လွယ်လင့်တကူ အိမ်တွင်းကုထုံးများ (၄)

လွယ်လင့်တကူ အိမ်တွင်းကုထုံးများ (၄)

▪️နှုတ်ခမ်းကွဲခြင်း

အေးတဲ့ဥတုမှာ အဖြစ်များပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။

▫️နှုတ်ခမ်းကွဲခြင်းရဲ့ လက္ခဏာတွေ

  • နှုတ်ခမ်းရဲ့ ဘေးမှာကွဲအက်နေခြင်း
  • ပါးစပ် ကောင်းစွာမဟနိုင်ခြင်း

အိမ်တွင်းကုထုံးအနေဖြင့်-

ဆောင်းရာသီမှာအများအားဖြင့် ရေသောက်နည်းကြပါတယ်။ ဒါ့ကြောင့် ကျီးကန်းပါးစပ်ခေါ် နှုတ်ခမ်းကွဲခြင်းမဖြစ်စေဖို့ ရေများများသောက်ပေးဖို့ လိုပါတယ်။

နှုတ်ခမ်းကွဲခြင်းဖြစ်ပေါ်ရင် ထမင်းရည်ကို ရေသောက်သကဲ့သို့ သောက်ပေးနိုင်ပါတယ်။

နှုတ်ခမ်းကွဲနေတဲ့နေရာကို ပျားရည်နဲ့ တို့ပေး၊လိမ်းပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။

▪️ခံတွင်းမှာအဖုတွေ ပေါက်ခြင်း (အပူကန်ခြင်း)

အေးတဲ့ဥတုမှာ အဖြစ်များပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။

▫️ခံတွင်းမှာ အဖုတွေပေါက်ခြင်းရဲ့ လက္ခဏာတွေ

  • အဖုတွေ များရင်များသလောက်၊နည်းရင်နည်းသလောက် အစာစားလိုစိတ်ကုန်ခမ်းခြင်း
  • အဖုတွေ နာနေခြင်း

အိမ်တွင်းကုထုံးအနေဖြင့်-

အသားအရေတွေ တင်းရင်းအက်ကွဲစေတဲ့ ဆောင်းရာသီမှာ ကလေး၊ လူကြီးမရွေး ခံတွင်းတဝိုက်မှာ အဖုတွေပေါက်ခြင်း ဖြစ်ပေါ်ကြပါတယ်။

အပူများနေတဲ့အတွက် ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေဖို့ ရေကိုပုံမှန်ချိုးပေးခြင်း၊ ရေကိုလုံလောက်စွာ သောက်ပေးခြင်းတွေ ပြုလုပ်ပေးရပါမယ်။

ခံတွင်းမှ အဖုတွေ သက်သာစေဖို့အတွက် ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်နဲ့ ထောပတ်နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို ဓာတ်စာအဖြစ်စားသုံးပေးနိုင်ပါတယ်။

ကိုယ်တွင်းအပူတွေ လျော့ပါးစေဖို့အတွက် မန်ကျည်းသီးမှည့်အနည်းငယ် (လောက်စာလုံးလောက်)ကို ထန်းလျက် (နှစ်လုံးခန့်)၊ရေတစ်ဖန်ခွက်စာ(ငါးကြေးခွံ့ခွက်)၊ ဆား (လက်ဖက်စားဇွန်းဇွန်းဖျား) အနည်းငယ်ထည့်ကာ ညအိပ်ရာမဝင်မီသောက်ပေးနိုင်ပါတယ်၊ နှစ်ရက်ခြားတစ်ခါသောက်ပေးနိုင်ပါတယ်။

ကင်မွန်းရွက် (လက်တစ်ဆုပ်စာ)နဲ့ ထန်းလျက် (သုံးလုံးခန့်)ကို ရေ ( ဖန်ခွက်နှစ်ခွက်စာ)ထည့်ပြီး ကျိုပါ။ ကျိုတဲ့အခါ ဖန်ခွက်တစ်ခွက်စာကျန်တဲ့ အထိကျိုရပါမယ်။ရလာတဲ့ အရည်ကို သောက်ပေးခြင်းဖြင့် ကိုယ်တွင်း အပူကိုငြိမ်းစေမှာ ဖြစ်ပါတယ်။
( မှတ်ချက်။ ဖန်ခွက်ပုံစံကိုညွှန်းရရင် လူအများစု ဘီယာထည့်သောက်လေ့ရှိတဲ့ ငါးကြင်းကွက်
ဖန်ခွက်လို့ခေါ်ကြတဲ့ လက်ကိုင်ပါ ဖန်ခွက်ကို ပြောတာပါ။)

ဓာတ်စာအနေဖြင့် သင်္ဘောသီး၊ငှက်ပျောသီးများကို စားသုံးပေးနိုင်ပါတယ်။

ခံတွင်းတဝိုက်မှာ အဖုတွေ ဖြစ်ပေါ်နေချိန်မှာ အပူအစပ်တွေ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။

▪️ဖနောင့်ကွဲခြင်း

အေးတဲ့ဥတုမှာ အဖြစ်များပါတယ်။ကလေးတွေထက် လူကြီးတွေမှာပိုတွေ့ရပါတယ်။

▫️ဖနောင့်ကွဲခြင်းရဲ့ လက္ခဏာတွေ

  • ခြေဖနောင့်တဝိုက်မှာ ကွဲအက်ရာတွေ ရှိနေခြင်း
  • လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း
  • ကွဲအက်ရာများရင် သွေးများထွက်ခြင်း

အိမ်တွင်းကုထုံးအနေဖြင့်-

ခြေဖနောင့်ကွဲအက်တဲ့နေရာကို ပျားရည်သုတ်လိမ်းပေးနိုင်ပါတယ်။

ပျားဖယောင်း (၁)ကျပ်သား၊ထောပတ်(၁၀)ကျပ်သားကို ရောစပ်ပြီး မီးနှေးနှေးဖြင့်ကျိုပါ။ ပြီးရင် ဖန်ပုလင်း တစ်လုံးထဲထည့်ထားပါ။ခဏကြာရင် ခဲသွားပြီးခရင်ကဲ့သို့ဖြစ်ပေါ်လာပါလိမ့်မယ်။ရလာတဲ့ခရင်ကို လိမ်းပေးပါက ခြေဖနောင့်အက်ကွဲခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

ညအိပ်ယာဝင်ခါနီးအချိန်မှာ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ဆေးကြောပြီးမှ အိပ်ယာဝင်သင့်ပါတယ်။

ခြေဖနောင့်ကွဲတတ်သူတွေအနေနဲ့ ဖနောင့်ကို အသားအလှဆီလေး လိမ်းပေးနိုင်ပါတယ်။

ရှားစောင်းလပတ်အနှစ်လေးသုပ်လိမ်းပေးခြင်း(တစ်နေ့လျှင်သုံးကြိမ်ခန့်)ဖြင့် ဖနောင့်ကွဲခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

ဖိချေထားတဲ့ ငှက်ပျောသီးကို ခြေဖနောင့်မှာ လိမ်းပေးလို့လည်း ရပါတယ်။(တစ်နေ့ကို နှစ်ကြိမ်ခန့်လိမ်း ပေးနိုင်ပါတယ်)

အုန်းဆီလိမ်းပေးခြင်းဖြင့်လည်း(တစ်နေ့ကိုနှစ်ကြိမ်ခန့်) ခြေဖနောင့်ကွဲခြင်းကို သက်သာစေပါတယ်။

ခြေဖနောင့်ကွဲတတ်သူတွေအနေနဲ့ ရေများများသောက်ပေးသင့်ပါတယ်။

ကြပ်လွန်းသော၊ ချောင်လွန်းသောဖိနပ်တွေ စီးပေးခြင်းကို ရှောင်ကြဉ်ရပါမယ်။

ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ခြေဖနောင့်ကို အားပြုပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းကို ရှောင်ကြဉ်ရပါမယ်။

သက်တောင့်သက်သာဖြစ်စေတဲ့ဖိနပ်ကို စီးခြင်းဖြင့် ခြေဖနောင့်ကွဲခြင်းကို ကာကွယ်နိုင်ပါတယ်။

ခြေဖနောင့်မှာရှိတဲ့ အသားမာတွေ ချေးတွန်းခဲနဲ့ဖယ်တဲ့အခါ အလွန်အမင်းကြမ်းကြမ်းတမ်းတမ်းဖယ်ခြင်းကို ရှောင်ရှားရပါမယ်။

PKN

The Tanintharyi Times