စစ်အုပ်စုက ဥပေက္ခာပြုခဲ့ပြီးနောက် အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးခရီး

စစ်အုပ်စုက ဥပေက္ခာပြုခဲ့ပြီးနောက် အာရက္ခတပ်တော်ရဲ့ တော်လှန်ရေးခရီး

AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့တွေကို တမြို့ပြီးတမြို့ သိမ်းပိုက်လာတာ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တခုလုံးနီးပါးကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။

AA (အေအေ) လို့ လူသိများတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရဲ့ နာမည်အရှည်ကောက်က Arakha Army (အာရက္ခတပ်တော်) ဖြစ်ပါတယ်။

AA ကို ၂၀၀၉ ခု ဧပြီလ ၁၀ ရက်နေ့က KIA (ကေအိုင်အေ) ဌာနချုပ်တည်ရှိရာကချင်ပြည်နယ်မြောက်ပိုင်း လိုင်ဇာမြို့မှာ တည်ထောင်ခဲ့ရာ အခုနှစ်ဆိုရင် ၁၅ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ သက်တမ်းအနုဆုံး အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

စတင်တည်ထောင်စဉ်က ရခိုင့်တပ်မတော်၊ တည်ထောင်ပြီး ၁၀ နှစ်ပြည့်တဲ့အခါ ရခိုင့်တပ်တော်၊ ၁၅ နှစ်ပြည့်တဲ့ ယခု ၂၀၂၄ ခုမှာ အာရက္ခတပ်တော်လို့ အမည်အသီးသီးပြောင်းခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ AA ကို ဓာတ်ခဲလို့လည်း အမည်ပြောင် ခေါ်ဆိုကြပါတယ်။

AA ကို ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် ယခုအခါ အင်အား ၃၀၀၀၀ နဲ့ အထက်ရှိတယ်လို့ မြန့်မာ့ဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ(ISP-Myanmar) က ခန့်မှန်းပါတယ်။ တိုင်းရင်းသားအရေးလေ့လာသူတွေကတော့ ၄၀၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

AA ရဲ့ ဦးဆောင်သူတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် (စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင် (ဒုတိယစစ်ဦးစီးချုပ်)တို့ ဖြစ်ပါတယ်။

AA ဟာ ရက္ခိုင်အမျိုးသားများအဖွဲ့ချုပ် (United Leage of Arakan-ULA ) ရဲ့ လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး ရက္ခိုင်အမျိုးသားများအဖွဲ့ချုပ်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဥက္ကဌ၊ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က အတွင်းရေးမှူးဖြစ်ပါတယ်။

AA ရဲ့ စစ်ရေးလေ့ကျင့်မှု၊ လက်နက်ပစ္စည်းနဲ့ အခြားဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် KIA (ကေအိုင်အေ)က အဓိက ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။

AA ကို တည်ထောင်ရခြင်းရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားရေး၊ ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ရခိုင်ကို ကွန်ဖယ်ဒရိတ်ပြည်နယ် ဖြစ်လာရေးတို့ပဲ ဖြစ်ပါတယ်။

  • လှုပ်ရှားနယ်မြေနဲ့ မဟာမိတ်အဖွဲ့

အဓိကအားဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ခြေကုပ်ယူလှုပ်ရှားပြီး ရခိုင်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မြန်မာနဲ့ အိန္ဒိယနယ်စပ်၊ မြန်မာနဲ့ ဘင်္ဂလားဒေရှ်နယ်စပ်နဲ့ရှမ်းပြည်နယ်တွေမှာပါ AA လှုပ်ရှားပါတယ်။

AA ရဲ့ မဟာမိတ်တွေကတော့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တို့ဖြစ်ပါတယ်။ အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ပူးပေါင်းထားတဲ့အဖွဲ့ကို မြန်မာပြည်မြောက်ပိုင်းမဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့လို့ ခေါ်ပါတယ်။

ဒါ့အပြင် AA ဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တို့နဲ့ လည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖွဲ့စည်းထားပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ မြောက် ၃ ကောင်လို့ ပြောဆိုသုံးနှုန်းကြတာလည်း တွေ့ရပါတယ်။

  • တော်လှန်ရေးခရီးရှည်

AA ဟာ ၂၀၁၅ ခုနှစ်က စတင်ကာ ပလက်ဝမြို့နယ်ဘက်ကတဆင့် ရခိုင်ပြည်နယ်အတွင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလာခဲ့ပြီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်တွေအထိ နယ်မြေတွေ ချဲ့ထွင်လာခဲ့နိုင်ပြီး မြန်မာစစ်တပ်နဲ့ AA တို့ အကြားတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေး ၄ လ ရပ်နားလိုက်ခဲ့ပေမယ့် ရခိုင်ပြည်နယ် မပါဝင်ခဲ့ပါဘူး။ ရခိုင်ပြည်နယ်ပါမလာခြင်းက မြန်မာစစ်တပ်ဟာ AA ကို ဆက်လက်တိုက်ခိုက်မယ်လို့ သဘောသက်ရောက်ခဲ့ပါတယ်။

၂၀၁၉ ခု ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)မှာ AA ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေရှိ နယ်ခြားစောင့်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ AA တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပြီး နှစ်ဖက်အကျအဆုံးများကာ အရပ်သားတွေ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

AA ဟာ သူထိန်းချုပ်ရာနယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကိုပါ စနစ်တကျ တည်ထောင် အုပ်ချုပ်ခဲ့ပါတယ်။ ဒါ့အပြင် နယ်မြေတွင်း အခွန်ကောက်ခံမှုကိုလည်းဆောင်ရွက်ပါတယ်။

၂၀၁၉ ခုအတွင်း အစိုးရနဲ့ AA တို့ဟာ အပစ်ခပ်ရပ်စဲရေးဆွေးနွေးခဲ့ကြပေမယ့် ရှမ်းပြည်မြောက်ပိုင်းကို မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် အစိုးရစစ်တပ်နဲ့ ပိုမိုတင်းမာခဲ့ကာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

၂၀၂၀ မတ်လမှာတော့ NLD ဦးဆောင်တဲ့ အစိုးရဟာ AA ကိုမတရားအသင်းအဖြစ်ရော အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ပါ သတ်မှတ် ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီး ရက် ၅၀ ခန့်အကြာ ၂၀၂၁ ခု မတ်လကုန်ပိုင်းမှာ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

AA ဟာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရလက်ထက်၂၀၁၅ ခုအတွင်း ချုပ်ဆိုခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးခဲ့ပါဘူး။ ဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ရခဲ့ပေမယ့် AA ဟာအဖွဲ့စည်းသက်တမ်း နုနယ်သေးတာ၊ အင်အားနည်းနေသေးတယ်လို့ အကြောင်းပြီး လက်နက်စွန့်လွှတ်မှ လက်မှတ်ထိုးခွင့်ရမယ်ဆိုတဲ့ အချက်ရယ်၊ တိုင်းရင်းသားအားလုံးပါဝင်မှ NCA ကို လက်မှတ်ထိုးမယ်ဆိုတဲ့ မူဝါဒရယ်တွေကြောင့် AA က NCA မှာ လက်မှတ်မထိုးခဲ့တာပါ။

၂၀၂၀ ခုမှာ ကျင်းပခဲ့တဲ့ စတုတ္တအကြိမ် ပင်လုံညီလာခံကိုလည်း AA ကို မဖိတ်ကြားခဲ့ပဲ NLD အစိုးရက ချန်လှပ်ထားခဲ့ပါသေးတယ်။ အဲ့အချိန်က AA ဟာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အချိန်ပါ။

၂၀၂၁ ခု၊ စစ်တပ်က အာဏာစသိမ်းတဲ့အခါမှာ AA ဟာ စစ်တပ်ကို တိုက်ရိုက်ဆန့်ကျင်တာမျိုးကို ရှောင်ရှားခဲ့ပြီး အင်အားတွေဖြည့်တင်းကာ ရခိုင်ဒေသ တည်ငြိမ်ရေးကို အလေးထားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့နဲ့ မဟာမိတ်ဖွဲ့တာကို AA ဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုမျိုးစစ်တပ်က အာဏာသိမ်းပြီးစမှာ ချက်ချင်းမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အထက်အညာဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ စစ်သင်တန်းပေးတာ၊ လိုအပ်တဲ့ လက်နက်ကူညီတာမျိုးရှိခဲ့တာကို သတင်းတွေကတဆင့် သိခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တနှစ်ကျော်အကြာ ၂၀၂၂ ခုမှာတော့ AA နဲ့ အာဏာသိမ်းစစ်တပ်တို့ဟာ တိုက်ပွဲထိတွေ့မှုတွေ စရှိလာပြီး တရားဝင်ရပ်စဲထားတာမျိုးမဟုတ်တဲ့ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။၂၀၂၃ ခု အောက်တိုဘာလအတွင်းစတင်ခဲ့တဲ့ ၁၀၂၇ အမည်ရ ရှမ်းပြည်မြောက်ပိုင်းတခွင် စစ်ဆင်ရေးမှာ AA ဟာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ အတူလက်တွဲပါဝင်ပြီး အာဏာသိမ်းမြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။

၂၀၂၄ ခု ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ကြား ဟိုင်ဂင်သဘောတူစာချုပ်ချုပ်ဆိုပြီး ရှမ်းမြောက်ပိုင်းမှာ ယာယီအပစ်ခတ်ရပ်ခဲ့ပါတယ်။

ဒါပေမယ့် AA နဲ့ စစ်တပ်တို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။

AA ဟာ စစ်ဆင်ရေးစတင်ခဲ့တဲ့ တနှစ်ပြည့်တဲ့ နိုဝင်ဘာလမှာ ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ သံတွဲတို့ကို ဆက်တိုက် သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စုစုပေါင်း AA ထိန်းချုပ်ထားနိုင်တဲ့ မြို့ ၁၁ မြို့ ရှိပါတယ်။ ဒါ့အပြင် AA ဟာ အမ်းနဲ့ မောင်တောတို့ရဲ့ နေရာတော်တော်များကို ထိန်းချုပ်ထားနိုင်ပြီး လုံးဝထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။

The Tanintharyi Times