အရှေ့မြို့ရိုးက မျှော်လင့်ချက်များသို့

အရှေ့မြို့ရိုးက မျှော်လင့်ချက်များသို့

ငယ်စဉ်ဘဝကို တစ်ပိုင်းတစ်စပြန်လည်ထင်ဟပ်စေနိုင်သည့် မြင်ကွင်းတစ်ချို့ကို ပြန်လည်ပုံဖော်စေနိုင်သည့် စာတစ်ပုဒ်ကို မှတ်မှတ်ရရ အင်တာနက်စာမျက်နှာပေါ်မှာ တွေ့လိုက်ရသည်။ ၉၀ ခုနှစ်ဖွား၊ ကျေးလက်အငွေ့အသက်တွေလွှမ်းခြုံသော မြို့ငယ်လေးတစ်ခုမှ လူတစ်ယောက်အတွက် လွမ်းရီမှုန်ငေး အဆွေးညများထဲ ပြန်ရောက်သွားသလို ခံစားချက်မျိုး။

မောင်ဗမာစက်ဘီး၊ မြင်းလှည်းသံတစ်ခွပ်ခွပ်နှင့် အနက်ရောင်မြွေကျောကုန်းလို ကတ္တရာလမ်းမများ။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနှင့် ကတ်ဆက်သံများ လွှမ်းခြုံနေသည့် လူငယ်သုခဘုံ။ “မင်္ဂလာပါ” စာကြည့်တိုက်က အပျိုကြီးမမ၏ ပါးပေါ်မှ သနပ်ခါးများ။

လူပျို‌ပေါက်စ အထက်တန်းကျောင်းသားဘဝတစ်လျှောက်တွင် အေအိုင်ဒီအက်စ်ရောဂါနှင့် မူးယစ်ဆေးဝါးကာကွယ်ရေး အထိမ်းအမှတ်ပြိုင်ပွဲများတွင် စာစီစာကုံးရေး၊ ဆရာမကျက်ခိုင်းတာကျက်ပြီး စာမေးပွဲဖြေ။ လမ်းထိပ်လက်ဖက်ရည်ဆိုင်သည် လူငယ်သဘာဝလေ့လာရေးသင်တန်းကျောင်း။ တာရာမင်းဝေစာအုပ်ကို သူငယ်ချင်းတွေအလှည့်ကျဖတ်။ “ရွှေဖိနပ်မှာအစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး” အကြောင်းကို တွေးကြ။ “ထိပ်ထားရေ” ဟု အစချီပြီး “မီးတောက်ရစ်သမ်” ကဗျာကိုနွှေးကြ။ တစ်ခြားအကြောင်းအရာများကိုမသိခင် နားမလည်သေးခင် လူငယ်ပေါက်စဘဝသည် ပျော်စရာအတိဖြစ်ခဲ့သည်။

ဂျီတီစီကျောင်းသားဘဝရောက်တော့ ပျော်စရာ၊ ရင်ခုန်စရာတွေကို သိမြင်ခံစားတတ်သလို၊ လူငယ်တွေကို ပိတ်လှောင်ထားသည့် လူငယ့်အနာဂါတ်များကို သူတို့ဖြစ်စေချင်သည့်ဘောင််အတွင်း ပုံသွင်းဖိနှိပ်ထားသည်များကို မြင်တွေ့လာသည်။

ကျောင်းသားအရေးအခင်း၊ တံတားနီဖြစ်စဉ်။ မုသားက ဖိနပ်စီး၍ ကမ္ဘာပတ်နေသော်လည်း အမှန်တရားက ဖြည်းဖြည်းနှေးနှေး သို့သော် အမှန်တရားသည် မတိမ်ကော။ ရက်စက်စွာနှိမ်နှင်းခံရသော ကျောင်းသားများနှင့် ပြည်သူ့အချစ်တော် လူထုခေါင်းဆောင်အကြောင်း တစ်စွန်းတစ်စ သိချင်စိတ်မှသည် လေ့လာခြင်းသည် အငမ်းမရ။

“ဝင်းရောင် ဝင်းရောင်” အော်သံပေးပြီးမောင်းလာသော အစိမ်းရောင် ကားတန်းများကိုတွေ့လျှင် စက်ဘီးကိုလမ်းဘေးချ၊ ခေါင်းလေးငုံ့ပြီးရပ်ရသည်က ယဉ်ကျေးမှု။ သနပ်ခါးအဖွေးသား၊ အုန်းဆီကိုရွှဲနေအောင်ထည့်ပြီး အဖြူအစိမ်းလေးတွေနှင့် “မင်္ဂလာပါ ဘဘကြီး” ဟု သံပြိုင်နှုတ်ဆက်ရသည်က မြန်မာနိုင်ငံ၏ ထုံးတမ်းဓလေ့။

အဖြူအမည်းတီဗွီမှာ သတင်းလာပြီးချိန်တွင် ရထားလမ်းဖောက်သော၊ မြစ်ကိုမြင်လျှင် တံတားဆင်သော စစ်သားကြီးများပုံကို အမြဲတမ်းတွေ့မြင်ရသည်။ အိမ်တံခါးဝသို့လည်း မကြာမကြာရောက်လာတတ်သည်။ ညစ်နွမ်းနွမ်းအစိမ်းရောင် အင်္ကျီအစုတ်၊ ချိုင်းထောက်တစ်ဖက်နှင့် မနိုင်မနင်းစာအုပ်များကို သယ်လာသော စစ်သားကြီး။ လူငယ်တစ်ယောက်၏ သနားဂရုဏာသည် စူးစမ်းလိုစိတ်အပြည့်နှင့်။

ဒေါင်းတံဆိပ်ရင်ထိုး၊ လည်ကတုံးအဖြူနှင့် ယောပုဆိုးကို အဘယ့်ကြောင့်ဝတ်ဆင်ခွင့် ပိတ်ပင်ရသနည်း။ အဘဗိုလ်ချုပ်ပုံလေးကိုမျှ သိပ်မတွေ့ရ။ မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့သော သူရဲကောင်းကြီးအကြောင်းကို ရဲရဲပြောဝံ့သူမရှိကြ။ နိုင်ငံပိုင်သတင်းစာနှင့် မီဒီယာများတွင်လည်း သိပ်မတွေ့ရ။

“တာရာမင်းဝေ” ၏ “ကျောင်းသားအတ္ထုပတ္တိ” ကဗျာကိုဖတ်မိသည်။ ကျောင်းသားငယ်လေးသည် ဒီမိုကရေစီတပ်ဦးအတွက် အသက်ပေးလှူသွားခဲ့လေပြီ။ ဒီအပိုဒ်မှာ မျက်ရည်ကဝေ့ခနဲ၊ လက်သီးကိုကျစ်ကျစ်ဆုပ် အံကိုကြိတ်
လျက်။ မြင်ကွင်းတွေ မြင်ယောင်လာမိသည်။

“စိန်စီသော မင်္ဂလာပွဲ”၊ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပဲပစ်တယ်” ဆိုသည့်စကား။ မိန်းမသားတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ရန် သူရဲကောင်းဆန်ဆန်လုပ်ရပ်များ။ လေ့လာခဲ့ရသည့် မြန်မာ့သမိုင်းတစ်လျှောက် နိုင်ငံရေးကလိမ်ကျမှုများ။

ပြည်သူများကို ပြုရိုးပြုစဉ်အတိုင်း၊ နောင်တော်ကြီးများ၏ ခြေရာအတိုင်း သမ္မတရူးက အာဏာထပ်သိမ်းပြန်သည်။ အရင်ခေတ်များလို ပြည်သူကိုခြိမ်းခြောက်သတ်ဖြတ် လက်ရဲဇက်ရဲလုပ်လိုက်လျှင် ငြိမ်သွားမည်ထင်သည်။ နဖာကလော်လောက်မှ ဇောက်မနက်သည့် အကြံပုပုလေးနှင့်။

ပြည်သူတွေက တစ်စက်မှလက်မခံ၊ မြို့နယ်ပြည်ရွာအလိုက် တွန်းလှန်ကြသည်။ အာဏာရှင်လက်အောက် နောက်တစ်ကြိမ်မကျရောက်လိုတော့။ နှစ်ပေါင်းများစွာ အာဏာရှင်လက်မှာ နေလာခဲ့ပြီးဖြစ်၍ ဤတစ်ကြိမ်ထပ်မရောက်လိုတော့။ ကျောင်းသားလူငယ်လေးတွေ အပြိုင်းအရိုင်းပေါ်ထွက်လာသည်။ ဒေါင်းအလံလွှင့်ထူသော ခြင်္သေ့ငယ်များ၊ သမိုင်းကိုသွေးဖြင့်ရေးမည့် စစ်မြင်းငယ်များ၊ ဒီလူငယ်တွေလက်မှာ အနာဂါတ်သည် လင်းချင်းတောက်ပ၊ တစ်လှမ်းချင်း လှလာလိမ့်မည်။

ဒီမိုကရေစီအစိုးရလက်ထက်မှာမှ “ပန်းခေတ်ကလမင်း” သည် နုယဉ်ပျိုမြစ် အသစ်သောချစ်ခြင်းများနှင့် ထွန်းလင်းကြွရွ လှပနေဦးမည်။ ဒီခေတ်ကို ရောက်ဖို့ သမိုင်းပေးတာဝန်အရ သေနတ်ကိုင်လို့ ခေတ်လမ်းကိုလျှောက်ခဲ့သည်။ ရောင်နီလည်းသန်းခဲ့ပြီ၊ အာရုဏ်လည်းမြင်ရနေပြီ။ ဒီတစ်ခါဆောင်းမနက်၏ မြင်ကွင်းသည် အရှေ့မြို့ရိုးတွင် မျှော်လင့်ချက်များနှင့်။

ဂျော့လင်းညို

The Tanintharyi Times