လွယ်လင့်တကူ အိမ်တွင်းကုထုံးများ (၂)

လွယ်လင့်တကူ အိမ်တွင်းကုထုံးများ (၂)

  • အသံဝင်ခြင်း

အသံဝင်ခြင်းဆိုတာ သီးသန့်အနေနဲ့လည်းကောင်း၊အခြားရောဂါရဲ့ လက္ခဏာအနေနဲ့ လည်းကောင်း တွေ့နိုင်ပါတယ်။

▫️အသံဝင်ခြင်းရဲ့ လက္ခဏာတွေ

- မသိမသာအသံဝင်ခြင်း

- စကားပြောရာတွင် အသံတိုးနေခြင်း

- စကားပြောဖို့အားစိုက်ရခြင်း

- ကြာလာတဲ့အခါ အသံပြာလာခြင်း

အိမ်တွင်းကုထုံးအနေဖြင့်

- လည်ပင်းမှာ နနွင်းနဲ့ ထုံးရောစပ်ပြီးလိမ်းပေးနိုင်ပါတယ်။

- ကွမ်းရွက်ပြုတ်ရည်ကို ဟင်းစားဇွန်းတစ်ဇွန်း၊ ချင်းရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်း၊ပျားရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်း တို့ကိုရောလိုက်ပါ။ရရှိလာတဲ့ အရည်ကို ထမင်းစားပြီးတိုင်းတစ်နေ့ကို နှစ်ကြိမ်ခန့်၊ တစ်ကြိမ်ကို လက်ဖက်စားဇွန်းတစ်ဇွန်းခန့် သောက်ပေးနိုင်ပါတယ်။

- ချင်းသတ္ထုရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်း၊ပျားရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်း၊သံပုရာရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်းတို့ကို ရောလိုက်ပါ။ရလာတဲ့အရည်ကို ဆားမီးဖုတ် အနည်းငယ်မျှ ထည့်ပြီး အစာစားပြီးတိုင်း လက်ဖက်စားဇွန်းတစ်ဇွန်းခန့် တစ်နေ့ကို နှစ်ကြိမ်ခန့်သောက်ပေးနိုင်ပါတယ်။

(သတ္ထုရည်ဆိုတာက ကြိတ်ချေကာလည်းကောင်း၊ ထောင်းချေကာလည်းကောင်း ရတဲ့ အရည်ကို ဆိုလိုခြင်း ဖြစ်ပါတယ်)

- ရှောက်သီးတစ်လုံးကို ပါးပါးလှီးကာ၊ပျားရည်တစ်ဆယ်သားခန့်နဲ့ ရောစပ်ကာ နေပူမှာ သုံးရက်တိတိထားပေးပါ။ ရလာတဲ့ အရည်ကို လက်ဖက်စားဇွန်းတစ်ဇွန်းခန့် (တစ်ကြိမ်)၊ တစ်နေ့ကို သုံးကြိမ်တိတိသောက်ပေးခြင်းဖြင့် သက်သာစေမှာဖြစ်ပါတယ်။

  • ပန်းနာရောဂါ

ဆောင်းကာလမှာပိုမိုဖြစ်ပွားနိုင်ပါတယ်။သက်ငယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။

▫️ပန်းနာရောဂါ၏လက္ခဏာတွေ

- ချောင်းဆိုးရာမှာ ပင်ပန်းခြင်း၊မောပန်းခြင်း

- ညဖက်ပိုင်းမှာ ပိုကြပ်ခြင်း

- ကိုယ်အလေးချိန်ကျလာခြင်း

- ချောင်းဆိုးရာမှာ သလိပ်မရခြင်း

အိမ်တွင်းကုထုံးအနေဖြင့်

- ရင်ကြပ်ပန်းနာရှိသူ သက်ကြီးတွေအဖို့ဓာတ်စာအဖြစ် ပဲစိမ်းငုံကိုပြုတ်စားပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။

- တစ်ဖက်ကလည်း ပင်စိမ်းကို ထောင်းပြီးသံပုရာရည်အနည်းငယ်ထည့်ကာသောက်ပေးနိုင်ပါတယ်။ပင်စိမ်းတစ်စည်းစာကို အရည်ညှစ်ခြင်း၊ထောင်းခြင်းပြုလုပ်ပါ။ရလာတဲ့ အရည်မှာ သံပုရာရည် (တစ်စိတ်ခန့်ညှစ်ရာမှ ရတဲ့အရည်)အနည်းငယ် ထည့်ပြီးညအိပ်ရာမဝင်မီအချိန်မှာ လက်ဖက်ရည်သောက်ပန်း ကန်တစ်လုံးစာ သောက်ပေးခြင်းဖြင့် ရင်ကြပ်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။

- ရင်ဘတ်ကို လိမ်းဆေးတစ်မျိုးမျိုးလိမ်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ လိမ်းဆေးမရှိရင် မုန်ညှင်းဆီကို အပူပေးကာ ရင်ဘတ်နဲ့ ကျောမှာလိမ်းပေးနိုင်ပါတယ်။

  • အာသီးရောင်ခြင်း

အေးတဲ့ ကာလတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။လူကြီးတွေထက် ကလေးတွေက ပိုဖြစ်ပွားလေ့ရှိပါတယ်။

▫️အာသီးရောင်ခြင်းရဲ့ လက္ခဏာတွေ

- ဖြစ်စမှာ ကိုယ်သားကိုယ်ရေ မနွေးပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ အဖျားတက်လာခြင်း

- အစာမျို၊ရေမျိုရခက်ခြင်း

- တမဟုတ်ချင်း အဖျားကြီးလာခြင်း

- ကလေးမှာ အသက်ရှုမဝဖြစ်လာခြင်း

- ကလေးမှာ မျက်စိမဖွင့်ဘဲ မှိန်းနေခြင်း (ယခုအခြေအနေရောက်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းဆီသွားဖို့ လိုနေပြီးဖြစ်တာကို သတိပြုမိစေလိုပါတယ်)

အိမ်တွင်းကုထုံးအနေဖြင့်

- ကလေးကို အဖျားကျစေဖို့ ရေပတ်တိုက်ခြင်း၊ရေချိုးခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။

- ကလေးကို ရေဓာတ်မဆုံးရှုံးစေဖို့ ပါးစပ်ထဲသို့ ရေစက်ချပေးခြင်းမျိုးပြုလုပ်ပေးနိုင်ပါတယ်။

- နို့စို့တဲ့ အရွယ်ဖြစ်ပါက မိခင်နို့ကို မပြတ်အောင် တိုက်ပေးသင့်ပါတယ်။

- အဖျားကျစေဖို့နဲ့ အာသီးရောင်ခြင်းကိုသက်သာစေဖို့ အလို့ငှာ ကွမ်းရွက်တစ်ရွက်ကိုမီးကင်ပြီး ဖြစ်စေ၊ အစိမ်းလိုက်ဖြစ်စေ ညှစ်ပါ။ရလာတဲ့ အရည်မှာ ဆားပွင့်အနည်းငယ်ထည့်ကာ လက်ဖက်စားဇွန်း တစ်ဝက်ခန့်တိုက်ပေးနိုင်ပါတယ်။တစ်နေ့ကို သုံးကြိမ်ခန့်တိုက်ကျွေးနိုင်ပါတယ်။ ငယ်လွန်းတဲ့ ကလေးဖြစ်ပါက လက်ဖက်စားဇွန်းနဲ့ ဇွန်းဖျားလေး ပမာဏသာတိုက်ကျွေးသင့်ပါတယ်။

- ကွမ်းရွက်အလွယ်မကူမရရင် ရေကျက်အေးကိုသာ ပါးစပ်ထဲသို့ချပေးခြင်းပြုလုပ်နိုင်ပါတယ်။အဖျားကြီးနေချိန်မှာ ရေဓာတ်မခမ်းခြောက်စေဖို့ သာ ဖြစ်ပါတယ်။

- မိမိတို့ကလေးကို မှိန်းနေခြင်းရှိ၊ မရှိကိုသာ အထူးဂရုပြုပေးရပါမယ်။

  • ကြွက်တက်ခြင်း

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ပူလွန်းတဲ့ကာလဖြစ်စေ၊အေးလွန်းတဲ့ကာလမှာဖြစ်စေ ဖြစ်ပွားနိုင်ပါတယ်။

▫️ကြွက်တက်ခြင်းရဲ့ လက္ခဏာတွေ

- အထူးသဖြင့် ခြေသလုံးကြွက်သားတွေမှာ အဖြစ်များခြင်း

- နာကျင်လွန်းသဖြင့် မျက်ရည်ပင်ကျခြင်း

အိမ်တွင်းကုထုံးအနေဖြင့်

- မကြာခဏကြွက်တက်သူတွေအနေနဲ့ မိမိမှာ ပိုတက်ဆီယမ်ဓာတ်နည်းနေခြင်း ရှိ၊ မရှိစစ်ဆေးမှု ခံယူသင့်ပါတယ်။

- ကြွက်တက်သူတွေ အနေနဲ့ ငှက်ပျောသီးဖီးကြမ်းကို တစ်နေ့လျှင် သုံးလုံးခန့်စားပေးနိုင်ပါတယ်။

- ရင်ကြပ်အခံရှိသူတွေ အနေနဲ့ ငှက်ပျောသီးကို အစိမ်းလိုက်မစားဘဲ မီးဖုတ်ပြီးမှစားပေးပါ။

- ကြွက်တက်သူအများစုကို မေးမြန်းကြည့်ရင် ရေသောက်နည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့်ကြွက်တတ်သူတွေအနေဖြင့် ရေကိုလုံလုံလောက်လောက် သောက်ပေးဖို့လိုပါတယ်။

- ပျားရည်တစ်ဇွန်း(ဟင်းစားဇွန်း)ကို ရေကျက်အေး တစ်ဖန်ခွက်စာ (ငါးကြင်းခွက်)နဲ့ ဖျော်ကာ သောက်ပေးနိုင်ပါတယ်။တစ်နေ့ကို နှစ်ကြိမ်ခန့်သောက်ပေးနိုင်ပါတယ်။

- ထန်းလျက်ပြုတ်ရည်မှာ ဆားအနည်းငယ်ထည့်ကာ သောက်ပေးခြင်းဖြင့်လည်း ရေဓာတ်ကိုပြန်လည် ဖြည့်ဆည်းပေးနိုင်ပါတယ်။

- ရေကျက်အေး တစ်လီတာမှာ သကြားလက်ဖက်စားဇွန်း(၈)ဇွန်း၊ ဆား လက်ဖက်စားဇွန်း(၁)ဇွန်းရောပြီး တိုက်ကျွေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်းမဖြစ်ဖို့ဘာတွေလုပ်ဆောင်သင့်ပါသလဲ

- မနက်အစောအိပ်ယာနိုးနိုးချင်း ရေတစ်ခွက်အပြည့်သောက်တဲ့အလေ့ကိုပြုလုပ်ပေးသင့်ပါတယ်။

- မိမိရဲ့အလုပ်ခွင်မှာလည်း ရေဘူးကိုအမြဲနီးနီးကပ်ကပ်ဆောင်ထားသင့်ပါတယ်။

- အစားမစားခင်အချိန်တိုင်းမှာလည်း ရေတစ်ခွက်သောက်ပေးသင့်ပါတယ်။

- အရွယ်ရောက်ပြီးသူလူတစ်ယောက်

အနေဖြင့် တစ်နေ့ကို ရေ(၂)လီတာမှ (၃)လီတာကြား သောက်ပေးသင့် ပါတယ်။

The Tanintharyi Times