောင်းခံတာတွေလက်ခံရတာ ပထမဆုံးအကြိမ်လား၊ တခြား ဘယ်ရွာတွေမှာရော အဲ့လိုတောင်းနေတာကြားသေးလဲ။
ဖြေ - ပထမဆုံးအကြိမ်ပဲ။ မဲတောရွာဘက်မှာ ကြားရတယ်။
မေး - အဲဒီစာနဲ့ပတ်သက်ပြီး အကူအညီယူ တိုင်ကြားလို့ရတဲ့သူတွေ ရှိလား။
ဖြေ - မရှိဘူး ဒီအတိုင်းအချင်းချင်းကြားမှာပဲထားထားတယ်။ အပြင်လည်းမပေါက်ကြားစေချင်ဘူး။ အခုခေတ်က ဘယ်သူ့ကိုမှယုံလို့မရဘူးလေ။
မေး - ဒေါင်းနက်အဖွဲ့က တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့အစီအစဉ်ရှိလား။ ဘယ်လိုဆက်လုက်မယ်တွေးထားလဲ။
ဖြေ - မရှိပါဘူး။ လုပ်ပေးစရာ ဘာအကြောင်းမှမရှိဘူး။
မေး - ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုခြိမ်းခြောက်စာပို့ခံရတာတွေရှိလား။ သူတို့ကော ဘာတွေ လုပ်နေတာတွေ့ရလဲ။
ဖြေ - စာပို့ခံရတာ ရှိလောက်တယ်။ သူတို့လည်း ရိတ်သဲ့သဲ့ပဲပြောနေကြတာ။ တိုက်ရိုက်တော့ ဘယ်သူမှမပြောကြဘူး။
မေး - ဒေါင်းနက်အဖွဲ့နဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ - လူဆယ်ယောက်လောက်ရှိတယ်ပြောတယ်။ ဟိုးတလောက လူနှစ်ယောက်ကိုသတ်လိုက်တာလည်း သူတို့ပဲတဲ့။ အဲလောက်ပဲ။
မေး - စာပို့ပြီးနောက်ပိုင်း အဲဒီအဖွဲ့က ဘယ်လို ဆက်သွယ်ပြောဆိုလာတာရှိသေးလဲ။
ဖြေ - ဘာမှတော့မရှိဘူး။ ရုတ်တရက်အိမ်ရောက်လာပြီးတော့ ဓားထောက်ပြီး လာဒုက္ခပေးမှာကိုပဲ စိတ်ပူနေတယ်။
မေး - အဲဒီအဖွဲ့ကို စကားပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်တာရှိလဲ။
ဖြေ - ဘာမှမပြောချင်ဘူး အဲလိုလူတွေနဲ့ရေစက်လည်း မရှိချင်ဘူး။
ရေကန်တောင်ရွာခံ ရေလုပ်ငန်းရှင်အမျိုးသားတစ်ဦး
မေး - ဒေသခံတွေဆီ ခြိမ်းခြောက်ငွေတောင်းစာ ပို့နေတာနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဘယ်လိုရှိလဲ ။
ဖြေ - ကျနော့်အိမ်ဘယ်တော့ရောက်မလဲဆိုပြီး ပူနေရတာပေါ့။ ခေတ်ကမကောင်း၊ စီးပွားရေးက အဆင်မပြေရတဲ့ကြားထဲ ဒီလိုကိစ္စမျိုးတွေပေါ်လာရင် အရမ်းစိတ်ညစ်ရတယ်။
မေး - အဲလိုခြိမ်းခြောက်ငွေတောင်းခံတာတွေလက်ခံရတာ ရှိလား၊ တခြား ဘယ်ရွာတွေမှာရော အဲ့လိုတောင်းနေတာ ကြားသေးလဲ။
ဖြေ - အခုထိတော့ အိမ်ကိုစာမရောက်သေးဘူး။ စာပို့ခံနေရတာတော့ တော်တော်များနေပြီပြောတယ်။ ကြားနေတာကတော့ မဲတောအုပ်စုဘက်က ရေလုပ်ငန်းရှင်တွေအိမ်မှာ စာပို့ခံထားရတယ်ကြားတယ်။
မေး - အဲဒီစာနဲ့ပတ်သက်ပြီး အကူအညီယူ တိုင်ကြားလို့ရတဲ့သူတွေ ရှိလား။
ဖြေ - ရှိတော့ရှိတယ်။ ဒါပေမယ့် မယုံရဲဘူး။ ရဲစခန်းတွေကို သွားမယ်ဆိုလည်း ကိုယ့်ကိုပြန်အမှုပတ်လာနိုင်တယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ သွားတိုင်မယ်ဆိုပြန်တော့လည်းစစ်တပ်ဘက်က သတင်းရသွားရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ်ကရွာမှာနေနေတာလေ။ နှစ်ဖက်စလုံးကိုပို့မယ်ဆို ပြန်တော့လည်း နှစ်ဖက်စလုံးက ဒလန်လို့ စွပ်စွဲတာခံရနိုင်
တယ်။ ဒီတော့ ရှိတယ်လည်းပြောလို့ရ၊ မရှိဘူးလည်း ပြောလို့မရသလို ဖြစ်နေတာပေါ့။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်းစု(ပကဖ)မှာတော့ အပြည့်အဝတာဝန်ရှိတယ်။ ဘာလို့ဆို သူတို့က ကာကွယ်ရေးတပ်ဆိုပြီး နာမည်ခံထားတာလေ။
မေး - ဒေါင်းနက်အဖွဲ့က တောင်းဆိုတဲ့အတိုင်း လုပ်ပေးဖို့ အစီအစဉ်ရှိလား။ ဘယ်လိုဆက်လုပ်မယ်တွေးထားလဲ။
ဖြေ - သူတို့တောင်းဆိုတဲ့အပေါ်မှာမူတည်တာပေါ့။ ပေးချင်စိတ်ရှိအောင် တောင်းရင် ပေးမှာ။ အခုပုံမျိုး စာပို့ပြီး ကလိမ်ကကျစ်နည်းနဲ့တောင်းလို့ကတော့ မပေးဘူး။
မေး - ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုခြိမ်းခြောက်စာပို့ခံရတာတွေရှိလား။ သူတို့ကော ဘာတွေ လုပ်နေတာတွေ့ရလဲ။
ဖြေ - ကျနော့်မိတ်ဆွေတွေထဲမှာရှိတယ်။ တကယ်တော့ သူတို့ကစစ်တပ်ထောက်ခံသူတွေ။ သူတို့လည်း လုပ်ငန်းရပ်လိုက်ပြီး အခြေအနေ စောင့်ကြည့်နေကြတယ်။
မေး - ဒေါင်းနက်အဖွဲ့နဲ့ပတ်သက်ပြီး ဘာတွေ သိထားတာရှိလဲ။
ဖြေ - ပိုက်ဆံလိုက်လှူခံစားနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လို့ပဲ သိထားတယ်။ သူတို့လှုပ်ရှားတဲ့အချိန်ဆို မျက်နှာဖုံးအမည်းတွေစွပ်ထားတယ်ဆိုတာမျိုးလည်း သိရတယ်။
မေး - စာပို့ပြီးနောက်ပိုင်း အဲဒီအဖွဲ့က ဘယ်လို ဆက်သွယ်ပြောဆိုလာတာ ရှိသေးလဲ။
ဖြေ - ကျနော့်မိတ်ဆွေတွေထဲမှာတော့ဆက်သွယ်လာတာမရှိသေးဘူးတဲ့။ ဒါပေမယ့် စာပို့တဲ့မိသားစုတွေကို အဲဒီဒေါင်းနက်အဖွဲ့က အမြဲစောင့်ကြည့်နေမယ်လို့ ကျနော်ထင်တယ်။ ပြီးမှ အခွင့်ကောင်းယူပြီး ပိုက်ဆံဝင်တောင်းမယ်လို့ ထင်တယ်ဗျ။
မေး - အဲဒီအဖွဲ့ကို စကားပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်တာရှိလဲ။
ဖြေ - အားလုံးခက်ခဲနေကြတဲ့ကာလမှာ မတရားတာတွေ မလုပ်ကြဖို့ သူ့နေရာမှာကိုယ်သာဆိုရင် ဆိုတဲ့စိတ်ထားကြဖို့ ပြောချင်တယ်။
ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုနဂါး
မေး - ကျွန်းစုဒေသခံတွေဆီမှာ ခြိမ်းခြောက်ငွေတောင်းနေတဲ့ဒေါင်းနက်အဖွဲ့နဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတာရှိလဲ။
ဖြေ - ဒေါင်းနက်အဖွဲ့ထဲမှာ ဘယ်သူတွေပါတယ်ဆိုတာ စုံစမ်းနေဆဲကာလပဲရှိပါသေးတယ်။ ကိုယ့်မြို့နယ်မှာ ဒါတွေဖြစ်နေလို့ဆိုပြီး အတ္တဆန်ဆန်နဲ့ ဖမ်းဆီးတာတို့ ပစ်ခတ်တာတို့ဖြစ်လာရင် ရှုပ်ထွေးတာတွေ ဖြစ်လာနိုင်တယ်။ ဒီတော့ ကျနော်တို့က ချင့်ချိန်ပြီး တိုင်းနဲ့ခရိုင်ကိုတင်ပြထားတယ်။ ဒါတွေ ဘာပုံစံနဲ့ဆောင်ရွက်မယ်ဆိုတာ ဆွေးနွေးနေတာပေါ့။
မေး - သူတို့က ဘာကြောင့် ဒီလိုလုပ်နေတာဖြစ်မလဲ။
ဖြေ - အဓိကကတော့ ငွေရှာတဲ့အဖွဲ့ပေါ့။ သူထည့်ထားတဲ့နာမည်ကကို “စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့” တဲ့။ ဒီတော့ သူကတော်
လှန်ရေးအဖွဲ့ဆိုလည်း ပြောလို့မရဘူး။ ကျနော်တို့အနေနဲ့ပြောရရင်တော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ငွေရှာတဲ့အဖွဲ့ပဲပေါ့။
ကျနော်တို့ဘက်က ကြည့်ရင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာLocal အဖွဲ့တွေ အများကြီးရှိတယ်။ သို့ပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး လုပ်တယ်။ သူ့ကျတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းခြင်းမရှိဘူး။ သီးသန့်ရပ်တည်တာဆိုတော့ ကျနော်တို့ဘက်က ထင်မြင်ချက်တစ်ခုက ပျူစောထီး သို့မဟုတ် စစ်ကောင်စီတပ် အပါင်းအပါတွေနဲ့ ပူးပေါင်းလုပ်နေလားဆိုတဲ့ ထင်မြင်ချက်ပဲ ရှိတယ်။
မေး - ရေရှည်သာ ဒီလို ဆက်သွားနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။
ဖြေ - ပိုပြီးတော့အားရလာမှာ။ အားရလာတဲ့အပေါ်မှာ နစ်နာမှာကတော့ ဒေသခံပြည်သူတွေပဲပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှိမယ်၊ တရားဝင်တဲ့အလုပ်ရှိသလို ဒီခေတ်ကာလမှာတရားမဝင်တဲ့အလုပ်တွေလည်း ရှိမှာပေါ့။ ဒီမှာ သူတို့အတွက်ငွေရှာလို့ကောင်းတဲ့အချိန်အခါဖြစ်သွားမှာပေါ့။ ဒီတော့ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ဖို့ကြိုးစားနေပါတယ်။
မေး - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလကပေါ်ခဲ့တဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့နဲ့ ဒီနှစ်ထဲမှာပေါ်တဲ့ ဒေါင်းနက်အဖွဲ့ ဘာတွေကွာခြားလာတာရှိလဲ။
ဖြေ - အရင်က အဖွဲ့က အရုပ်လည်းမပြဘဲ လိုင်းပေါ်ကပဲ ရိုးရိုးဖုန်းနဲ့ တိုက်ရိုက်ဆက်ပြီးငွေညှစ်တယ်။ ဘယ် Wave Money နံပါတ်ထဲကို ဘယ်လောက်ထည့်ပေးပါဆိုပြီး ပြောတာ။ ဖုန်းနဲ့ဆက်တယ်ဆိုကတည်းက ဒီရွာနီးနားပတ်လည်မှာ ရှိကိုရှိနိုင်တယ်။ ဒေါင်းနက်ကျတော့ လူလုံးပြပေမယ့် မျက်နှာမပြကြဘူး။ မျက်နှာဖုံးနဲ့ထွက်လာတယ်။ အဲဒီတုန်းကနဲ့ ဆက်စပ်နေမလားလည်း တွေးမိတာပေါ့။
The Tanintharyi Times
