ရှေ့ခရီးသို့သာ…ချီ

ရှေ့ခရီးသို့သာ…ချီ

အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားလွန်းတဲ့ သူတွေကြား
ရွှေပြည်အေးတရားဟာ လောက်ကောင်တွေလို တဖွားဖွားတက်လာတယ်
မကောင်းမှု ဒုစရိုက်နဲ့ ဆင်းရဲဒုက္ခ အထွေထွေကို ဗိုလ်ဆွဲထားတဲ့ ဒီမြေ
မတရားမှုတွေ တင်းကျမ်းပြည့်နေတဲ့ ဒီမြေ
ဒီစစ်တလင်းမြေပေါ်မှာ ခြေချထားပြီး
မိစ္ဆာနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ တရားတော်ကို ဘယ်နှလုံးသားနဲ့ ဟောကြားရက်သလဲ။

ခြံစည်းရိုးထက်မှာ ပွင့်နေတဲ့ ကိုယ်လက်အင်္ဂါပန်းတွေ
ဦးခေါင်းတွေထက် ပွင့်နေတဲ့ ကျည်ဆံပန်းတွေ
ကျောင်းစာအုပ်ပေါ်မှာ ပွင့်နေတဲ့ သွေးစက်နှင်းဆီတွေ
ဒီလို ငရဲပန်းမျိုး ဆက်ပန်ချင်လို့များ
ဗြဟ္မစိုရ်တရားကို နေရာမှား စိုက်ပျိုးနေကြတာလား။

ပြစ်မှုနဲ့ပြစ်ဒဏ်ဆိုတာ ထာဝရဒွန်တွဲနေရမယ့်တရား
အရိုးတွေဟာ တွန်ရုံမကလို့
ဘဝဂ်ညံအောင် ဟစ်အော်ငိုကြွေးနေကြ
အသက်ခန္ဓာနဲ့ ဖြန့်ခင်းထားရတဲ့ ဒီခရီးကြမ်း
စကားတစ်ခွန်း စာရွက်တစ်ရွက် မင်တစ်စက်နဲ့
ဖျက်ပစ်လို့ရမယ်များ ထင်နေသလား။

အဖျက်ဆူးကြမ်းတွေ ဘယ်လိုကာထားကာထား
ရွှေပြည်အေးတရားတွေ ဘယ်လိုဟောကြားဟောကြား
အရှေ့ရောင်နီဦးဆီ မျှော်ရည်လို့
ဆောင်းလေအဝှေ့မှာ တော်လှန်ပန်းတွေ စွေးစွေးပွင့်ရင်း
နွေဦးပန်းတိုင်မှာ အောင်သပြေကမ်းနိုင်ဖို့
ရှေ့ခရီးသို့သာ ချီတက်ကြပါစို့။ ။

ငြိမ်းပန်

The Tanintharyi Times