မုံရွာ - အရာတော်လမ်းမှာစစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး
မုံရွာ - အရာတော်လမ်းမှာစစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး
မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ဟာ မုံရွာ - အရာတော်လမ်းမှာ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကနေ ထွက်လာတဲ့ ထပရ - ၉၂၉ နဲ့ တပ်မ ၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ ဂျန်ပါကား ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင် ကုန်ကား ၇ စီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးကာ ၇ ဦးကို အရှင်ဖမ်းဆီးရမိတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီရဲ့ အမြှောက်တပ် အမတ - ၅၀၈ က လက်နက်ကြီး ပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝစ်ဇာ ၄ လုံး ပစ်ခတ်ခဲ့သလို နမခမှ သံပြားကာ ၄ စီး တပ်ကူရောက်လာတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ အရာတော်မြို့နယ်၊ မုံရွာ - အရာတော်လမ်းမှာ ဖြစ်ပွားခဲ့ပြီး မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုနဲ့ မုံရွာခရိုင်တပ်ရင်း (၁၈၊ ၂၀၊ ၂၂၊ ၂၄၊ ၂၇) ၊ ဗျူဟာ ၆၆ (မုံရွာခရိုင်တပ်ရင်း - ၁၉၊ ၂၁၊ ၂၆) ၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ်က ပကဖ (တိုက်နယ် - ၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁) ၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ် - ၂)၊ Burma Liberation Democratic Front BLDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဆီကနေ G-3 (၂) လက်၊ MA-4 (၁) လက်၊ Uzi (၁) လက်၊ 5.56 မမကျည် (၄၁၉၀) တောင့်၊ G-3 ကျည် (၅၀၀၀) တောင့်၊ ၁၂၂ မမ ဟောင်ဝစ်ဇာ (၁၅) လုံး၊ ဒရုန်းဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး၊ ၇၃ မမ (RPG) ၂၀ လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ ဗုံးသီး (၃) လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jammer စက်ကြီး (၃) လုံး၊ Jammer စက်သေး (၂) လုံး၊ Uzi ကျည်အိမ် ၂ ခုနဲ့ ကျောပိုးလွတ်အိတ် ၆ လုံးတို့ကို သိမ်းဆည်းရမိကြောင်း အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times
