ရောင်နီဦးမှာ ဖူးပွင့်ပါစေ
ရောင်နီဦးမှာ ဖူးပွင့်ပါစေ
တစ်စုံတစ်ခုကို ထွေးအန်ချတော့မလိုနဲ့
တစ်စုံတစ်ရာကို ပြန်မြိုချလိုက်ပြန်တယ်
အမုန်းနဲ့ မေတ္တာ
ဒီစည်းနှစ်ခုကြားက စိတ်အစဉ်ဟာ လူးလာခေါက်တုံ့
ဆွံ့အ,ကြေကွဲရတဲ့ နေ့ရက်တွေ…။
သတ်တယ် သေတယ်
သေတယ် သတ်တယ်
ပိတ်ကားပေါ်မဟုတ်တဲ့
ပကတိအရှိတရားရဲ့ နာကျင်ခြင်းကို
ဘယ်လိုစကားလုံးနဲ့ ပုံဖော်ရမှာပါလိမ့်…။
မီးတောက်မီးလျှံကြားက
ညှော်နံ့သင်းတဲ့ စစ်သလင်းပြင်မှာ
ကျည်ဆံတွေနဲ့ တူတူပုန်းတမ်း ကစားကြရ
အသက်နဲ့ထပ်ထားရတဲ့ လောင်းကြေးတွေ…။
အမှန်တရားဟာ ခါးလှပေမယ့်
ဆေးဖက်ဝင်တော့လည်း ရဲရဲသာမြိုချလိုက်တယ်
မိစ္ဆာတွေအတွက် ငါ့ဓါးဟာ ငါ့အမုန်းတရားပဲ
ချစ်ခြင်းမေတ္တာကိုတော့ အမှန်တရားတွေ ပွင့်အာလာဖို့
အဆုံးအစမဲ့ ကြဲပက်လိုက်တယ်
တရားမျှတခြင်း ရောင်နီဦးမှာ
ရာသီအလီလီ ဖူးပွင့်ကြပါစေ။ ။
ငြိမ်းပန်
The Tanintharyi Times
